မိုဘိုင်းအော်ပရေတာများ ငွေဈေးကစားမှုတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း စသုံးလုံးက အတည်ပြု

ဟိန်းကိုစိုး

မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများဖြစ်သော တယ်လီနောနှင့် အူရီဒူးတို့က အမေရိကန်ဒေါ်လာ အမြောက်အမြားကို ဝယ်ယူနေကြောင်း တွေ့ရှိရသဖြင့် ငွေကြေးဈေးကွက်တွင် ဈေးကစားမှု၌ ပါဝင်ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရကြောင်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က အတည်ပြု ပြောကြားသည်။   

အောက်တိုဘာ ၄ ရက်နေ့တွင် ဤကုမ္ပဏီများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း စသုံးလုံးမှ အထက်တန်း အရာရှိတစ်ဦးက Frontier ကို ပြောကြားသည်။ စက်ကိရိယာများကို ပြည်ပမှ ဝယ်ယူရန်အတွက် ဒေါ်လာများကို ဝယ်ယူခဲ့ရခြင်းဖြစ်ကြောင်း စာရွက်စာတမ်း အထောက်အထားများကို ကုမ္ပဏီ နှစ်ခုစလုံးက ထုတ်ပြခဲ့ကြသည်ဟု အဆိုပါအရာရှိက ပြောသည်။

တယ်လီနောနှင့် အူရီဒူးတို့သည် ပြည်ပမှ ဆက်သွယ်ရေး အပိုပစ္စည်းများ ဝယ်ယူ တင်သွင်းရန်အတွက် ပုဂ္ဂလိကဘဏ်တစ်ခုမှ နိုင်ငံခြားငွေ အမြောက်အမြားကို ဝယ်ယူခဲ့ကြသည်။ ၎င်းတို့သည် တရားမဝင်ငွေကြေး ရောင်းဝယ်မှုတွင် တစုံတရာ ပါဝင်ပတ်သက်ခဲ့သည့် အထောက်အထား မတွေ့ခဲ့ရဟု အဆိုပါအရာရှိက ပြောသည်။

ဤသို့ မေးမြန်းစုံစမ်းရခြင်းသည်ပင်လျင် မြန်မာ့ငွေကြေးဈေးကွက် မည်မျှ ‘ပါးလွှာ’လျက်ရှိကြောင်း ဖော်ပြနေသည်။ တခါတရံတွင် ဒေါ်လာရောင်းချင်သူ မရှိလောက်အောင်ပင် မသေချာမရေရာသော အခြေအနေများ ရှိနေတတ်သည်။ အရောင်းအဝယ် ငွေပေးချေမှုကြီးကြီးမားမား တစ်ခုဖြစ်လိုက်ရုံနှင့်ပင် ကျပ်ငွေမှာ ဈေး သိသိသာသာ ကျသွားခြင်း၊ သို့မဟုတ် တက်သွားခြင်း ဖြစ်တတ်သည်ဟု ဈေးကွက်အတွင်းမှာ သတင်းရင်းမြစ်များက Frontier ကိုပြောသည်။

မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီများ၏ ဒေါ်လာဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန် ပုဂ္ဂလိကဘဏ်များသည် ရန်ကုန်မြို့လယ်ရှိ ရွှေဘုံသာလမ်းပေါ်မှ တရားမဝင် ပွဲစားများထံမှ အမေရိကန်ဒေါ်လာကို ဝယ်ခဲ့ရသည်ဟု စသုံးလုံး အရာရှိက ပြောသည်။ “ဒါကြောင့် ဈေးကွက်ထဲမှာ ဒေါ်လာဝယ်လိုအားတွေ အရမ်းများသွားခဲ့ပါတယ်” ဟု သူက ပြောသည်။ ဤသို့ အရောင်းအဝယ်ပြုလုပ်နေကြစဉ်မှာပင် ရွှေဈေးကွက်နှင့် နိုင်ငံခြားငွေ ဈေးကွက်တွင် သံသယဖြစ်ဖွယ်လှုပ်ရှားမှုများကို စသုံးလုံးက စုံစမ်းထောက်လှမ်းနေခဲ့သည်။ စက်တင်ဘာလ ပထမသုံးပတ်အတွင်းမှာပင် အမေရိကန်ဒေါ်လာနှင့်ယှဉ်လျင် ကျပ်ငွေတန်ဖိုး ၇ ဒသမ ၅ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့သည်။ ကမ္ဘာ့ငွေကြေးဈေးကွက်တွင် အခြားငွေကြေးများနှင့် ယှဉ်ပါက ဒေါ်လာ အားနည်းနေချိန်မှာပင် မြန်မာပြည်၌ ဤသို့ဖြစ်နေခဲ့ခြင်းဖြစ်သည်။

အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ကုန်သည်များက ဈေးကွက်ကို ချယ်လှယ်ကစားနေကြသည်ဟု အာဏာပိုင်များက သံသယရှိနေကြောင်း စက်တင်ဘာ ၂၁ ရက်နေ့တွင် ပြောခဲ့သည်။ ထိုသို့ ပြောကြားခဲ့ပြီး နောက်တစ်နေ့တွင် သမ္မတရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ အမိန့်ဖြင့် စသုံးလုံးက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့ပြီး လူ ရှစ်ဦးကို ဖမ်းဆီးလိုက်သည်။ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနသည် စီးပွားရေးနှင့်ဆိုင်သော ရာဇဝတ်မှုများကို အလေးထား စုံစမ်းနေသော အထူးရဲတပ်ဖွဲ့ဖြစ်သည်။ ဤလုပ်ဆောင်မှုသည် ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှု ရှိခဲ့ပုံရသည်။ ကမ္ဘာ့ဈေးကွက်၌ အခြားငွေကြေးများနှင့် ယှဉ်လျင် အမေရိကန်ဒေါ်လာဈေး ကျနေချိန်မှာပင် မြန်မာပြည်၌ ဒေါ်လာနှင့် ယှဉ်သော ကျပ်ငွေတန်ဖိုး ရာခိုင်နှုန်းအနည်းငယ် ပြန်တက်လာခဲ့သည်။

စက်တင်ဘာ ၂၄ ရက်ခန့်တွင် ရန်ကုန်မြို့၏ တရားမဝင်ငွေကြေးဈေးကွက် ဗဟိုချက်ဖြစ်သည့် ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းမှ ကုန်သည်နှင့် ပွဲစား ၁ဝ ယောက်ကျော်ကို စသုံးလုံးက ဖမ်းဆီး ထိမ်းသိမ်းခဲ့သည်။ ၎င်းတို့ထဲမှ ငါးဦးမှာ လိုင်စင်မရှိဘဲ တရားမဝင်ငွေလဲလှယ်မှု လုပ်ဆောင်ခြင်းကြောင့် နိုင်ငံခြားငွေ စီမံမှုဥပဒေဖြင့် တရားစွဲခံရမည်ဟု မျှော်လင့်ရကြောင်း စသုံးလုံး ညွှန်ကြားရေးမှူး ဦးအောင်မျိုးက အောက်တိုဘာ ၅ ရက်နေ့တွင် Frontier ကိုပြောသည်။

“လူတချို့ ဈေးကစားနေတာကြောင့် ဈေးကွက်မူမမှန် ဖြစ်နေတာတွေ့ရတယ်။ သူတို့က စီးပွားရေးအတွက် လုပ်တာမဟုတ်ဘူး။ နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ လုပ်နေကြတာ” ဟု ဦးအောင်မျိုးက ပြောသည်။

အူရီဒူးမြန်မာက ရေးသားပေးပို့သည့် ထုတ်ပြန်ချက်တွင် အူရီဒူးအနေနှင့် အမေရိကန်ဒေါ်လာ လိုအပ်မှု ဆက်လက် ရှိနေဦးမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်ပမှ လိုအပ်သော ပစ္စည်းများ ဝယ်ယူတင်သွင်းရာတွင် အမေရိကန်ဒေါ်လာ လိုအပ်နေဦးမည်ဖြစ်ကြောင်း၊ ၎င်းရရှိသော ဝင်ငွေမှာ ကျပ်ငွေသာဖြစ်ရာ ကုန်ကျစရိတ်များကို ကျပ်ငွေဖြင့် အတတ်နိုင်ဆုံး ပေးချေနိုင်မှ အူရီဒူးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

“ပေးစရာရှိတာတွေ ပေးချေနိုင်ဖို့ ကျပ်ငွေကို အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ တရားဝင် လိုင်စင်ရထားတဲ့ ဘဏ်တွေဆီမှာပဲ လဲလှယ်ပါတယ်။ လိုင်စင်ရဘဏ်တွေကနေ တည်ငြိမ်တဲ့ မြန်မာငွေနဲ့ ဒေါ်လာလဲလှယ်ရမှသာ အူရီဒူးအတွက် အကျိုးရှိသလို မြန်မာ့စီးပွားရေးအတွက်လည်း အကျိုးရှိပါတယ်၊ မကြာမီက ငွေဈေး အတက်အကျတွေနဲ့ ဒေါ်လာငွေ ပြတ်တောက်မှုတွေ ဖြစ်သွားတာဟာ ကျွန်တော်တို့စီးပွားရေးအတွက် အထောက်အကူ မဖြစ်သလို ဖွံ့ဖြိုးစ စီးပွားရေးအတွက်လည်း အထောက်အကူမဖြစ်ပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တယ်လီနောမြန်မာ၏ Head of Corporate Communications ဖြစ်သူ Mr Glenn Mandelid က “ကုမ္ပဏီရဲ့ ငွေပေးချေမှုတွေဟာ လုပ်ငန်းလည်ပတ်မှုအတွက်ပဲ လုပ်တာပါ” ဟု ပြောကြားသည်။

“တက်ဈေးမျှော် လုပ်တာတွေ မဟုတ်ပါဘူး။ ငွေပေးချေမှုအားလုံးကို မြန်မာနိုင်ငံရဲ့ ဘဏ်စည်းကမ်းတွေနဲ့ အညီ ဘဏ်စနစ်အတွင်းက လုပ်ကိုင်နေတာပါ” ဟု ၎င်းက ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.