မိုဘိုင်းဖုန်းခေါ်ဆိုခများကို ကျပ် ၁၀ အထိ ဈေးချ

ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေးကဏ္ဍမှာ မိုဘိုင်းဖုန်းကုမ္ပဏီသုံးခုက သူတို့ကွန်ယက်တွေအချင်းချင်း ဖုန်းခေါ်ဆိုမှုတွေကို တစ်မိနစ်ကျပ် ၁၀ အထိ အပြိုင်ဈေးချလိုက်ကြပါတယ်။

ဒီလိုဈေးနှုန်းအသစ်နဲ့ ဝန်ဆောင်မှုပေးမယ်ဆိုတဲ့ ကြေညာချက်တွေကို တယ်လီနော မြန်မာ၊ အမ်ပီတီနဲ့ အူရီဒူးမြန်မာတို့က ယခုရက်ပိုင်းအတွင်းမှာပဲ ထုတ်ပြန်လိုက်ကြပါတယ်။

တယ်လီနောမြန်မာက “တယ်လီနော သာသာယာယာ” ဆိုတဲ့ ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှုကို စက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပတဲ့ တယ်လီနောမြန်မာရဲ့ သုံးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ကြေညာခဲ့ပါတယ်။ ဒီအစီအစဉ်ကို အသုံးပြုသူတွေအနေနဲ့ တယ်လီနောအချင်းချင်း ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို ၁၀ ကျပ်သာ ကျသင့်မယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံက အသုံးပြုသူ အားလုံးအနေနဲ့ သူတို့ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှု ဘဝတွေကို စီမံခန့်ခွဲဖို့နဲ့ သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ နီးနီးကပ်ကပ်ရှိနေစေဖို့အတွက် ဖုန်းခေါ်ဆိုမှုတွေအပေါ် အားထားနေရ သေးတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ သိရှိထားပါတယ်။ တစ်မိနစ်ကို ၁၀ ကျပ်သာကျသင့်မယ့် ဒီအစီအစဉ် အသစ်နဲ့အတူ အသုံးပြုသူတွေအနေနဲ့ သူတို့ပေးချေရတဲ့ ကျသင့်ငွေတွေအတွက် အချိန်ပိုမို ကြာမြင့်စွာ ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်”လို့ တယ်လီနောမြန်မာရဲ့ အမှုဆောင်အရာရှိချုပ် Lars Erik Tellmann က ပြောပါတယ်။

အဲဒီနောက်မှာတော့ အမ်ပီတီဖုန်းအချင်းချင်း ပြောဆိုမှုတွေအတွက် ကျပ် ၁၀ သာ ကျသင့်မယ့် အစီအစဉ်ကို အောက်တိုဘာလမှာ စတင်မိတ်ဆက်သွားမယ်လို့ အမ်ပီတီက စက်တင်ဘာ ၂၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

MPT-KGSM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “မြန်မာနိုင်ငံက မိုဘိုင်းလ်ဖုန်း သုံးစွဲသူတွေ မျှော်လင့်နေကြတဲ့ ဈေးအသက်သာဆုံး ဖုန်းခေါ်ဆိုခ၊ စာတိုပေးပို့ခြင်းနဲ့ အင်တာနက် အသုံးပြုခတွေ ပါဝင်မယ့် နှုန်းထားအစီအစဉ်သစ်တစ်ခုကို မိတ်ဆက်ပေးဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်” လို့ ပြောကြားပါတယ်။

“မကြာခင်မိတ်ဆက်ကြေညာမယ့် ဒီဝန်ဆောင်မှုအသစ်အတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်”လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။

အူရီဒူးမြန်မာကတော့ ရွှန်းရွှန်းဝေလို့ ခေါ်တဲ့ အစီအစဉ်ကို စက်တင်ဘာ ၃၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

အောက်တိုဘာ ၃ ရက်နေ့မှာ စတင်အသုံးပြုနိုင်မယ်ဆိုတဲ့ အဲဒီအစီအစဉ်သစ်အရ အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုမှုတွေအတွက် ကျပ် ၁၀ သာ ကျသင့်မှာ ဖြစ်ပါတယ်။

အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Vikram Sinha က “အခု အသစ်မိတ်ဆက်ပေးမယ့် အစီအစဉ်ဟာဆိုရင် မြို့ပေါ်နဲ့ ကျေးလက်ဒေသနေ မြန်မာပြည်သူလူထုအားလုံးအနေဖြင့် တစ်ဦးနဲ့တစ်ဦး ပိုမိုဆက်သွယ် ပြောဆိုနိုင်မှာဖြစ်သလို မြန်မာပြည်သူလူထုကိုလည်း ဒီဂျစ်တယ်စနစ်အသုံးပြုနိုင်တဲ့ လူနေမှုဘဝပုံစံကို ရင်းနှီးကျွမ်းဝင်စေမှာ ဖြစ်ပါတယ်။ အခုလို ထူးခြားလှတဲ့ အများပြည်သူ ရုံးပိတ်ရက်အခါသမယမှာ အသုံးပြုနိုင်အောင် မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အခြားအော်ပရေတာတွေကို ဖုန်းခေါ်ဆိုမှုတွေအတွက်တော့ အမ်ပီတီက တစ်မိနစ် ၂၄ ကျပ်နဲ့၊ တယ်လီနောက တစ်မိနစ် ၂၅ ကျပ် သတ်မှတ်ထားပြီး အူရီဒူးမြန်မာကတော့ ၂၃ ကျပ် သတ်မှတ်ထားပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.