ရန်ကုန်မျက်မမြင်သင်တန်းကျောင်း (ခဝဲခြံ)တွင် ပညာသင်ကြားနေသော မျက်မမြင် ကျောင်းသူ၊ ကျောင်းသားများအား အသက် (၂၁)နှစ်ထိ ထောက်ပံ့ပေးရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တိုက်တွန်းလိုက်သည်။
အဆိုပါကျောင်းတွင် အသက် ၁၈ နှစ်အောက် ကျောင်းသူ၊ ကျောင်းသား ၁၁၃ ဦးနှင့် ၁၈ နှစ်အထက် ၃၉ ဦး၊ စုစုပေါင်း ၁၅၂ ဦး ပညာသင်ကြားလျက်ရှိသည်။ အဆိုပါ ကျောင်းသူ၊ ကျောင်းသားများအား အစိုးရက ထောက်ပံ့ပေးလျက်ရှိရာ ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် တစ်ဦးလျှင် ကျပ် ၇၉,၀၀၀ ရရှိခဲ့ကြသည်။
သို့သော် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင်မူ ၁၈ နှစ်အထက် ကျောင်းသူ၊ ကျောင်းသားများသည် အစိုးရထံမှ ထောက်ပံ့ပေးရရှိတော့မည်မဟုတ်ဟု ကြားသိရကြောင်း မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက စက်တင်ဘာ ၁၃ ရက်နေ့တွင် လွှတ်တော်၌ ပြောကြားသည်။
“အမြင်အာရုံ ဆုံးရှုံးနေတဲ့ကြားက ဘဝကို အရှုံးမပေးပဲ ကြိုးစားကြလို့ ပုံမှန်လှုပ်ရှား သွားလာသူများတောင် အောင်မြင်ဖို့ခက်ခဲသော တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ကြသူတွေ၊ ဂုဏ်ထူးထွက်ကြသူတွေလည်း နှစ်စဉ်ရှိပါတယ်ဟု” ၎င်းကပြောကြားသည်။
“အဲဒီကလေးတွေဟာ တက္ကသိုလ်ပညာသင်ကြားရာမှာ အများသူငါလို လှုပ်ရှားသွားလာနိုင်တဲ့သူ မဟုတ်တဲ့အတွက် ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ရပါတယ်။ အဲဒီအတွက် အနည်းဆုံး ၂၀၊ ၂၁ အရွယ်များတွင်သာ ဘွဲ့ရကြပါတယ်” ဟုလည်း ဦးရန်ရှင်းက ဆက်လက်ပြောကြားသည်။
အဆိုပါကျောင်းတွင် လာရောက်မှီခိုကာ ပညာသင်ယူနေကြသည့် ကျောင်းသူ၊ ကျောင်းသားများသည် နယ်စပ်တောင်တန်းဒေသများမှ တိုင်းရင်းသားအများစုဖြစ်ကာ မိသားစုများကလည်း ငွေကြေးများများစားစား ထောက်ပံ့နိုင်ခြင်းမရှိဟု သိရသည်။
“ယခုအခါမှာ ၁၈ နှစ်အထက်များကို ငွေကြေးမပေးနိုင်တော့ဘူး။ ထောက်ပံ့ဖို့ အစီအစဉ်မရှိတော့ဘူးလို့ သိရတဲ့အတွက် သူတို့ခမျှာများစွာအခက်အခဲကြုံပြီး အားငယ်လျှက်ရှိကြပါတယ်” ဟု ဦးရန်ရှင်းက ပြောကြားသည်။
“ထိုကျောင်းများအနေဖြင့် အလှူရှင်တွေပေါ်မှာ များစွာမှီခိုနေရပါသည်” ဟု ၎င်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဝန်ကြီး ဦးနိုင်ငံလင်းကမူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် မသန်စွမ်း အသင်းအဖွဲ့ကျောင်းများကို ကူညီထောက်ပံ့ပေးနေရာတွင် အသက် ၁၈ နှစ်အောက်များကိုသာ ကူညီထောက်ပံ့ပေးသော်လည်း အသက် ၁၈ နှစ်အထက်များတွင် ထောက်ပံ့မှုလိုအပ်နေပါက ထောက်ပံ့ပေးနေသည်ဟု ပြောကြားသည်။
ရန်ကုန်တိုင်းအစိုးရက ထိုသို့အဖွဲ့အစည်းများကို ထောက်ပံ့ရာ၌ လူ ၅၀ အောက်ရှိပါက ၁၀၀ ရာခိုင်နှုန်း ထောက်ပံ့ပေးပြီး ၃၀၀ အထက်ရှိပါက ၂၅ ရာခိုင်နှုန်း စသည်ဖြင့် အဆင့်ဆင့် ထောက်ပံ့ပေးနေသည်ဟု ၎င်းကပြေကြားသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း မျက်မမြင်သင်တန်းကျောင်း (ခဝဲခြံ) အတွက် ကျပ် ၈ ဒသမ ၆ သန်းကို ထောက်ပံ့ထားသည်ဟု ဦးနိုင်ငံလင်းက ပြောကြားသည်။
သတင်း-ဆုမြတ်မွန်