မန္တလေးတိုင်းရှိ မြေဧက ၄၀,၀၀၀ ကို သိမ်းယူရန် အစိုးရက စီစဉ်နေ

မန္တလေး

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးခြင်းမရှိပဲ လစ်လပ်နေသည့် မြေဧက ၄၀,၀၀၀ အား နိုင်ငံ၏ အကျိုးအတွက် အသုံးပြုရန် အစိုးရက သိမ်းယူသွားမည်ဟု တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၅ ရက်နေ့တွင် ပြောကြားသည်။

ပြီးခဲ့သည့် စစ်အစိုးရ၏ နှစ်ပေါင်း ၅၀ ကျော် အုပ်စိုးခဲ့စဉ်အချိန်အတွင်း မြေသိမ်းဆည်းမှု များစွာဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံတွင် မြေယာပိုင်ဆိုင်ခွင့်ကြောင့် ပြဿနာများ အများဆုံးဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ အာဏာရရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက မြေယာပြဿနာများ ဖြေရှင်းပေးရေးမှာ ၎င်းတို့ အရပ်သားအစိုးရ၏ ဦးစားပေးလုပ်ငန်းဖြစ်သည်ဟု ပြောကြားထားသည်။

“အသုံးမပြုတဲ့ မြေဧက ၄၀,၀၀၀ ကျော်ကို လာမယ့် ဧပြီလက စတင်ပြီး ကျွန်တော်တို့ သိမ်းယူမှာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးစိုးသန်းက အေအက်ဖ်ပီကို ပြောကြားသည်။

“ဒီမြေတွေပေါ်မှာ ဘာမှ စိုက်ပျိုးထားခြင်းမရှိတာ နှစ်တွေအတော်ကြာနေပါပြီ။ တိုင်းပြည်ရဲ့ အကျိုးအတွက် အစိုးရက ဒီမြေတွေကို အသုံးချမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ အဆိုပါမြေများသည် ကော်ဖီစိုက်ပျိုးရန် သင့်တော်သည်ဟုလည်း ၎င်းကဆက်လက်ပြောကြားသည်။

သို့သော် အဆိုပါမြေများ မည်သည့်နေရာတွင် တည်ရှိသည်ဆိုသည်နှင့် အဆိုပါမြေများပေါ်တွင် နေထိုင်နေသူများ ရှိမရှိကိုမူ ကွဲကွဲပြားပြား မသိရှိရသေးပေ။

၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့သည့် ဥပဒေအရ တိုင်းပြည်တွင်းရှိ အသုံးမပြုသော မြေများ၊ မထွန်ယက်သည့်မြေများနှင့် မြေလွတ်မြေရိုင်းများကို အစိုးရအနေဖြင့် သိမ်းယူခွင့်ရှိသည်။

မြန်မာနိုင်ငံတွင် မြေယာသိမ်းဆည်းမှု အများစုမှာ စစ်အစိုးရက ချုပ်ကိုင်ထားသည့် ဆိုရှယ်လစ်စနစ်မှ ဈေးကွက်စီးပွားရေးစနစ်ပုံစံသို့ အစီအစဉ်မကျ ကူးပြောင်းခဲ့သည့် ၁၉၉၀ ပြည့်နှစ် အစောပိုင်းမှ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလအတွင်း ဖြစ်ပွားခဲ့သည်။

မြေနေရာအများစုကို စစ်တပ်အရာရှိများအပြင် ၎င်းတို့နှင့် နီးစပ်သည့် ခရိုနီများက သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် ပုဂ္ဂလိက ကုမဏီများထံ မြေကွက်များကို ပြန်လည် ငှားရမ်းခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး၌ ၂၀၁၀ ပြည်နှစ် တစ်နှစ်တည်းမှာပင် မြေဧက ၅,၀၀၀ အထိ သိမ်းဆည်းခံခဲ့ရသည်ဟု မြေယာအခွင့်အရေးလှုပ်ရှားသူ Land in Our Hands အဖွဲ့က ပြောကြားသည်။

မြေယာပိုင်ဆိုင်ကြောင်း အထောက်အထား စာရွက်စာတမ်းများရှိသူ လယ်သမားအရေအတွက်မှာ အနည်းငယ်သာ ရှိနေသည်။

မြေယာသိမ်းဆည်းမှုများနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ပေးရန် အစိုးရက ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းပေးခဲ့သည့် ကော်မရှင်ကလည်း သိမ်းဆည်းခံထားရသည့် မြေဧက ထောင်ပေါင်းများစွာမှ အနည်းငယ်ကိုသာ ဖြေရှင်းနိုင်သေးသည်။

သတင်း-အေအက်ဖ်ပီ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.