နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ဖားကန့်မှ ရေမဆေးကျောက်ရှာဖွေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ- မင်းဇေယျာ
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မူးယစ်ဆေး ရောင်းချသူတစ်ဦးတည်းက ပေးသွင်းရသည့် လိုင်းကြေးမှာ တစ်နေ့လ ျှင် ကျပ်သိန်း ၁၀၀ ကျော်ရှိနေသဖြင့် လိုင်းကြေးယူနေသည့် အာဏာပိုင်များကို အရေးယူပေးရန်ဖားကန့်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြည်သူ့လွှတ်တော်တွင် ယနေ့ ပြောကြားသည်။
မူးယစ်ဆေးရောင်းသူတစ်ဦးတည်းက ၅၈ ရက်အတွင်း ဒေသအာဏာပိုင်များထံ လိုင်းကြေးပေးဆောင်ရသည့် ပမာဏမှာ ကျပ်သိန်း ၅,၆၈၀ ကျော်ရှိရာ ထိုသူတစ်ဦးတည်းက လိုင်းကြေး ပေးသွင်းရသည့်ငွေမှာ ကျပ် သိန်း ၁၀၀ ကျော်ဖြစ်နေသည်ဟုလည်း ဦးတင်စိုးက ပြောသည်။
“၁- ၇- ၂၀၁၅ မှာ ဒေသခံ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (ပတ်ဂျာဆန်- Pat Jasan) က ဖမ်းဆီးလိုက်တဲ့ ဖားကန့်က မူးယစ်ဆေးရောင်းသူတစ်ဦးရဲ့ ပြောပြချက်အရ ဒေသခံ သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့တွေကို ပေးရတဲ့ လိုင်းကြေးက ၅၈ ရက်အတွင်းမှာ ကျပ်သိန်း ၅,၆၈၀ နဲ့ ငါးသောင်းတိတိ ရှိတယ်လို့ သိရတယ်။ သူတစ်ဦးတည်းတင် တစ်ရက်ကို သိန်း ၁၀၀ ခန့် လိုင်းကြေးပေးရတယ်။ ဒါကြောင့် မူးယစ်ဆေးတွေကို ပါမစ်ရထားသလို ဈေးတန်းတွေနဲ့ ရောင်းနေကြတယ်။ သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့တွေရဲ့ အဂတိ လိုက်စားမှုကို အရေးယူသင့်ပါတယ်” ဟု ၎င်းက တင်ပြခဲ့သည်။
ကျောက်စိမ်းအများအပြားထွက်ရှိရာ ဖားကန့်ဒေသတွင် မူးယစ်ဆေးဝါးများကို ခွင့်ပြုချက် ရရှိထားသကဲ့သို့ ဈေးတန်းခင်း ရောင်းချနေပြီး ရေမဆေးကျောက် ရှာဖွေသူ လုပ်သား ၈၀,၀၀၀ ခန့်မှာလည်း ဆေးစွဲနေသည်ဟု ၎င်းကပြောသည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးလဂန်ဇယ်ဂျုံးက ဖေဖော်ဝါရီ ၂၄ ရက်နေ့က အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့သည့် “မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေးတွင် ပြည်သူလူထု ပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံရန်နှင့် ဟန့်တား နှောင့်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ်ရန်အပြင် ထိရောက်သော ကူညီ ပံ့ပိုးမှုများကို အမြန်ဆုံး ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ယနေ့ ပြည်သူ လွှတ်တော်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် သုံးဦးအပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးတို့က ဆွေးနွေးကြစဉ် ဦးတင်စိုးက ပါဝင်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
သတင်း- စိုးသန်းလင်း