မိသားစုဝင်ငွေ ကျပ် သုံးသိန်းရှိလျှင် အိမ်ဝယ်နိုင်မည့်စီမံကိန်း စတင်ရန် လွှတ်တော် ခွင့်ပြုချက်တောင်းခံ

ဉာဏ်လှိုင်လင်း

ပြည်သူများထံသို့ ငွေထုတ်ချေး၍ အိမ်ရာဝယ်ယူစေမည့် စီမံကိန်းများစတင်နိုင်ရေးအတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA) ထံမှ ယန်း ၁၅ ဘီလျံ ချေးယူခွင့်ပြုရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်ထံ ယနေ့ တင်ပြလိုက်သည်။

မိသားစုလစဉ်ဝင်ငွေ ကျပ် သုံးသိန်းရှိလျှင် တန်ဖိုးနည်းအိမ်ရာ၊ ကျပ် ငါးသိန်းရှိလျှင် တန်ဖိုးသင့်အိမ်ရာပါ တိုက်ခန်းများ ဝယ်ယူနိုင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြည်ထောင်စုလွှတ်တော်သို့ ပြောကြားသည်။

ဝယ်ယူသူများသည် ယင်းအတွက်လိုအပ်ငွေကို တစ်နှစ်အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် ကနဦးတွင် ချေးယူနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ချေးငွေရယူနိုင်ရန် စီစဉ်မည်ဟု ဆိုသည်။

ပြန်လည်ပေးသွင်းရမည့် အစီအစဉ်မှာ တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်းရမည်ဖြစ်ပြီး ကျန် ၈၀ ရာခိုင်နှုန်းကို အနည်းဆုံး ၁၀ နှစ်မှ ၁၅ နှစ်ကာလအတွင်း ပေးချေရမည်ဖြစ်သည်။

28236483_1620154101425749_922031773_n.jpg

တိုက်ခန်းများ၏ တန်ဖိုးမှာ ကျပ်သိန်း ၁၀၀ မှ ၅၀၀ အတွင်းဖြစ်ပြီး စတုရန်းပေ ၃၀၀ မှ ၈၀၀ နှင့် စတုရန်းပေ ၈၀၀ မှ ၁,၂၀၀ အကျယ်အဝန်းရှိကြမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုသည်။

စီမံကိန်း ပထမအဆင့်တွင် ရန်ကုန်၌ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ထားသည့် အိမ်ရာများကိုသာ ဝယ်ယူနိုင်မည်ဖြစ်သော်လည်း နောက်ပိုင်းတွင် ပုဂ္ဂလိကမှ ဆောက်လုပ်သည့် အရည်အသွေး ကောင်းမွန်သော အိမ်ခန်းများ ဝယ်ယူနိုင်ရန်အတွက်ပါ ငွေထုတ်ချေးသွားမည်ဟု ဒုတိယဝန်ကြီးက ဆိုသည်။

အဆောက်အအုံ စံချိန်စံညွှန်း၊ အိမ်ရာကြံ့ခိုင်မှု၊့ ဥပဒေဆိုင်ရာ အချက်အလက်များကို ဦးဆောင် လမ်းညွှန်မှုကော်မတီ (Steering Committee)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆောင်ရွက်သွားရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက လျာထားသည်။

အိမ်ရာများကို ရန်ကုန်၊ ဧရာဝတီ၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လေးခုတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်အထိ တိုက်အလုံးရေ ၄၀၅ လုံး၊ အခန်းပေါင်း ၁၁,၉၁၄ ခန်း ထွက်ရှိလာရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက မျှော်မှန်းထားသည်။

28236057_1620154588092367_2036963015_n.jpg

28236649_1620154578092368_176596045_n.jpg

28313498_1620154521425707_379946363_n.jpg

ထို့ကြောင့် JICA ထံမှ အဆိုပါပမာဏ ချေးယူခွင့်ပြုရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ခွင့်ပြုချက်တောင်းခံခြင်း ဖြစ်သည်။ အတိုးနှုန်း ၀ ဒသမ ၀၀၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ ပေးဆပ်ရမည့် အဆိုပါ ချေးငွေကို ၂၀၁၈ မှ ၂၀၂၂ ခုနှစ် ကာလအ တွင်း ရယူသွားရန် ဝန်ကြီးဌာနက စီစဉ်ထားခြင်းဖြစ်သည်။

“ဆောက်လုပ်ရေးကဏ္ဍတွင် အရည်အသွေးကောင်းမွန်၍ အဆင့်အတန်းမီသော  တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာများ စဉ်ဆက်မပြတ်ထုတ်လုပ်ခြင်းအားဖြင့် ပြည်သူတို့၏ အဓိကအရေး သုံးပါးဖြစ်သော စား၊ ဝတ်၊ နေရေးတို့တွင် မရှိမဖြစ်လိုအပ်သော နေရေးအတွက် ပြည်သူများ သက်သာသော အတိုးနှုန်းထားဖြင့် နှစ်ရှည်ပေးဆပ်ရင်း အနာဂတ်တွင် ပိုင်ဆိုင်မည့်အိမ်ရာတွင် နေထိုင်ခွင့်ရရှိ၍ လုံခြုံစိတ်ချရသည့် နေရေးကိုရရှိရန် ဂျပန်နိုင်ငံ JICA မှ ဂျပန်ယန်း ၁၅ ဘီလျံ ချေးငွေရယူရေးကိစ္စအား ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါတယ်” ဟု ဦးကျော်လင်းက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ယင်းကိစ္စအပေါ် ဆွေးနွေးလိုသည့် အမတ်များရှိလျှင် စာရင်းပေးကြရန်နှင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်မည်ဟု ပြောကြားသည်။

စီမံကိန်းနှင့် ပတ်သက်သည့်  အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် လွှတ်တော် အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီး ဦးကျော်လင်းထံ Frontier  က ချဉ်းကပ်ဆက်သွယ်သော်လည်း မေးမြန်း၍ မရခဲ့ပေ။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.