မူဆယ်က ပြည်သူ့စစ်များ

မူဆယ်မြို့နယ်ထဲရှိ လက်နက်ကိုင် ပြည်သူစစ်အားလုံးမဟုတ်သော်လည်း အချို့ကမူ လောင်းကစားဝိုင်းများနှင့် ပြည့်တန်ဆာအိမ်များဖွင့်၍ တရားမဝင် စီးပွားရှာနေကြသည်။

ကျော်လင်းထွန်း ရေးသားသည်။

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ ခြံကြီးတစ်ခု၏အဝင်တွင် “အရှေ့မြောက်ပိုင်း စစ်ဋ္ဌာနချုပ်၊ ပန်ဆေးပြည်သူ့စစ်” ဟူသော ဆိုင်းဘုတ်ကြီးကို တွေ့မြင်ရသည်။

ဆိုင်းဘုတ်ကြီးအောက်တွင် တရုတ်စကားဖြင့် ပြောနေကြသော အပြာမယ်လေးများက ဂိတ်ပေါက်ဝမှ ထွက်လာသည်။ သူတို့နှစ်ဦးလုံးက အသက် ၁၆ နှစ်ခန့်သာ ရှိကြသေးသည်ဟု ဆိုသည်။ တခဏတာ ပျော်ပါးရန် သူတို့၏ကမ်းလှမ်းချက်ကို Frontier သတင်းထောက်ဖြစ်သည့် ကျွန်တော် ငှားလာသော ဆိုင်ကယ်တက္ကစီဒရိုင်ဘာက တရုတ်ဘာသာဖြင့် ယဉ်ကျေးစွာ ငြင်းလိုက်သည်။

အထဲတွင်မူ ခမ်းနားသော ကာစီနိုလောင်းကစားဝိုင်းကြီးကို တွေ့ရလေသည်။ ဖဲရိုက်နေသူများ၊ အန်စာတုံးကစားသူများ၊ အီလက်ထရောနစ် ကစားဝိုင်း၊ ပြည့်တန်ဆာများနှင့် မူးယစ်ဆေးများ အလုံးစုံရရှိနိုင်သည့်နေရာဖြစ်သည်။

တရုတ်နယ်စပ်နှင့်ကပ်နေသော ခြံကြီးထဲတွင် စီးကရက်စက်ရုံတစ်ခုနှင့် ပန်ဆေးပြည်သူ့စစ်တပ်မှ အဆင့်မြင့်အရာရှိကြီးများ၏ အိမ်ကြီးများကို တွေ့မြင်နေရသည်။

စက်ရုံတွင် အလုပ်လာလျှောက်နေသူများကိုလည်း တွေ့ခဲ့ရသည်။ ထို့ကြောင့်ပင် Frontier သတင်းထောက်နှင့် ဆိုင်ကယ်တက္ကစီသမားတို့မှာ ခြံဝင်းထဲသို့ အခက်အခဲမရှိ ဝင်နိုင်ခဲ့ကြခြင်းဖြစ်သည်။ ခြံဝတွင် ပြည်သူ့စစ်တစ်ဦးကိုသာ တွေ့ရပြီး သူကလည်း အမေးအမြန်း တစ်စုံတစ်ရာမရှိဘဲ ကျွန်တော်တို့ကို တံခါးဖွင့် ဝင်ခွင့်ပေးခဲ့သည်။

မူဆယ်မြို့တွင်းနှင့် အနီးတဝိုက်တွင် ဤကဲ့သို့သော ခြံဝန်းကြီးမျိုး များစွာရှိသည်။ လောင်းကစား၊ မူးယစ်ဆေး၊ လိင်လုပ်ငန်းတို့ကို ပွင့်ပွင့်လင်းလင်း လုပ်ကိုင်နေသော ခြံကြီးများဖြစ်သည်။ တစ်ချို့ခြံကြီးများမှာ မြန်မာ- တရုတ် တရားဝင်နယ်စပ်ဂိတ် သုံးခု၏ အနီးတွင်ပင် ကပ်လျက်တည်ရှိနေသည်။

မူဆယ်ရှိ တပ်မတော်လက်အောက်ခံ ပြည်သူ့စစ်အချို့မှာ လောင်းကစား၊ ပြည့်တန်ဆာနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြသည်။ ဓာတ်ပုံ-ကျော်လင်းထွန်း

မူဆယ်ရှိ တပ်မတော်လက်အောက်ခံ ပြည်သူ့စစ်အချို့မှာ လောင်းကစား၊ ပြည့်တန်ဆာနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြသည်။ ဓာတ်ပုံ-ကျော်လင်းထွန်း

မန်ဝိန်းနယ်စပ်ဂိတ်အနီးရှိ ဘတ်စ်ကားဂိတ်တွင် ဈေးလေးတစ်ခုရှိပြီ ထိုဈေးတွင် လောင်းကစားရုံနှင့် ပြည့်တန်ဆာခန်းများ ရှိနေသည်။ ၎င်းတို့ကို ပြည်သူ့စစ်များက စောင့်ကြပ်ပေးနေကြသည်။ ဆင်ဖြူ နယ်စပ်ဂိတ်အနီးတွင်လည်း လောင်းကစားရုံကြီးတစ်ခု ရှိသည်။ အားကစားရုံ အသေးစားတစ်ခုနှင့်ပင် တူနေသည်။ လောင်းကစားရုံကြီးကို ၂၄ နာရီ ဖွင့်လှစ်ထားပြီး သေနတ်ကိုင်၊ ဓားကိုင်၊ နံပါတ်တုတ်ကိုင် ပြည်သူ့စစ်များက စောင့်ကြပ်ပေးထားသည်။ ရုံအတွင်း ကင်မရာ ယူခွင့်မပြုသလို လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်ခြင်းကိုလည်း တားမြစ်ထားသည်။ လောင်းကစားနေကြသူအချို့မှာ မူးယစ်ဆေး သုံးစွဲထားကြပုံပေါ်နေသည်။

မူဆယ်မြို့မြောက်ဘက်တွင် ပြည်သူ့စစ်အဖွဲ့များက ထူထောင်ထားသည့် ပို့ဆောင်ရေးကုမ္ပဏီပိုင် ကုန်တင်ကားများရပ်နားရာ ကားဝန်းကြီး တည်ရှိသည်။ ထိုကားဝန်းနှင့် ကပ်လျက်ရှိသော နေရာမှာ မူဆယ်တွင် မူးယစ်ဆေးဝါးများကို ဈေးအချိုဆုံးဖြင့် ရနိုင်သောနေရာဟု နာမည်ကျော်သော နေရာဖြစ်သည်။

ပြီးခဲ့သည့် မေလအတွင်းက မူဆယ်အပြင်ဘက်ကပ်လျက်ရှိသော ပန်ခမ်းတံတားအနီးရှိ လုံခြုံရေးကင်းစခန်းများကို TNLA လက်နက်ကိုင်အုပ်စုက နံနက်လင်းအားကြီးအချိန်တွင် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အစိုးရနှင့် အပစ်ရပ်စာချုပ် (NCA) ကို လက်မှတ်မထားထားသည့် တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)၏ ထိုသို့  အလစ်ဝင်တိုက်မှုတွင် လုံခြုံရေးရဲအရာရှိတစ်ဦး၊ အရပ်သား ၁၅ ဦးနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် သုံးဦးသေဆုံးသွားသည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။ ပန်ဆေးပြည်သူ့စစ်က ဖွင့်လှစ်ထားသော ကာစီနိုရုံကိုလည်း TNLA က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။

ပန်ဆေးပြည်သူ့စစ်တို့၏ ကာစီနိုရုံများသည် နာမည်ဆိုးနှင့် ကျော်ကြားနေသော လောင်းကစားရုံများဖြစ်သည်ဟု TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောကြားသည်။ မူဆယ်တွင် တွေ့ဆုံမေးမြန်းခွင့်ရခဲ့သော လူအတော်များများကလည်း ဗိုလ်မှူးမိုင်အိုက်ကျော်၏ စကားကို ထောက်ခံကြသည်။

ကာစီနိုရုံတစ်ခုထဲသို့ဝင်ပြီးပါက အနည်းဆုံး သတ်မှတ်ထားသည့် အကြိမ်အရေအတွက် မပြည့်မချင်း ကစားရပြီး ပြန်ထွက်ခွင့်မပြုဟု ဗိုလ်မှူးအိုက်ကျော်က ပြောသည်။ ထိုအခါ ကစားသူများက ငွေမလောက်၍ ချေးငှားရပြီး ကြွေးတင်ကုန်တော့သည်။ “ခင်ဗျား နိုင်နိုင်၊ ရှုံးရှုံး သတ်မှတ်တဲ့ အကြိမ်မပြည့်မချင်း ရုံထဲက ပြန်မထွက်ရတော့ဘူး၊။ ခင်ဗျားက သူတို့ကို ပေးစရာကျန်နေရင် ခင်ဗျားကို ပြန်ထွက်ခွင့်မပြုတော့ဘဲ ခင်ဗျားအိမ်က မိသားစုတွေကို လှမ်းခေါ်တယ်။ ခင်ဗျားက ငွေအချိန်မီ ပြန်မပေးနိုင်ရင် သတ်ပစ်မယ်လို့လဲ ခြိမ်းခြောက်ကြတယ်” ဟု ၎င်းကပြောသည်။

ကိုယ်ကျိုးစီးပွား နောက်လိုက်ကြရာဝယ်

မူဆယ်ကဲ့သို့ နယ်စပ်မြို့လေးတစ်မြို့တွင် ချမ်းသာကြွယ်ဝနိုင်သည့် အခွင့်အလမ်းများ အများအပြားရှိနေသည်။ ဦးနေဝင်းအစိုးရ၏ နေရာကိုယူလိုက်သော စစ်အစိုးရ တက်လာသည့် ၁၉၈၈ ခုနှစ်မှစ၍ မူဆယ်သည် မှန်မှန်ကြီး ကြီးပွား တိုးတက်လာခဲ့သည်။ ထိုနှစ်မှာပင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို ခွင့်ပြုပေးလိုက်ရာ ဒေသတွင်းစီးပွားရေး တဟုန်ထိုး တက်လာခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော မူဆယ်စီးပွားရေးဇုံတွင် တရုတ်- မြန်မာနယ်စပ် ကုန်သွယ်မှုအားလုံး၏ ၇ဝ ရာခိုင်နှုန်းခန့်ကို ဆောင်ရွက်နေသည်။ ထိုအချက်က မူဆယ်မြို့နှင့် ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးရေးကို များစွာ အထောက်အကူပြုခဲ့သည်။

ပန်ဆေးပြည်သူ့စစ်တို့၏ ကာစီနိုရုံများသည် နာမည်ဆိုးနှင့် ကျော်ကြားနေသော လောင်းကစားရုံများဖြစ်သည်ဟု TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောကြားသည်။ ဓာတ်ပုံ-ကျော်လင်းထွန်း

ပန်ဆေးပြည်သူ့စစ်တို့၏ ကာစီနိုရုံများသည် နာမည်ဆိုးနှင့် ကျော်ကြားနေသော လောင်းကစားရုံများဖြစ်သည်ဟု TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောကြားသည်။ ဓာတ်ပုံ-ကျော်လင်းထွန်း

တပ်မတော်အရာရှိတစ်ဦးအဖြစ် ရှမ်းပြည်နယ်တွင် ၁ဝ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးလှိုင်စိုးသန့်သည် ၂ဝ၁၃ ခုနှစ်တွင် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရာထူးတစ်ခုဖြစ်သည်။

ထိုအလုပ်အတွက် ဝမ်းမြောက်သော်လည်း မူးယစ်ဆေးထုတ်လုပ်မှု၊ ဘိန်းစိုက်ပျိုးမှု၊ မှောင်ခိုကုန်ကူးမှုနှင့် လောင်းကစားရုံများစသည့် တရားမဝင်လှုပ်ရှားမှုများကိုမူ ထိန်းသိမ်းရန် အလွန်ခက်ခဲကြောင်း ၎င်းက ဝန်ခံပြောကြားသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ထိုတရားမဝင်လုပ်ငန်းများကို တတ်နိုင်သမျှ ထိန်းချုပ်ရန် ဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။ “လက်နက်ကိုင် ပဋိပက္ခတွေရှိနေတဲ့ နယ်စပ်မြို့တစ်မြို့မှာ ဒီလိုစိန်ခေါ်မှုတွေက ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ဒီလို တရားမဝင်အလုပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေတဲ့ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေမှာ ပြည်သူ့စစ်တွေလည်း ပါဝင်ဆောင်ရွက်စေချင်ပါတယ်” ဟု ၎င်းက Frontier ကိုပြောသည်။

သို့သော် ပြည်သူ့စစ်များကတော့ ပူးပေါင်းဆောင်ရွက်နေပုံမပေါ်ပေ။ “မူဆယ်မြို့လယ်ခေါင်မှာ ဒီလို တရားမဝင်လုပ်ငန်းတွေကို အာဏာပိုင်တွေက ဘာလို့ခွင့်ပြုထားတာလဲ” ဟု မေးမြန်းသောအခါ ၎င်းက လောင်းကစားရုံများနှင့် ပြည့်တန်ဆာခန်းများ ဖွင့်လှစ်ထားသည့်နေရာများမှာ ပြည်သူ့စစ်အုပ်စုများ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ရှိနေသောကြောင့် ဥပဒေစိုးမိုးမှုအောက် သိမ်းသွင်းမှာရန် မဖြစ်နိုင်ဟု ပြောသည်။

ပြဿနာများကို ပိုမို ရှုပ်ထွေးသွားစေသည့်အချက်မှာ ပြည်သူ့စစ်သည် တပ်မတော်၏ လက်အောင်ခံ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၎င်းတို့ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေခြင်းကိုလည်း တပ်မတော်က သိသိနှင့်ပင် ခွင့်ပြုထားပုံရခြင်းဖြစ်သည်။

ပြည်သူ့စစ်များသည် တပ်မတော်လက်အောက်မှ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သောကြောင့် စစ်ဥပဒေများနှင့် တပ်မတော်စည်းမျဉ်းများအတိုင်း လိုက်နာရန် လိုအပ်ကြောင်း ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်း (SNLD- မူဆယ် ၁) က ပြောသည်။ “ပြည်သူ့စစ်ရဲ့ အဓိကပင်မတာဝန်က သက်ဆိုင်ရာ နယ်မြေလုံခြုံရေးကို တပ်မတော်နဲ့ ပူးပေါင်းပြီး ကာကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မူဆယ်က ပြည်သူ့စစ်အများစုကတော့ သူတို့ ကိုယ်ကျိုးစီးပွားနောက်ပဲ လိုက်နေကြပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပြည်သူ့စစ်အဖွဲ့ အနည်းဆုံး ၉ဝ ခန့်ရှိသည့်အနက် မူဆယ်တွင် ၁ဝ ဖွဲ့ရှိပြီး ထိုအထဲမှ ခြောက်ဖွဲ့မှာ လှုပ်ရှားနေကြသည်။ ၎င်းတို့ထဲတွင် ယခင်ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးကျောြ်မင့်နှင့် သားဖြစ်သူ ဦးဆောင်သည်ပန်ဆေးပြည်သူ့စစ်၊ ဦးမာတူး၏ ကွတ်ခိုင်အခြေစိုက် ကောင်းခါး ပြည်သူ့စစ်တို့လည်း ပါဝင်သည်။ ကောင်းခါးပြည်သူ့စစ်ကို ယခင်က ကချင်ကာကွယ်ရေးတပ် KDA ဟု ခေါ်ခဲ့ကြသည်။ ထို့ပြင် ရှမ်းပြည်သူ့စစ် နှစ်ဖွဲ့ဖြစ်သည့် နမ့်ခမ်းမြို့မှ ဦးအိုက်စန်၏ မြို့မပြည်သူ့စစ်နှင့် ဦးလွယ်မောင်၏ စိန်ကျော့ပြည်သူ့စစ်တို့မှာလည်း လှုပ်ရှားမှုရှိသည့် အဖွဲ့များဖြစ်သည်။ ထို့ပြင် မိုင်းတုံအခြေစိုက် မိုင်းတုံပြည်သူ့စစ်နှင့် လုံးထန်ပြည်သူ့စစ်တို့လည်း ရှိနေသည်။

ပန်ဆေးကျော်မြင့်ဟု သိနေကြသော ဦးကျော်မြင့်သည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်ခဲ့ပြီးနောက် နန်းခမ်းမဲဆန္ဒနယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသည်။ သို့သော် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ထပ်မံ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုခဲ့ချေ။

ပြည်သူ့စစ်အဖွဲ့များသည် တပ်မတော်က မသိမသာ အားပေးအားမြှောက်ပြုနေသောကြောင့် တရားမဝင်စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်လာကြသည်။ ၎င်းတို့ ဝင်ငွေရရှိရေးအတွက် စီးပွားရေးလုပ်ကိုင်ခြင်းကို တပ်မတော်က ခွင့်ပြုခဲ့သည်။ ပြည်သူ့စစ်များကမူ ရာဇဝတ်မှုများတွင် ပါဝင် ပတ်သက်နေကြခြင်းဖြင့် ငွေကြေးအမြောက်အများ ရရှိကာ ဝင်ငွေလမ်းဖြောင့်နေကြသည်။

KDA၊ လုံထန်နှင့်ပန်ဆေးတို့ကဲ့သို့ ပြည်သူ့စစ်အဖွဲ့အကြီးစားများ ကိုင်ဆောင်သည့်လက်နက်များသည် နိုင်ငံမျိုးစုံမှ ထုတ်လုပ်သော အရည်အသွေးကောင်း လက်နက်များဖြစ်ရာ တပ်မတော်သားများကိုင်ဆောင်သော လက်နက်များထက် သာလွန်ကောင်းမွန်နေသည်။

“ပြည်သူ့စစ်တွေ တရားမဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်နေတာတွေကို မြန်မာ့တပ်မတော်က ခွင့်ပြုပြီး လွှတ်ထားတော့ ပြည်သူ့စစ်တွေကလည်း သူတို့ဘာသူတို့ ဖူလုံနေပြီး တပ်မတော်အပေါ်လည်း သစ္စာခံနေတာပေါ့” ဟု ယခင်က ဗမာပြည် ကွန်မြူနစ်ပါတီဝင်ဟောင်းတစ်ဦးဖြစ်ခဲ့သည့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါသည်။

“ဒီလိုလွှတ်ထားမယ့်အစား ပြည်သူ့စစ်တွေကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကို စဉ်းစားသင့်တယ်။ အနာဂတ်မှာလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပြည်သူ့စစ်တွေအရေးဟာ ကြီးမားတဲ့ပြဿနာ ဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။ မူဆယ်မြို့သားများဖြစ်သည့် စိုင်းကျော်သိန်းနဲ့ တအာန်းအမျိုးသားပါတီ မြို့နယ်ကော်မတီ အတွင်းရေးမှူး မိုင်မျိုးအောင် တို့က မြို့ထဲတွင် ပြည်သူ့စစ်များရှိနေခြင်းကြောင့် နေထိုင်ရခက်သည်ဟု ပြောကြားသည်။

“မူဆယ်က အလွန်အေးချမ်းတဲ့ မြို့လေးပါ။ သူတို့ အပြုအမူတွေက မြို့နေလူထုကို ခြိမ်းခြောက်နေသလိုဘဲ။ သူတို့နဲ့ပဲ နေ့တဓူဝနေကြရတာ” ဟု စိုင်းကျော်သိန်းက ပြောသည်။

ပြည်သူ့စစ်များ လက်နက်ကိုင်နေကြခြင်းမှာ ၎င်းတို့ လုံခြုံရေးအတွက်သာဖြစ်ပြီး တရားဥပဒေ ထိန်းသိမ်းလို၍ မဟုတ်ကြောင်း ၎င်းကပြောသည်။

ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၏ သားဖြစ်သူက ၎င်း၏ ဦးလေးဖြစ်သူကို သေနတ်နှင့် ချိန်ခဲ့သည့်ဖြစ်ရပ်တစ်ခု ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည်ဟု မိုင်မျိုးအောင်က ပြောသည်။ ဦးလေးဖြစ်သူက နမ်းခမ်းမှ မူဆယ်သို့ ကားမောင်းလာစဉ် ထိုလူငယ်၏ ဆိုင်ကယ်နှင့် တိုက်မလိုဖြစ်သွားကြောင်း၊ လူငယ်က ဆိုင်ကယ်ကိုရပ်ကာ သေနတ်ဆွဲထုတ်ပြီး သူ့ဦးလေးကိုချိန်လျက် သေသွားချင်လို့လားဟု ခြိမ်းခြောက်သွားကြောင်း ၎င်းက ပြောသည်။ “ပြည်သူ့စစ်တွေက သူတို့ကိုယ်သူတို့ လုံခြုံရေးတပ်တွေဆိုပြီး အလွန်မောက်မာကြပါတယ်။ ဒါပေမယ့် သူတို့တကယ်တန်း လုပ်နေကြတာက သူတို့ရဲ့ တရားမဝင် စီးပွားရှာတဲ့လုပ်ငန်းတွေ လုံခြုံရေးပါ” ဟု ၎င်းကပြောသည်။

မူးယစ်ဆေးများ ပေါများလာခြင်း

မူဆယ်မြို့နယ်၏ မုံးပေါ်ဒေသကို တောင်ကြားများနှင့် တောင်တန်းနိမ့်နိမ့်များက ဝန်းရံလျက်ရှိသည်။ မူဆယ်မြို့မှ ၄၅ မိနစ်ခန့် ကားမောင်းသွားလျှင် တရုတ်-မြန်မာနယ်နိမိတ်နှင့် ကပ်လျက်ရှိသော မုံးပေါ်သို့ ရောက်ရှိသွားသည်။ လူဦးရေ ၇,ဝဝဝ ခန့် နေထိုင်လျက်ရှိပြီး ၈ဝ ရာခိုင်နှုန်းမှာ ကချင်တိုင်းရင်းသားများ ဖြစ်သည်။ ၁၉၈၉ တွင် တပ်တွင်းပုန်ကန်မှု ဖြစ်ပွားပြီးနောက် ပြိုကွဲသွားသော ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ နောက်ဆုံးစခန်းလည်း ဖြစ်သည်။ ယနေ့အချိန်တွင် ထိုနေရာကို မုံးပေါ် ပြည်သူ့စစ်က အပြည့်အဝ ထိန်းချုပ်ထားသည်။ နယ်မြေချင်းကပ်နေသည့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အခြေစိုက်သော မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) မှ ပဲ့ထွက်လာသော မိုင်းကိုးကာကွယ်ရေးတပ်ကို မုံးပေါ်ပြည်သူ့စစ်အဖြစ် ဖန်တီးခဲ့ခြင်းဖြစ်သည်။

မုံးပေါ်ပြည်သူ့စစ်အဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ-ကျော်လင်းထွန်း

မုံးပေါ်ပြည်သူ့စစ်အဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ-ကျော်လင်းထွန်း

၂ဝ၁၅ ခုနှစ်တွင် ထိုဒေသကို ပြန်လည်သိမ်းပိုက်ရန် MNDAA ၏ အတင့်ရဲစွာ ကြိုးပမ်းလာမှုကို တပ်မတော်က တွန်းလှန် ချေမှုန်းလိုက်သည်။ ထိုနယ်သည် ၂ဝဝ၉ ခုနှစ်အထိ တရုတ်စကားပြော ကိုးကန့်တို့ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဗကပ ပြိုကွဲသွားပြီးနောက် လက်နက်ကိုင်အုပ်စု အဖွဲ့ငယ်များ ပေါ်ပေါက်လာရာတွင် MNDAA လည်း ပါဝင်ခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင် အပစ်ရပ်စာချုပ် (NCA) အား လက်မှတ်ထိုးရန် ငြင်းပယ်ခဲ့သော မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့တွင် MNDAA လည်း ပါဝင်သည်။

မုံးပေါ်ပြည်သူ့စစ်အဖွဲ့သည် မူဆယ်နယ်တွင် လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်ကာ စီးပွားမရှာသည့် တစ်ခုတည်းသော အဖွဲ့ဖြစ်သည့်အတွက် လူအများ၏ လေးစားမှုကို ရရှိထားသည်။ နိုင်ငံရေးပါတီများဖြစ်သော ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီနှင့် ရှမ်းအမျိုးသားဒီမိုကရက်တစ် ပါတီဝင်များက မုံးပေါ်ပြည်သူ့စစ်များ၏ ကောင်းသတင်းကို တလေးတစား ပြောဆိုကြသည်။ ထို့အတူပင် တာအန်း (ပလောင်) နှင့် ရှမ်းလူမျိုးစုခေါင်းဆောင်များ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု၊ မူဆယ်မြို့နယ်အဖွဲ့ခွဲခေါင်းဆောင် စိုင်းဖိုးအောင်တို့ကဲ့သို့ ခေါင်းဆောင်များ၏ ချီးကျူးလေးစားမှုကို ခံထားရသော ပြည်သူ့စစ်များဖြစ်သည်။

မုံးပေါ်ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် ဦးအောင်ဂျာ။ ဓာတ်ပုံ-ကျော်လင်းထွန်း

မုံးပေါ်ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် ဦးအောင်ဂျာ။ ဓာတ်ပုံ-ကျော်လင်းထွန်း

မုံးပေါ်ပြည်သူ့စစ်အဖွဲ့၏ ဒုခေါင်းဆောင်ဦးအောင်ဂျာနှင့်အတူ မိုင်းပေါသို့ အတူသွားရောက်ခဲ့ချိန်တွင် လမ်းတလျှောက် တွေ့မြင်ရသော ပြောင်းခင်း၊ စပါးကွင်းနှင့် ကြံစိုက်ခင်းများကို ညွှန်ပြ၍ ဦးအောင်ဂျာက “ဟိုအတိတ်ကာလတုံးက ဒီဧကထောင်ပေါင်းများစွာမှာ ဘိန်းပင်တွေ စိုက်ပျိုးခဲ့ကြတာ။ ကျွန်တော်တို့ ပြည်သူ့စစ် အသွင်ပြောင်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ ခေါင်းဆောင်တွေက ဘိန်းနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေအားလုံးကို ရပ်တန့်ပြီး တရားဥပဒေအတွင်းက ငွေရှာတဲ့ အလုပ်တွေကိုသာ ရှာကြံလုပ်ကိုင်ကြဖို့ ညွှန်ကြားခဲ့ပါတယ်” ဟု ပြောပြသည်။ မုံးပေါ်ပြည်သူ့စစ်က စတင်တည်ထောင်သော လုပ်ငန်းများတွင် ချမ်းအေးမြေကုမ္ပဏီလည်း ပါဝင်ပြီး ဒေသတွင်း၌ သီးနှံများ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ စိုက်ပျိုးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းများကိုလည်း တဖြေးဖြေးတိုးချဲ့နေသည်။

မုံးပေါ်သည် နိုင်ငံတော်၏ အမျိုးသားဓာတ်အားလိုင်းနှင့် ဆက်သွယ်ထားခြင်း မရှိသောကြောင့် မူဆယ်နှင့် မျက်နှာချင်းဆိုင်ရှိ တရုတ်နိုင်ငံ ရွှေလီမြို့မှ လျှပ်စစ်ကို မုံးပေါ် ပြည်သူ့စစ်က ဝယ်ယူရသည်။ တရုတ်ထံမှ ဝယ်ယူသော လျှပ်စစ်ဓာတ်အား၏ တန်ဖိုးတစ်ဝက်ကို စီးပွားရေးလုပ်ငန်းမှ ရရှိသော အမြတ်ငွေဖြင့် ၎င်းတို့က လူထုအတွက် ကျခံပေးသည်။ စာသင်ကျောင်းများ၊ ဆေးခန်းများအပြင် အခြားလူမှုရေးဝန်ဆောင်မှု လုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးနေသည်။

၎င်းပြည်သူ့စစ်တပ်ဖွဲ့တွင် အမြဲတမ်းအဖွဲ့ဝင် ၁ဝဝ သာရှိသည်။ အများစုမှာ လယ်သမားများဖြစ်ကြရာ လုံခြုံရေးတာဝန်ကို အလှည့်ကျ ထမ်းဆောင်ကြရသည်။ ကျန်သည့်အချိန်တွင် မိမိမြေကို ထွန်ယက်စိုက်ပျိုးကာ ကိုယ်ပိုင်စားဝတ်နေရေးကို လုပ်ကိုင်ကြရသည်။

ပြည်သူ့စစ်ဋ္ဌာနချုပ်သို့ Frontier က ရောက်ရှိသွားချိန်တွင် ရိုးရိုးအရပ်ဝတ်ဖြင့် ရွာသားတစ်စုကိုသာ တွေ့ရသည်။ ရန်ကုန်မြို့က လာသည်ဆိုသော ကျွန်တော့်ကို အထူးအဆန်းသဖွယ် စူးစမ်းကြည့်ရှုနေကြသည်။ ယူနီဖောင်းဝတ်ဆင်ထားသူ တစ်ဦးတစ်လေကိုမျှ မတွေ့ရချေ။

ရိုးရိုး အရပ်ဝတ်ကိုသာ ဝတ်ဆင်ထားသော ဦးအောင်ဂျာက လက်နက်များပြသရန် သူ့အဖွဲ့ဝင်များကို အသင့်ပြင်ဆင်ခိုင်းခဲ့သည်။ ရွာသားအချို့က ယူနီဖောင်းလဲပြီးနောက် ဂိုထောင်ထဲမှ လက်နက်များ ထုတ်ယူလာသည်။ အိုဟောင်း၍ သံချေးတက်နေသော ရိုင်ဖယ်သေနတ်များ၊ ဒုံးတပ်လက်ပစ်ဗုံး လောင်ချာတစ်ခုသာ တွေ့ရသည်။ သူတို့၏ လက်နက်များကို အဆင့်မြှင့်တင်လိုပါက တပ်မတော်ထံတင်ပြပြီး ခွင့်ပြုမိန့်တောင်းရန် လိုအပ်ကြောင်း၊ ပြည်သူ့စစ်များသည် တပ်မတော်၏ ခွင့်ပြုမိန့်မရဘဲ စစ်လက်နက်ဝယ်ယူခွင့်မရှိဟု ၎င်းက ပြောသည်။

ဦးအောင်ဂျာအား ရွာသူရွာသားများက နှုတ်ဆက်နေကြစဉ်။ ဓာတ်ပုံ-ကျော်လင်းထွန်း

ဦးအောင်ဂျာအား ရွာသူရွာသားများက နှုတ်ဆက်နေကြစဉ်။ ဓာတ်ပုံ-ကျော်လင်းထွန်း

“အခုချိန်မှာတော့ စစ်တိုက်ဖို့လဲမရှိတာကြောင့် ဒီသေနတ်ဟောင်းကြီးတွေလဲ ဖြစ်ပါတယ်။ လက်နက်ကောင်းတွေရှိဖို့လဲ မလိုပါဘူး။ ရှိတဲ့ငွေကို လူထုကျန်းမာရေး၊ ပညာရေးကဏ္ဍ တိုးတက်ဖို့ သုံးလို့ရတာပေါ့” ဟု ၎င်းကပြောသည်။ နမ္မတူမြို့မှ ကျောင်းသားတက်ကြွလှုပ်ရှားသူ ဦးအောင်ဂျာသည် ၁၉၈၈ ခုနှစ်တွင် တောခိုခဲ့သည်။ သူက မြို့နေလူထု၏ လေးစားမှုကို ရရှိထားသူလည်း ဖြစ်ပုံရသည်။ သူနှင့်အတူ မြို့ထဲ၌ ကားဖြင့် ဖြတ်မောင်းသွားရာ လမ်းတလျှောက်တွင် လူကြီးလူငယ်တို့က သူ့အား လက်ပြနှုတ်ဆက်သည်ကို တွေ့ခဲ့သည်။ မူဆယ်ရှိ အခြားပြည်သူ့စစ်အဖွဲ့များနှင့် ပတ်သက်၍ သူ၏ ထင်မြင်ချက်ကို မေးမြန်းကြည့်ချိန်တွင် ဦးအောင်ဂျာတစ်ယောက် ခေတ္တခဏ နှုတ်ဆိတ်သွားခဲ့သည်။

ထို့နောက်တွင်မှ “သူတို့နဲ့ပတ်သက်ပြီး ကျွန်တော်ဘာမှ မပြောချင်ဘူးဗျာ။ ဒါပေမဲ့ ကျွန်တော်စိတ်မကောင်းဘူး” ဟု သာ ၎င်းက ပြောကြားခဲ့သည်။ “သမိုင်းကပဲ ဖြေပေးပါလိမ့်မယ်ဗျာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်ရှိ Frontier ရုံးသို့ ကျွန်တော်ပြန်ရောက်ခဲ့ပြီး တစ်ပတ်ခန့်အကြာမှာတော့ ဦးအောင်ဂျာဆီမှ ဖုန်းဝင်လာသည်။

“ခင်ဗျားကို ကျွန်တော်ပြောဖို့တစ်ခု ကျန်သွားတယ်ဗျာ။ အဲဒါကို ခင်ဗျားဆောင်းပါးထဲ ထည့်တာ မထည့်တာကတော့ ခင်ဗျားသဘောပါပဲ” ဟု ၎င်းက ဖုန်းထဲမှတစ်ဆင့် ပြောကြားသည်။

“လောလောဆယ်မှာ ပြည်သူ့စစ်တွေ အားလုံးယူနီဖောင်း တူညီဝတ်စုံတွေ ဝတ်ကြရမယ်။ ပုခုံးနှစ်ဖက်စလုံးမှာ ပြည်သူ့စစ်တပ်ဖွဲ့ဆိုတဲ့ တံဆိပ်တပ်ထားပြီး ရင်ဘတ်ပေါ်မှာ သက်ဆိုင်ရာပြည်သူ့စစ် အဖွဲ့ရဲ့ နာမည်ကို တပ်ရမယ်လို့ ဆိုတယ်” ဟု ၎င်းကပြောသည်။

သို့သော် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကွဲကွဲပြားပြားဖြစ်သွားစေရန်အတွက် ယူနီဖောင်းများ၏ ပုခုံးတစ်ဖက်ပေါ်တွင် သက်ဆိုင်ရာအဖွဲ့များ၏ အမှတ်တံဆိပ်များ တပ်ခွင့်ရရှိရန် လိုလားသည်ဟု ဦးအောင်ဂျာက တယ်လီဖုန်းထဲတွင် ပြောကြားသည်။ 

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ- စက်သေနတ်တစ်လက်ဖြင့် သရုပ်ပြသနေသည့် မုံးပေါ်ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-ကျော်လင်းထွန်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar