ကျော်လင်းထွန်း
တပ်မတော်က တပ်သားသစ်အဖြစ် စုဆောင်းခြင်းကို ခံခဲ့ရသည့် မသန်စွမ်း ကလေးတစ်ဦး၏ အခြေအနေနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းလိုက်ယူနေသော မြန်မာနောင်း (Myanmar Now) သတင်းဌာနမှ သတင်းထောက် သုံးဦးအား တပ်မတော်က ဇွန် ၂၃ ရက်၊ မွန်းလွဲ ၃ နာရီမှ ညနေငါးနာရီကျော်အထိ ထိန်းသိမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါသတင်းဌာနမှ သိရသည်။
တပ်သားသစ်အဖြစ် ပြီးခဲ့သည့် သုံးလခန့်က စုဆောင်ခြင်းခံခဲ့ရပြီး လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် အမှတ် (၈) စစ်အခြေခံ လေ့ကျင့်ရေးကျောင်းတွင် စစ်သင်တန်းတက်ရောက်နေရသည့် အသက် ၁၆ နှစ်အရွယ် မသန်စွမ်းကလေး မောင်သက်မင်းပိုင်၏ အခြေအနေနှင့် ပတ်သက်၍ နောက်ဆက်တွဲသတင်းလိုက်ယူရန် မြန်မာနောင်း သတင်းထောက် မကေဇွန်နွေး၊ မဝင်းနန္ဒာနှင့် ကိုဖြိုးသီဟချိုတို့သည် အဆိုပါ မြို့နယ်သို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။
၎င်းတို့သည် ကလေး၏ မိသားစုနှင့်အတူ တပ်မတော်နယ်မြေ အပြင်ဘက် ရပ်ကွက်ထဲတွင် တွေ့ဆုံမေးမြန်း သတင်းမှတ်တမ်း ရယူမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ထို့နောက် မိသားစုဝင်များက မောင်သက်မင်းပိုင်နှင့် တွေ့ဆုံရန်ရှိသည့်အတွက် လေ့ကျင့်ရေးစခန်းအတွင်းသို့ သွားရောက်ရာ အဆိုပါသတင်းထောက်များလည်း တပ်စခန်းအတွင်းသို့ လိုက်ပါသွားစဉ် တပ်မတော်သားအချို့က ထိန်းသိမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“သူတို့ စခန်းထဲကို လိုက်သွားပါတယ်၊ ဒါပေမယ့် ဓာတ်ပုံတွေ ဘာတွေ၊ ဘာမှ မရိုက်ဘဲ ဒီမိသားစုနဲ့ အတူပဲ လိုက်သွားတာပါ။ အခုချိန်မှာ ဒီသတင်းအခြေအနေထက် ကျွန်တော်တို့ရဲ့ သတင်းထောက်သုံးဦး လုံခြုံရေးအခြေအနေကိုပဲ ကျွန်တော်တို့ စိုးရိမ်ပူပန်မိပါတယ်” ဟု မြန်မာနောင်းသတင်းဌာန၏ အယ်ဒီတာ ဦးဇာနည်ဝင်းက Frontier ကို ဇွန် ၂၃ ရက် ညနေ ၅ နာရီက ပြောကြားသည်။
ထိန်းသိမ်းစစ်ဆေးခံရပြီး တစ်နာရီခန့်အကြာတွင် ဖုန်းအဆက်အသွယ် ပြတ်တောက်ခဲ့ကာ ညနေ ၅ နာရီ ၁၅ မိနစ် အချိန်ရောက်မှ အယ်ဒီတာများအနေဖြင့် ၎င်းတို့၏ သတင်းထောက်များနှင့် ဖုန်းအဆက်အသွယ် ပြန်လည် ရရှိခဲ့ခြင်း ဖြစ်သည်။
class=
မြန်မာနောင်းသတင်းဌာနအနေဖြင့် သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့နှင့် ဆက်သွယ်လျက် အခြေအနေအား တင်ပြခဲ့ရာ ညနေ ၅ နာရီ ၂၅ မိနစ် ဝန်းကျင်ခန့်တွင် ညှိနှိုင်းမှုများ ပြေလည်ခဲ့ပြီး ခေတ္တထိန်းသိမ်း စစ်ဆေးခံနေရသူ သတင်းထောက် သုံးဦးအနေဖြင့် ညနာရီ ၅ နာရီခွဲဝန်းကျင်တွင် တပ်နယ်မြေအတွင်းမှ ပြန်လည်ထွက်ခွာနိုင်ခဲ့သည်။
သို့ရာတွင် တပ်နယ်မြေအတွင်း ကိုယ်တိုင်ဝင်ရောက် လေ့လာသည်မှအပ မှတ်တမ်းဓာတ်ပုံရိုက်ယူခြင်းများ မပြုလုပ်ခဲ့သော်လည်း တပ်မတော်က ဟန့်တားစစ်ဆေးမှုများ ပြုလုပ်ပြီးနောက်တွင် သတင်းထောက်များနှင့် ပါလာသည့် ကင်မရာအတွင်းရှိ အဆိုပါသတင်းနှင့်ဆက်စပ် မှတ်တမ်းဓာတ်ပုံများပါဝင်သော မန်မိုရီကတ်တစ်ခုကို သိမ်းဆည်း ရယူထားခဲ့ကြောင်း မြန်မာနောင်းသတင်းဌာနမှ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး မြတ်မင်းဦးထံ Frontier က ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက အဆိုပါကိစ္စကို မသိရှိသေးကြောင်းနှင့် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ တပ်မတော်လေ့ကျင့်ရေး ဒုတိယအရာရှိချုပ် ဗိုလ်ချုပ်စိုးနိုင်ဦးထံ ဆက်သွယ်ရန် တယ်လီဖုန်းဖြင့် သုံးကြိမ် ကြိုးပမ်းခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် သမင်ခြံကျေးရွာဇာတိ၊ အြာကားအာရုံ မသန်စွမ်းသူ အသက် ၁၆ နှစ်အရွယ် မောင်သက်မင်းပိုင်သည် ထားဝယ်မြို့ရှိ ရော်ဘာခြံတစ်ခြံတွင် အလုပ်လုပ်နေရင်း တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရခြင်းဖြစ်သည်။ ၎င်းအား မိသားစုက ပြန်လည်ခေါ်ယူနိုင်ခြင်းမရှိသေးပဲ ထိုသို့ တပ်သားသစ်အဖြစ် စုဆောင်းခံရသည့် ကိစ္စကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားထားကြောင်း Myanmar Now က ဇွန် ၂၀ ရက်နေ့တွင် ရေးသားခဲ့သည်။ (အဆိုပါသတင်းဖတ်ရှုရန် ဤနေရာတွင် နှိပ်ပါ။)
UPDATED on 11:00 AM, June 24.