မဘသအပေါ် ပိုမိုနားလည်သဘောပေါက်မှုရှိရန် ICG တိုက်တွန်း

အမျိုးသားရေးဝါဒက ပေးလာသော စိန်ခေါ်မှုများကို ထိရောက်စွာ ကိုင်တွယ်ရန်နှင့် အကြမ်းဖက်နိုင်မည့် အန္တရာယ်များကို လျော့ချရန် ထိရောက်သောနည်းလမ်းများကို ရှာဖွေမည်ဆိုပါက မဘသကို ကွဲပြားစွာ နားလည် သဘောပေါက်မှု ပိုမိုရရှိရန်မှာ အလွန်အရေးကြီးသည်ဟု International Crisis Group (ICG) က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“မဘသအဖွဲ့၏ သဘာဝနှင့် ၎င်းအား လူကြိုက်များမှု အတိုင်းအတာတို့အပေါ် အစိုးရအပါအဝင်ကပင် ကျယ်ကျယ်ပြန့်ပြန့် နားလည်မှုလွဲနေသည်” ဟု ဘရပ်ဆဲအခြေစိုက်အဖွဲ့ကြီးက “မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒကို ပြန်လည်လေ့လာသုံးသပ်ခြင်း” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၅ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“သို့သော် ထိုအတွက် မသက်မသာ ဖြစ်ကောင်းဖြစ်မည်ဖြစ်သော်လည်း အစိုးရနှင့် နိုင်ငံတကာမိတ်ဖက်များသည် အစွန်းရောက်အမျိုးသားရေးဝါဒက ပေးလာသော စိန်ခေါ်မှုများကို ထိရောက်စွာ ကိုင်တွယ်ရန်နှင့် အကြမ်းဖက်နိုင်မည့် အန္တရာယ်များကို လျှော့ချရန် ထိရောက်သောနည်းလမ်းများကို ရှာဖွေမည်ဆိုပါက မဘသကို လူမှုရေးအရ ပံ့ပိုးနေသော အရင်းအမြစ်များကို ယခင်နားလည်မှုများနှင့် မတူပဲ အနည်းငယ်ကွဲပြားသော နားလည်သဘောပေါက်မှု ပိုမိုရရှိရန်မှာ အလွန်အရေးကြီးသည်” ဟု ICG က ပြောကြားထားသည်။

မဘသအဖွဲ့မှာ နိုင်ငံရေး၊ သို့မဟုတ် မူဆလင်ဆန့်ကျင်ရေးရည်မှန်းချက်များကိုသာ ကျဉ်းမြောင်းစွာ အာရုံစိုက်နေသည့် အဖွဲ့တစ်ခုထက်ပို၍ မဘသအဖွဲ့ကိုယ်တိုင်နှင့် ၎င်းကို ထောက်ခံသူများက “လူမှုရေးနှင့် ဘာသာရေးလှုပ်ရှားမှုကို ကျယ်ပြန့်စွာအခြေခံ၍ လုပ်ဆောင်နေသောအဖွဲ့ဟု ရှုမြင်ကြပြီး သမိုင်းကြောင်းအရ ဗုဒ္ဓဘာသာဖြစ်ကာ ကွဲပြားမှုမရှိခဲ့သော နိုင်ငံနှင့် လူ့အဖွဲ့အစည်းတွင် သူမတူသော ပြောင်းလဲမှုနှင့် မသေချာမှုများ ဖြစ်နေချိန်၌ ဗုဒ္ဓဘာသာကို အကာအကွယ်ပေးရန်နှင့် မြှင့်တင်ပေးရန် အရေးအကြီးဆုံးဖြစ်သောကြောင့် ရည်စူး လုပ်ဆောင်နေမှုများအပါအဝင် အခြားလှုပ်ရှားမှုများကိုပါ လုပ်ဆောင်နေသည်” ဟု ရှုမြင်ထားကြသည်။

မဘသကို ဖြိုခွင်းရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများသည် မဘသသာမရှိတော့ပါက မိမိတို့၏ ယုံကြည်ကိုးကွယ်ရာဘာသာကို ကာကွယ်စောင့်ရှောက်ပေးမည့်သူများ အားနည်းသွားပြီဟူသော ခံယူချက်ကိုသာ ကျယ်လောင်လာစေမည်ဖြစ်သည်ဟုလည်း ICG က ထောက်ပြထားသည်။

အကယ်၍ အစိုးရသည် မဘသကို မတရားအသင်းကြေညာမည်ဟု ၎င်းတို့၏ ခြိမ်းခြောက်ချက်ကိုသာ ဆောက်ရွက်ခဲ့မည်ဆိုပါက နိုင်ငံတဝှမ်းပြင်းထန်သောရိုက်ခတ်မှုများ ရှိလာနိုင်ပြီး အကြမ်းဖက်မှုပင် ဖြစ်လာနိုင်သည်ဟုလည်း သတိပေးထားသည်။

“မဘသကို ကျယ်ကျယ်ပြန့်ပြန့်လေးစားမှုရှိပြီး နှစ်လိုဖွယ်ကောင်းသည့် ဘုန်းတော်ကြီးအချို့က ဦးဆောင်သည်။ အစိုးရနှင့် နိုင်ငံတော်ဘာသာရေးဆိုင်ရာ အာဏာပိုင်များထက်စာလျှင် ဘာသာရေးကိစ္စရပ်များအတွက် ထိုဘုန်းတော်ကြီးများ၏ ပြောဆိုလုပ်ကိုင်မှုများ၏ မြန်မာဗုဒ္ဓဘာသာအများစု၏အမြင်တွင် ပိုမို တရားဝင်သည်ဟု ရှုမြင်ကြသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစိုးရနှင့် ပြင်ပမှ လေ့လာစောင့်ကြည့်သူများက မဘသကို နိုင်ငံရေးအရ ဆန္ဒပြရန် မြှောက်ပေးနေသူများ အမုန်းစကား ဖြန့်ဖြူးနေသူများအဖြစ် ရှုမြင်ထားကြသည်။ သို့သော်အခြားတစ်ဖက်တွင်လည်း ရပ်ရွာအဆင့် တနင်္ဂနွေ ဗုဒ္ဓဘာသာကျောင်းများ၊ လူမှုရေးလုပ်ငန်းများနှင့် ယဉ်ကျေးလိမ်မာပညာရေးများမှသည် ဥပဒေဆိုင်ရာ အကူအညီများနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးများအထိ ကောင်းမွန်သောလုပ်ဆောင်မှုအတော်များများတွင် ပါဝင်လုပ်ဆောင်ခြင်းကြောင့် မဘသ၏ ပါတီနိုင်ငံရေးနှင့် အမုန်းစကားကိစ္စများတွင် ပါဝင်ပတ်သက်မှုကို ဆန့်ကျင်သူများအပါအဝင် ပြည်သူအတော်များများက မဘသကို နှစ်သက်ကြသည်။

အစိုးရအနေဖြင့် အမုန်းစကားများ၊ အားပေးလှုံ့ဆော်မှုများနှင့် အကြမ်းဖက်မှုများကို အားကောင်းကောင်းနှင့် ဆက်လက်အရေးယူရမည်ဖြစ်သော်လည်း ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီနှင့် မဘသကဲ့သို့သော အုပ်စုများ၏ ကျယ်ပြန့်စွာ ဖြစ်တည်နေသည့် အခြေအနေများကို ကိုင်တွယ်ရာတွင် ထိပ်တိုက်ရင်ဆိုင်တွေ့ခြင်းများနှင့် ဥပဒေဖြင့် အရေးယူဆောင်ရွက်ခြင်းများသည် ထိရောက်ဖွယ်မရှိဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုအစား ပိုမို၍ ဒီမိုကရေစီကျသော အခြေအနေမျိုးတွင် ဗုဒ္ဓဘာသာ၏နေရာကို ၎င်း၏သတ်မှတ်ချက်များဖြင့် ပြန်လည် ပုံဖော်ပေးခြင်းနှင့် အစိုးရအနေဖြင့် အပေါင်းလက္ခဏာဆောင်သော မျှော်မှန်းချက်ကို ချမှတ်ခြင်းဖြင့်သာ ထိန်းချုပ်သင့်သည်ဟု တိုက်တွန်းထားသည်။

“တပြိုင်နက်လုပ်သင့်သည်မှာ အစိုးရအနေဖြင့် နောက်ကွယ်တွင်ရှိနေသော ကျေနပ်မှုမရှိသည့် ခံစားနေရမှုများကို ကိုင်တွယ်ဖြေရှင်းသင့်သည်” ဟု ICG က ပြောကြားထားသည်။

ထိုကဲ့သို့ ကျေနပ်မှုမရှိသည့် ခံစားချက်များကြောင့် ပြည်သူများအနေဖြင့် ထိုခံစားချက်များကို မူတည်ကာ ပေါ်ထွက်လာသည့် အမျိုးသားရေးပြောဆိုရေးသားမှုများကို ထောက်ခံလာစေသည်ဟု ပြောကြားထားသည်။ ထိုအထဲတွင် စီးပွားရေးမှာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။

“စီးပွားရေးအပေါ် ပို၍ ထင်သာမြင်သာအောင် ဦးတည်လုပ်ဆောင်မှုများ ရှိလာပါက အစိုးရက သာမန်ပြည်သူများအတွက် ပိုကောင်းသောအခွင့်အလမ်းများ၊ အလုပ်အကိုင်များ၊ ပိုတောက်ပသော အနာဂတ်များကို ဦးစားပေးနေသည်ဟူသော ယုံကြည်ချက်မျိုးကို ပြည်သူများ ရရှိလာစေသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ပြည်သူများအနေဖြင့် ထိုသို့သောအခွင့်အလမ်းများတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်ပြီဟု ပိုမိုခံစားရလေလေ၊ အမျိုးသားရေးကွန်ယက်အပြင်ဘက်တွင် လုပ်ကိုင်နိုင်သည့်လမ်းကြောင်းများ ပိုလာလေလေ၊ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဖန်တီးနိုင်သည်ဟူသော သဘောကို ပိုမိုရရှိလာလေလေဖြစ်သည်” ဟု ဆက်လက်ဖော်ပြထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.