“ဘာပဲဆောက်ဆောက် ခိုင်အောင်ဆောက်” ဟု ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

နော်ဆိုင်း

စာသင်ကျောင်း၊ ဆေးရုံ နှင့် အခြေခံအဆောက်အဦများရော ပုဂ္ဂလိကပိုင်အဆောက်အဦများမှာပါ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည့် ဆောက်လုပ်ရေးနည်းစနစ်များဖြင့် တည်ဆောက်ပေးရန် အရေးကြီးကြောင်းနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမှာကြားသည်။

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန – ၂ ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ မြန်မာဘာသာစကားမှာ ခိုင်ခံ့တယ် ဆိုတဲ့ စကားလုံးက ကောင်းမွန်တဲ့ ပြယုဂ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ အခမ်းအနား ကနေ “ဘာပဲဆောက်ဆောက် ခိုင်အောင်ဆောက်ပေးကြပါ။ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချပေးနိုင်အောင်ဆိုတဲ့ အသိအမြင်လေးနဲ့ တည်ဆောက်ပေးကြပါ”ဟု ၎င်းကပြောသည်။

လက်ရှိအချိန်အထိ ငလျင်နှင့်ဆူနာမီမှာ ကမ္ဘာပေါ်ရှိ အဖျက်စွမ်းအား အကြီးမားဆုံး ဘေးအန္တရာယ်များ ဖြစ်ပြီး သဘာဝဘေးကြောင့် ကမ္ဘာပေါ်ရှိ လူသေဆုံးမှုမှာလည်း ငလျင်ကြောင့် သေဆုံးမှုက အများဆုံးဖြစ်ပြီး မုန်တိုင်းဘေးနဲ့ ရေဘေး တို့ကြောင့် သေဆုံးမှုက နောက်ကလိုက်သည်။

ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် နေပြည်တော် မြို့များသည် ငလျင်ကြောပေါ်မှာတည်ရှိပြီး အားလတ်ဇုန်နှင့် အားပြင်းဇုန်များအတွင်း ကျရောက်လျက်ရှိရာ ငလျင်ဘေးအတွက် အသိပညာပေးလုပ်ငန်းများ၊ ဇာတ်တိုက်လေ့ကျင့်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန်လိုကြောင်း ၎င်းကပြောသည်။

ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်ရည်ရွယ် တည်ဆောက်ထားသည့် ရေကာတာနှင့် ဆည်များ ကြံ့ခိုင်မှုမရှိလျှင်လည်း သဘာဝဘေး အန္တရာယ်များ၏နောက်ဆက်တွဲအန္တရာယ် ဖြစ်လာနိုင်ရာ ဘေးဒဏ်ခံနိုင်ရည်ရှိရန် အလွန်အရေးကြီးကြောင်းဆက်လက်မှာကြားသည်။

ယခုနှစ်ဆောင်ပုဒ်မှာ ပန်းတိုင်(၄)၊ Target(D)က သက္ကရာဇ် ၂၀၃၀ တွင် ဘေးအန္တရာယ်ကြောင့် အခြေခံအဆောက်အဦများနှင့် ဝန်ဆောင်မှုများ ထိခိုက် ဆုံးရှုံးမှုကိုအမြောက်အမြားလျှော့ချနိုင်ရန် ဖြစ်သည်။
၂၀၃၀ ခုနှစ်ဟု သတ်မှတ်ထားသော်လည်း အမြန်ဆုံး ဆောင်ရွက်နိုင်ပါကအကောင်းဆုံးဖြစ်ကြောင်း၎င်းကပြောသည်။

အာဆီယံဒေသတွင်း၌ ၂၀၀၄ ခုနှစ်တွင် အင်ဒိုနီးရှားငလျင်နှင့်ဆူနာမီ၊ ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နာဂစ်မုန်တိုင်းနှင့် ၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ဟိုင်ရန်းတိုက်ဖွန်းမုန်တိုင်းတို့မှာ ကမ္ဘာ့အဆိုးရွားဆုံး ဘေးအန္တရာယ်တွေစာရင်းတွင် ပါဝင်ခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း အာဆီယံနိုင်ငံများမှာ သဘာဝဘေးကြောင့် အမေရိကန်ဒေါ်လာ ၁၃၃ ဘီလီယံခန့် ထိခိုက်ဆုံးရှုံးခဲ့ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောသည်။

“ရာသီဥတုပြောင်းလဲမှုကြောင့် ဥတုနဲ့ဆက်စပ်တဲ့ သဘာဝဘေးတွေက ကြိုတင် ခန့်မှန်းဖို့ ပိုမိုခက်ခဲလာပါတယ်။ သဘာဝဘေးအန္တရာယ်တွေဖြစ်ပွားတဲ့ အကြိမ်အရေ အတွက် ပိုမိုများပြားလာသလို ပြင်းအားလည်း ပိုမြင့်မားလာတာ ဖြစ်ပါတယ်။ ဒီထက်ပိုဆိုး တာက သဘာဝဘေးအန္တရာယ်တွေဟာ နယ်စည်းမရှိတဲ့အတွက် တစ်နိုင်ငံမှာဖြစ်တဲ့ ဘေး အန္တရာယ်က တခြားအိမ်နီးချင်းနိုင်ငံတွေအတွက်ပါ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။”ဟု ၎င်းကပြောသည်။

ထို့အပြင် ၂၀၁၈ ခုနှစ် တစ်နှစ်ထဲမှာပင် တစ်ကမ္ဘာလုံး၌ သဘာဝဘေးအန္တရာယ် စုစုပေါင်း ၃၉၄ ခု ဖြစ်ပွားခဲ့ပြီး အာရှဒေသမှာ အများဆုံးဖြစ်ပွားခဲ့ကာ လူပေါင်း ၁၀၃၀၀ သေဆုံးခဲ့ပြီး စီးပွားရေးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံခန့်ရှိကြောင်း အဆိုပါအခမ်းအနားတွင်ထုတ်ပြန်သည်။

ထို့အပြင် ယမန်နှစ်က ရာသီဥတုဆိုင်ရာ သဘာဝဘေးကြောင့် လူပေါင်း ၁၇ ဒသမ ၂ သန်းခန့်မှာ နေရပ်ဒေသကို စွန့်ခွာခဲ့ကြရကြောင်း၊ ဖွံ့ဖြိုးမှုနှေးကွေးသည့်နိုင်ငံတွေများမှာ သဘာဝဘေးကြောင့် ထိခိုက်ဒဏ်ရာရမှု၊ နေအိမ်ဆုံးရှုံးမှု၊ နေရပ် စွန့်ခွာရမှု၊ အရေးပေါ်အကူအညီလိုအပ်မှုများမှာ ဖွံဖြိုးပြီးနိုင်ငံများထက် ၆ ဆခန့် ပိုပြီးများပြားခဲ့သည်။

ဘေးအန္တရာယ်ဖြစ်ပွားသည့်အချိန်တိုင်းတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး နိုင်ငံ၏ တာဝန်ရှိသူများအပေါ် အားမလိုအားမရ ဖြစ်ကြသည်မှာ ကမ္ဘာတစ်လွှားတွင် တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
“ပြည်သူ့ဒုက္ခ၊ ကိုယ့်ဒုက္ခ လို့သဘောထားပြီး ပြည်သူတွေရဲ့ ထိခိုက်ခံစားရမှုတွေ လျော့နည်းသက်သာ စေဖို့ အစိုးရပိုင်းက လိုအပ်တာတွေ ပံ့ပိုးပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။”ဟု ၎င်းကပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.