နေပြည်တော်၊ ဇူလိုင် ၂၀
မောင်းပြန်သေနတ်အလက် ၂၀ ကျော်နှင့် ဖောက်ခွဲရေးပစ္စည်းအမြောက်အများအား ဖမ်းဆီးရမိခဲ့မှုနှင့် ပတ်သက်ပြီး ကွင်းဆက်တရားခံများနှင့် ဆက်စပ်တရားခံများအား ဆက်လက်စုံစမ်းဖော်ထုတ်နေသည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
မော်တော်ယာဉ်တစ်စီးပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် HK-33 မောင်းပြန်ရိုင်ဖယ် ၂၀ လက် (ကျည်အိမ်ပါ)နှင့် AK-47 မောင်းပြန်ရိုင်ဖယ် နှစ်လက် (ကျည်အိမ်မပါ)တို့ကို ဇူလိုင် ၁၉ ရက်နေ့ ည ၁၀ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံတိုးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါလက်နက်များကို ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင်လာခြင်းဖြစ်ကာ ယခုအကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် တစ်ကြိမ်နှင့် ဧပြီလတွင် တစ်ကြိမ်စီ သယ်ယူခဲ့ပြီးဖြစ်သည်။
သေနတ်များအား ကားပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကိုလည်း ဖမ်းဆီးခဲ့သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့နှစ်ဦးကို ဆက်လက်စစ်ဆေးမှုအရ သေနတ်များအား သယ်ဆောင်ပေးရန် ကျပ် ၁၅ သိန်းပေးကာ စေခိုင်းသည်ဆိုသူ အမျိုးသားတစ်ဦးကိုလည်း မန္တလေးမြို့တွင် ယနေ့ နံနက်ပိုင်းက ဆက်လက်ဖမ်းဆီးရမိခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။
သေနတ်များအား သယ်ဆောင်လာသည့် အမျိုးသား၏ လွိုင်ကော်မြို့မှ နေအိမ်အား ဆက်လက် ရှာဖွေရာတွင်လည်း ဒီတိုနေတာ တစ်ထုပ်လျှင် ၅၀၀ ခုပါ ၂၆ ထုပ်၊ ယမ်းစိမ်း တစ်ထုပ်လျှင် ၉၀ ကျပ်သားပါ ၆၀ ထုပ်နှင့် ငွေသား ကျပ် ၁၄၀ သိန်းတို့ကို ဆက်လက် သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လက်နက်များအား တရားမဝင်သယ်ဆောင်သူသုံးဦးကို သာစည်မြို့ရဲစခန်းမှ အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ကွင်းဆက်တရားခံများနှင့် ဆက်စပ်တရားခံများအား ဆက်လက်၍ စုံစမ်းဖော်ထုတ်လျက်ရှိသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။