ရန်ကုန်၊ ဇန်နဝါရီ ၂၆
မသန်စွမ်းသူများအား ခွဲခြားဆက်ဆံကာ ထုတ်ပြန်ခဲ့သည့် အလုပ်ကြေညာချက်နှင့် ကျောင်းဝင်ခွင့် ကြေညာချက်များက မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသောကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက် တုန့်ပြန်သွားမည်ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အကုန်ပိုင်းခန့်က ထုတ်ပြန်ခဲ့ပြီး လူမှုကွန်ရက်ဖြစ်သည့် Facebook ပေါ်တွင် မကြာသေးမီက ပြန့်နှံ့နေသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အလုပ်ခေါ်သည့် ကြေညာချက်နှင့် ပညာရေးတက္ကသိုလ်ကျောင်းဝင်ခွင့် ကြေညာချက်များတွင် မသန်စွမ်းသူများကို လက်ခံမည်မဟုတ်ဟု ဖော်ပြထားသဖြင့် ဝေဖန်မှုများ ပေါ်ထွက်နေသည်။
“အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ကျွန်တော်ရဲ့ ရင်ထဲကလာတဲ့ ခံစားချက်နဲ့ပြောရရင် အဲဒါကို မကျေနပ်ဘူး။ ပြီးတော့ ဒါက မသန်စွမ်းသူများအားလုံးရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေပါတယ်” ဟု ရွှေမင်းသားဖောင်ဒေရှင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဝဏ္ဏကျော်စွာက Frontier ကို ပြောကြားသည်။
“ကျွန်တော်တို့အချင်းချင်း ဒီကိစ္စနဲ့ပတ်သက်လို့ ဖုန်းပြောပြီးပါပြီ။ ပြီးတော့ မသန်စွမ်းသူများ အသင်းအဖွဲ့တွေနဲ့ အရေးကြီး အစည်းအဝေးတစ်ခု လုပ်သွားဖို့လည်း ရှိပါတယ်” ဟု၎င်းကပြောသည်။
ပညာရေးဝန်ကြီးဌာန၊ ပုသိမ်ဆရာအတတ်သင်ပညာရေးကောလိပ်က ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် သင်တန်းတက်ရောက်ကြမည့်သူများ၏ ကိုယ်ရည်ကိုယ်သွေး သတ်မှတ်ချက်အဖြစ် မသန်စွမ်းသူများ ဖြစ်ပါက သင်တန်းတက်ရောက်ခွင့်ပြုမည်မဟုတ်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးအတွက် အလုပ်ခေါ်ယူရာတွင်လည်း ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းသူဖြစ်ရမည်ဟု ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။
ထို့အတူ ပညာရေးဝန်ကြီးဌာန၊ နည်းပညာနှင့် သက်မွေးပညာဦးစီးဌာနက အစိုးရနည်းပညာ သင်တန်းကျောင်းများတွင် ၂၀၁၆-၁၇ ခုနှစ် သင်တန်းများအတွက် သင်တန်းသားသစ်များ ခေါ်ယူရာတွင် လျှောက်ထားသူသည် ကိုယ်လက်အင်္ဂါ သန်စွမ်းသူဖြစ်ရမည်ဟု ပါရှိနေသည်။
အဆိုပါသတ်မှတ်ချက်များသည် အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ၂၀၁၅ ခုနှစ်၊ ဇွန်လက အတည်ပြုခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များနှင့် သိသိသာသာ ဆန့်ကျင်နေသည်ကို တွေ့ရသည်။
မသန်စွမ်းသူများသည် အခြားသူများနည်းတူ ညီမ ျှသော အခွင့်အရေးများ ရှိစေရမည်ဟု အဆိုပါ ဥပဒေတွင် ဖော်ပြထားသည်။ ထို့ပြင် မသန်စွမ်းသူတိုင်းသည် “အစိုးရပိုင်၊ အများပိုင်၊ ပုဂ္ဂလိကပိုင်နှင့် အဖွဲ့အစည်းပိုင်ကျောင်းများ၊ သင်တန်းများ၊ သိပ္ပံများ၊ ကောလိပ်နှင့် တက္ကသိုလ်များတွင်လည်းကောင်း၊ ပုဂ္ဂလိက ပညာသင်ကျောင်းနှင့် ပုဂ္ဂလိက အသက်မွေးမှု သင်တန်းကျောင်းများတွင်းလည်းကောင်း ပညာသင်ယူပိုင်ခွင့်ရှိသည်” ဟု ဖော်ပြထားသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၃၄၉ (က)တွင် နိုင်ငံသားများသည် ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်မှုတွင် တူညီသည့် အခွင့်အလမ်း ရရှိစေရမည်ဟု ဖော်ပြထားသည်။
၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းသည် မသန်စွမ်းသူများ ဖြစ်ကြသည်။
“ဝန်ကြီးဌာနတွေက ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်တွေက ကျွန်တော်တို့ရဲ့ လူ့စွမ်းအား အရင်းအမြစ်ကို အသုံးပြုမှုမှာ မပါဝင်စေချင်တဲ့သဘော သက်ရောက်နေပါတယ်” ဟု ကိုဝဏ္ဍကျော်စွာက ပြောကြားသည်။
မသန်စွမ်းသူများအား သာမန်ကျောင်းများတွင် တက်ရောက်ခွင့်မပြုစေရန် တားမြစ်ထားသည့် အစိုးရ၏ ပေါ်လစီကြောင့် အဆိုပါအချက်မှာ ဖြစ်နိုင်ကြောင်းလည်း ၎င်းကပြောကြားသည်။
“လက်ရှိမှာ ၈၃ ရာခိုင်နှုန်းသော မသန်စွမ်းလူဦးရေသည် ပုံမှန် ပညာရေးကို မရပဲ ပညာရေးလမ်းကြောင်းတွေ ပျောက်နေရတယ်” ဟု ၎င်းကပြောကြားသည်။
မသန်စွမ်းသူများကို ကန့်သတ်တားမြစ်ထားသည့် ကြေညာချက်များနှင့် ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံ စာပေးပို့သွားရန် အစီအစဉ်ရှိသည်ဟုလည်း ကိုဝဏ္ဍကျော်စွာကပြောကြားသည်။
ပညာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ထဲ Frontier က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
သတင်း-ဆုမြတ်မွန်