ရန်ကုန်၊ ဇန်နဝါရီ ၉
မင်္ဂလာဈေးတွင် ယနေ့ နံနက်အစောပိုင်းက လောင်ကျွမ်းခဲ့သောမီးကြောင့် ကျပ်သန်း ၃၆,၀၆၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
ယနေ့ နံနက် ၁ နာရီ မိနစ် ၂၀ ခန့်တွင် စတင်ခဲ့သည့် မီးလောင်မှုကြောင့် ဈေး အပေါ်ဆုံးထပ် (အမိုး) ရှိ စားသောက်ဆိုင် ၄၈ ခန်း၊ စတုတ္ထထပ်ရှိ ဆိုင်ခန်းပေါင်း ၇၉၇ ခန်းနှင့် တတိယထပ်ရှိ ဆိုင်ခန်း ၇၉၁ ခန်း၊ ဆိုင်ခန်း စုစုပေါင်း ၁,၆၃၆ ခန်း ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် ကျပ်သန်း ၃၆,၀၆၀ ဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။ မီးလောင်ကျွမ်းခဲ့သည့် ဆိုင်အများစုမှာ ဆေးနှင့် ဆေးပစ္စည်းဆိုင်များနှင့် အလှကုန်ဆိုင်များ ဖြစ်ကြသည်။
အဆိုပါ မီးလောင်မှုမှာ ငါးနာရီကျော် ကြာမြင့်ခဲ့ပြီး နံနက် ၇ နာရီကျော်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် အစီး ၅၀ ကျော်အပါအဝင် အမြင့်တင် မီးသတ်ယာဉ်များ၊ လှေခါးတင် မီးသတ်ယာဉ်များကိုပါ အသုံးပြုပြီး ခက်ခက်ခဲခဲ ငြှိမ်းသတ်ခဲ့ကြရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တည်ရှိသည့် အဆိုပါ ဈေး၏ လေးလွှာတွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု သိရပြီး နံနက် ၃ နာရီခွဲခန့်တွင် ပေါက်ကွဲမှုအချို့ ဖြစ်ပေါ်ခဲ့ကာ အပေါ်ထပ်အချို့ ပြိုကျခဲ့သဖြင့် မီးသတ်ကားအချို့ပါ နေရာပြောင်းရွှေ့ ခဲ့ရသည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။ နံနက် ၃ နာရီခွဲအချိန်ခန့်တွင် သုံးလွှာနှင့် နှစ်လွှာတို့ကိုပါ ကူးစက်လောင်ကျွမ်းခဲ့သည်။ ဈေးကြီးတွင် အများဆုံးဖွင့်လှစ်ထားသော ဆေးဆိုင်တန်းများတွင် ပေါက်ကွဲမှုများ ရှိခဲ့ပြီး မီးအပူရှိန် ပြင်းထန်သဖြင့် အနီးနားရှိ နေအိမ်များကို မီးမကူးစက်စေရန် ဆောင်ရွက်ခဲ့ကြရသည်။
ညနေပိုင်းအချိန်အထိ မိးသတ်သမားများက ဈေးအဆောက်အဦးအတွင်း ဝင်ရောက်ကာ မီးအကြွင်းအကျန်များကို ငြှိမ်းသတ်နေကြဆဲဖြစ်သလို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်အင်အား ၁၆၀ ဖြင့် လုံခြုံရေးဆောင်ရွက်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းတွင် ဖော်ပြထားသည်။ မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်သည်။
မင်္ဂလာဈေးအနီးတွင် တည်ရှိသည့် ယုဇနပလာဇာကိုလည်း လုံခြုံရေးအခြေအနေအရ ယနေ့ပိတ်ထားသည်ကို တွေ့ရသည်။
မီးလောင်ကျွမ်းခဲ့သည့် ဆိုင်ခန်းပိုင်ရှင်များကို အနီးရှိ ရွှေမင်္ဂလာဈေး ယာဉ်ရပ်နားရန်နေရာတွင် ယာယီနေရာချထားပေးရန် စီစဉ်နေသည်ဟု သတင်းများတွင် ဖော်ပြထားသည်။
မင်္ဂလာဈေးသည် ရန်ကုန်မြို့ရှိ ဈေးကြီးများအနက် တစ်ခုဖြစ်ကာ ဆေးနှင့် ဆေးပစ္စည်းများ အဓိက ဖြန့်ဖြူးသည့် ဈေးတစ်ခုဖြစ်သည်။ ၂၀၁၀ ခုနှစ် မေလအတွင်းကလည်း ပျက်စီးဆုံးရှုံးမှု များပြားသည့် ကြီးမားသော မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ဖူးကာ မီးအပြီးသတ်ငြှိမ်းသတ်ရန် နှစ်ရက်ခန့် ကြာမြင့်ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အကြီးစား ပြင်လည်ပြင်ဆင်ကာ ဈေးကို ပြန်လည် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
သတင်း- FRONTIER သတင်းအဖွဲ့