ရန်ကုန်၊ ဇန်နဝါရီ ၉
မီးငြှိမ်းသပ်နေသည့် မီးသပ်တပ်ဖွဲ့ဝင်များ၊ ဓာတ်ပုံ- အီးပီအေ/လင်းဘိုဘို
ရန်ကုန်မြို့၊ မင်္ဂလာဈေးတွင် ယနေ့ နံနက် ၁ နာရီခွဲခန့်က စတင်လောင်ကျွမ်းနေသည့် မီးအား နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ထိန်းချုပ် ငြှိမ်းသပ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တည်ရှိသည့် အဆိုပါ ဈေး၏ လေးလွှာတွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကာ နံနက် ၃ နာရီခွဲခန့်တွင် ပေါက်ကွဲမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး ဈေး၏ ငါးလွှာနှင့် ခြောက်လွှာများ ပြိုကျခဲ့သဖြင့် မီးသတ်ကားအချို့ပါ နေရာပြောင်းရွှေ့ ခဲ့ရသည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။ နံနက် ၃ နာရီခွဲအချိန်ခန့်တွင် သုံးလွှာနှင့် နှစ်လွှာတို့ကိုပါ ကူးစက်လောင်ကျွမ်းခဲ့ပြီး မီးသတ်သမားများလည်း ထိခိုက်မှုအချို့ရှိခဲ့သည်ဟု သိရသည်။ ဈေးကြီးတွင် အများဆုံးဖွင့်လှစ်ထားသော ဆေးဆိုင်တန်းများတွင် ပေါက်ကွဲမှုများ ရှိခဲ့ပြီး မီးအပူရှိန် ပြင်းထန်သဖြင့် အနီးနားရှိ
မီးလောင်ကျွမ်းနေမှုအား တွေ့ရစဉ်။ ဓာတ်ပုံ- အီးပီအေ/လင်းဘိုဘို
နေအိမ်များကို မီးမကူးစက်စေရန် ကြိုးစားထိန်းချုပ်ခဲ့ရသည်။
မီးမှာ လေးနာရီခန့်ကြာအောင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သလို အထပ်မြင့်ဈေးဖြစ်သဖြင့် မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၅၈ စီး၊ အမြင့်တင် မီးသတ်ယာဉ် နှစ်စီး၊ လှေခါးတင် မီးသတ်ယာဉ် လေးစီးဖြင့် ခက်ခက်ခဲခဲ ငြှိမ်းသပ်ခဲ့ကြရသည်။ မီးလောင်ပြင်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုံခြုံရေး ရယူပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေလာရောက် ကွပ်ကဲခဲ့သည်။
မီးကို ထိန်းချုပ်နိုင်ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက ဈေးအတွင်း ဝင်ရောက်ကာ အတွင်းဆိုင်ခန်းများတွင် လှိုက်ကာ လောင်ကျွမ်းနေသည့် မီးအကြွင်းအကျန်များကို နံနက် ၈ နာရီခန့်အထိ ဆက်လက်ငြှိမ်းသပ်နေဆဲဖြစ်သည်။
မင်္ဂလာဈေးသည် ဆေးနှင့် ဆေးပစ္စည်းများ အဓိက ဖြန့်ဖြူးသည့် ဈေးတစ်ခုဖြစ်ကာ ၂၀၁၀ ခုနှစ် မေလအတွင်းကလည်း ပျက်စီးဆုံးရှုံးမှု များပြားသည့် ကြီးမားသော မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ဖူးသည်။ ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဈေးကို အကြီးစား ပြင်လည်ပြင်ဆင်ကာ ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ယခု မီးလောင်ကျွမ်းမှု အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု ပမာဏကို မသိရှိရသေးသော်လည်း ဆုံးရှုံးမှုများပြားဖွယ်ရှိနေသည်။
သတင်း- FRONTIER သတင်းအဖွဲ့
မီးကြွင်းမီးကျန်များကို ဆက်လက်ငြှိမ်းသပ်နေစဉ်။ ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့