မောင်တော၌ အစုလိုက်မြှုပ်နှံထားသည့် အမျိုးသား ရုပ်အလောင်း ၁၇ လောင်း ထပ်မံ တွေ့ရှိ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အစုလိုက်မြှုပ်နှံထားသည့် ရုပ်အလောင်း ၁၇ လောင်းကို စက်တင်ဘာ ၂၅ ရက်နေ့က ထပ်မံတွေ့ရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

မောင်တောမြို့နယ်၊ ရဲဘော်ကျကျေးရွာအနီးတွင် မြေကျင်းနှစ်ခုအတွင်း အစုလိုက်မြှုပ်နှံထားသည့် ရုပ်အလောင်း ၂၈ လောင်းအား စက်တင်ဘာ ၂၄ ရက်နေ့က တွေ့ရှိခဲ့ပြီးနောက် ထပ်မံရှာဖွေစဉ် တွေ့ရှိခြင်းဖြစ်သည်။

ကျင်းနှစ်ကျင်းအတွင်း တွေ့ရှိခဲ့သည့် ရုပ်အလောင်း ၁၇ လောင်းမှာ အမျိုးသားရုပ်အလောင်းများ ဖြစ်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ယနေ့ထပ်မံတူးဖော်ရရှိခဲ့သည့် ရုပ်အလောင်းများသည် ရဲဘော်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင်များဖြစ်ကြောင်း ပူးပေါင်းရှာဖွေရေး ဆောင်ရွက်ခဲ့ကြသော မောင်တောမြို့နယ်၊ ကြိမ်ချောင်းအလယ်ရွာနေ ဦးရှိမော်တော်၊ သမန်းကျေးရွာနေ ဦးဖြမ်ဟော်ရီတို့နှင့် ဟိန္ဒူဘာသာဝင်အချို့၏ အတည်ပြုပြောကြားချက်များအရ သိရှိရသည်” ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရုပ်အလောင်းများအား ရှာဖွေရာတွင် ပါဝင်ခဲ့သူ ဟိန္ဒူခေါင်းဆောင် ဦးနီမူးက ကျင်းနှစ်ခုအတွင်း မြှုပ်နှံထားသည့် ရုပ်အလောင်းများမှာ အသက် ၃၀ မှ ၅၀ ကြားရှိ အမျိုးသားများ၏ ရုပ်အလောင်းများ ဖြစ်ကြသည်ဟု အေအက်ဖ်ပီကို ပြောကြားသည်။

“ကျွန်တော်တို့ ရဲတွေ၊ စစ်သားတွေနဲ့အတူ ပူးပေါင်းပြီး ရှာဖွေနေတယ်။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက လူ ၁၀၀ ကျော်လောက် အသတ်ခံခဲ့ရတယ်လို့ ထင်တယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။

သြဂုတ် ၂၅ ရက်နေ့တွင် ၎င်းတို့နေထိုင်ရာသို့ စစ်သွေးကြွများ ရောက်ရှိလာပြီး အများအပြားကို သတ်ဖြတ်ကာ အချို့ကို တောတွင်းသို့ ခေါ်ဆောင်သွားကြသည်ဟု ခမောင်းဆိပ်ဟုလည်း သိထားကြသည့် အဆိုပါဒေသမှ ထွက်ပြေးလာသည့် ဟိန္ဒူများက အေအက်ဖ်ပီကို ပြောကြားသည်။

ရုပ်အလောင်းများ တွေ့ရှိခဲ့သည့် ရဲဘော်ကျနှင့် အခြားရွာတစ်ခုဖြစ်သည့် တောင်ရွာမှ ကျေးရွာသားများက ပျောက်ဆုံးနေသည့် လူ ၁၀၂ ဦး၏ အမည်စာရင်းကို အေအက်ဖ်ပီအား ပြသခဲ့သည်။ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသည့် ၎င်းတို့၏ ဆွေမျိုးများက အဆိုပါ ပျောက်ဆုံးနေသူများမှာ သေဆုံးသွားဖွယ်ရှိသည်ဟု စိုးရိမ်နေကြသည်။

ထွက်ပြေးလာကြသည့် ဟိန္ဒူများ၏ ပြောကြားချက်အရ အမျိုးသမီးအချို့ကိုလည်း စစ်သွေးကြွများက ဖမ်းဆီးသွားသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

တွေ့ရှိထားသည့် ရုပ်အလောင်းများမှာ ARSA တို့က အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Arakan Rohingya Salvation Army (ARSA) ဟု ၎င်းတို့ကိုယ်၎င်း အမည်ပေးထားသည့် စစ်သွေးကြွများက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲစခန်းပေါင်း ၃၀ ခန့်ကို သြဂုတ် ၂၅ ရက်နေ့တွင် တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်း ၁၀ ဦးကျော် သေဆုံးခဲ့ရသည်။

အဆိုပါတိုက်ခိုက်မှုကို တုန့်ပြန်သည့်အနေဖြင့် ARSA အဖွဲ့ဝင်များအား လိုက်လံရှာဖွေသည့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကို တပ်မတော်က ဆောင်ရွက်ခဲ့ရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မူဆလင် ကျေးရွာများအား မီးရှို့မှုများ ကျူးလွန်ခဲ့သည့်ဟု စွပ်စွဲမှုများ ပေါ်ထွက်ခဲ့သည်။

စစ်ဆင်ရေးများ စတင်ချိန်က စတင်ကာ ရိုဟင်ဂျာ ၄၃၀,၀၀၀ ခန့် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးဝင်ရောက်လာခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်ကြသည့် ရခိုင်လူမျိုးများနှင့် ဟိန္ဒူဘာသာဝင်များမှာလည်း အိုးအိမ်များ စွန့်ခွာထွက်ပြေးပြီး စစ်တွေနှင့် မောင်တောတွင် ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြရသည်။

စစ်တွေရှိ ဘောလုံးကွင်းအတွင်း ဖွင့်လှစ်ထားသည့် ယာယီစခန်းတွင် နေထိုင်နေရသည့် ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်သူ ကျော်ကျော်နိုင်က “ကျွန်တော်တော့ ရွာကို မပြန်ရဲတော့ဘူး” ဟု အေအက်ဖ်ပီကို ပြောကြားသည်။

“ရုပ်အလောင်းတွေထဲမှာ ကျွန်တော်တို့စခန်းက လူဘယ်နှစ်ယောက်ရဲ့ဆွေမျိုးတွေ ပါနေမလဲဆိုတာ ကျွန်တော်တို့ အခုထိ မသိရသေးဘူး” ဟုလည်း အသက် ၃၄ နှစ်အရွယ် ၎င်းကပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar