မော်လမြိုင်မြို့ ရေပေးဝေရေးစီမံကိန်းဝန်းကျင်တစ်ဝိုက်ကို ယခုလတွင် မြင်တွေ့ရစဉ်။ (နော်ဘတ်တီဟန် | ဖရွန်းတီးယားမြန်မာ)

မော်လမြိုင် ရေသန့်ဖြန့်ဝေရေးစီမံကိန်း၂၀၂၂တွင် ပြီးစီးမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ရေသန့်ဖြန့်ဝေပေးနိုင်မည့် စီမံကိန်းတစ်ရပ်ကို ၂၀၁၉ ကတည်းက စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂၀၂၂ တွင် ရေဖြန့်ဝေရေးလုပ်ငန်းကို အပြီးသတ်လုပ်ဆောင်နိုင်မည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးကပြောသည်။

အဆိုပါစီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ချေးငွေနှင့် မွန်ပြည်နယ်အစိုးရ အသုံးစရိတ်ဘဏ္ဍာငွေတို့မှ ကျခံ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၉၊ စက်တင်ဘာကတည်းက ပြည်နယ်လွှတ်တော်တွင်အတည်ပြုခဲ့သည့် စီမံကိန်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အေဒီဘီ ချေးငွေက အားလုံး ငွေကျပ် ၁၄ဘီလျံ ရှိမယ်ထင်တယ်။ ခေါင်းစဉ်လေးခုနဲ့ လုပ်တယ်။ ရေဖြန့်ဝေရေး၊ အမှိုက်ကနေ ‘recycle’ လုပ်တာတွေ၊ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦးတွေ ထိန်းသိမ်းတာတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ပေါ့။ ဆိုတော့ ရေပေးဝေရေးစီမံကိန်းအတွက် ချေးငွေရော၊ ပြည်နယ်ဘက်ဂျက်ရော သုံးထားတယ်။ မနှစ်က လွှတ်တော်မှာအတည်ပြုတယ်။ တင်ဒါခေါ်ပြီး လုပ်ငန်းစတင်နေပြီ။ ၇၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီ။ အခုက ပိုက်တွေစသွယ်နေပြီ” ဟု ၎င်းက ပြောသည်။

ပြည်နယ်အစိုးရ၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ၇၀၀ကိုလည်း အဆိုပါ ရေဖြန့်ဝေရေး စီမံကိန်းတွင် ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အခုက ရေသန့်တာ၊ ရေလှောင်တာတွေနဲ့ ပိုက်သွယ်တဲ့လုပ်ငန်းတွေနဲ့ပတ်သတ်တာတွေ စလုပ်နေတယ်။ နောက်ဆက်တွဲ ရေဖြန့်ဝေဖို့အတွက်၊ ရပ်ကွက်ဘယ်နှစ်ခုကို ဘယ်လိုမျိုးဖြန့်မယ်ဆိုတာမျိုးတွေ အဆင့်အဆင့် ဆက်လုပ်သွားမှာဖြစ်ပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

မွန်ပြည်နယ်ဖွံ့ဖြိုးရေးကော်မတီမှတ်တမ်းများအရ အတ္ထရံမြစ်မှ ရေဂါလန်ပေါင်း ကိုးသိန်းခန့်ကို မော်လမြိုင်မြို့ရှိ ရပ်ကွက်၁၄ခုသို့ နေ့စဉ်ထောက်ပံ့နေရပြီး နွေရာသီတွင် ရေရှားပါးမှု ပြဿနာများ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည်။

ယခုအကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းသည် မော်လမြိုင်မြို့ရှိ ရွှေနတ်တော်ဆည်နှင့် ကင်ပွန်းခြုံဆည်တို့ကို အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။ အဆိုပါဆည်နှစ်ခုတွင် ရေသန့်စင်စက်များတပ်ဆင်ထားပြီး၊ ရေသိုလှောင်ကန်များကို တိုးချဲ့ထား၍ စီမံကိန်းပြီးစီးပါက နေ့စဉ်သောက်သုံးရေ ဂါလန် ၆ဒသမ၅သန်း ဖြန့်ဝေပေးနိုင်မည်ဖြစ်သည်။

မွန်ပြည်နယ်သည် ရေရှားပါးမှုပြဿနာကို နှစ်စဉ်ကြုံတွေ့နေရပြီး ၂၀၁၉က အဆိုးဝါးဆုံးဖြစ်ခဲ့သည်။ ယခုနှစ် မေလက မော်လမြိုင်ကို ဒိုင်ခံရေဖြန့်ဖြူးပေးနေသည့် အဆိုပါဆည်နှစ်ခုတို့တွင် ရေခန်းခြောက်ခဲ့ပြီး စည်ပင်သာယာရေးကော်မတီက ရေသုံးစွဲမှုနှင့်ပတ်သက်၍ အများပြည်သူကို သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.