ဘန်ကောက်တွင် ပြန်ပေးဆွဲခံထားရသည့် မြန်မာ မောင်နှမနှစ်ဦးကို ထိုင်းအာဏာပိုင်များက ကယ်တင်

ဘန်ကောက်၊ ဇွန် ၉

နိုင်ငံဖြတ်ကျော် လူကုန်ကူးဂိုဏ်ဝင်ဟု ယူဆခံထားရသူတစ်ဦးက တန်ဆာခံအဖြစ် ဖမ်းဆီးထားသည့် မြန်မာမောင်နှမ နှစ်ဦးကို ထိုင်းနိုင်ငံ ပူးပေါင်း လုံခြုံရေးအဖွဲ့ဝင်များက ဘန်ကောက်မြို့တွင် ကယ်တင်လိုက်သည်ဟု ထိုင်းသတင်းစာက ယနေ့ ရေးသားထားသည်။

လူကုန်ကူးမှု တားဆီးရေးဌာနခွဲနှင့် နယ်မြေအုပ်ချုပ်ရေးဦးစီးဌာန ပူးပေါင်းအဖွဲ့တို့က ကယ်တင်မှုကို ဇွန် ၈ ရက်နေ့က Pridi Banomyong Soi 6 အနီးတွင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကာ အသက် ၂၉ နှစ်အရွယ် Wandee Promhome ဆိုသူကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းစာက ရေးသားထားသည်။

ဖမ်းဆီးခံထားရသည့် အသက် ၂၀ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးနှင့် အသက် ၁၄ နှစ်အရွယ် ၎င်း၏ မောင်ငယ်တို့အတွက် ပြန်ပေးငွေပေးမည်ဟဟန်ဆောင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဘန်ကောက်ပို့စ်ကို ပြောကြားသည်။

အဆိုပါပြန်ပေးဆွဲမှုအား အစိုးရမဟုတ်သောအဖွဲ့တစ်ခုက အာဏာပိုင်များထံ သတင်းပေးတိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်မြို့တွင် အိမ်အကူများအဖြစ် အလုပ်လုပ်ကိုင်နေကြသည့် အသက် ၁၆ နှစ်နှင့် ၂၀ အရွယ် သမီးများထံ သွားရောက် ဆက်သွယ်ရေးအတွက် မိဘများက ပွဲစားအဖွဲ့တစ်ဖွဲ့နှင့် ဆက်သွယ်ကာ အသက် ၁၄ နှစ်အရွယ် သားဖြစ်သူကို ဘန်ကောက်မြို့သို့ စေလွှတ်ခဲ့သည်ဟုဆိုသည်။ သို့သော် အဆိုပါပွဲစားအဖွဲ့မှာ လူကုန်ကူးသူများဖြစ်နေကြပြီး သားဖြစ်သူကို ထိန်းသိမ်းထားကာ ပြန်ပေးငွေ တောင်းခံခဲ့ကြသည်။

ညီအမနှစ်ဦးက ၎င်းတို့၏မောင်ငယ် လွတ်မြောက်ရေးအတွက် ဘတ်ငွေ ၁၂,၀၀၀ ပေးအပ်ခဲ့သော်လည်း လူကုန်ကူးအဖွဲ့က ပြန်လွှတ်ပေးရန် ငြင်းဆန်ခဲ့ကာ နောက်ထပ် ဘတ်ငွေ ၇,၀၀၀ တောင်းခံခဲ့ကြသည်။ ၎င်းတို့တောင်းခံသည့်ငွေအား ထပ်မံမပေးနိုင်သည့်အတွက် အသက် ၂၀ နှစ်အရွယ် အမဖြစ်သူအား လူကုန်ကူးသူများက ကားပေါ်အတင်းအကြပ် တင်ဆောင်သွားကာ ဖမ်းချုပ်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စကို အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုက သိရှိသွားခဲ့ပြီးနောက် အာဏာပိုင်များထံ အကြောင်းကြားခဲ့သည်အတွက် အာဏာပိုင်များက ပူးပေါင်းအဖွဲ့ ဖွဲ့စည်းကာ မောင်နှမနှစ်ဦးအား ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းစာက ရေးသားထားသည်။

ဖမ်းဆီးခံထားရသူနှစ်ဦးအား ပြန်လွှတ်ပေးရန်အတွက် ဘတ်ငွေ ၇,၀၀၀ ပေးမည်ဟု ညီမအငယ်ဖြစ်သူမှတစ်ဆင့် အာဏာပိုင်များက လူကုန်ကူးသူထံ အကြောင်းကြားခဲ့ပြီးနောက် ငွေလက်ခံယူရန် ကားဖြင့်ရောက်ရှိလာသည့် Wandee ကို အာဏာပိုင်များက ဖမ်းဆီးလိုက်ကြခြင်းဖြစ်သည်။ ဖမ်းဆီးခံထားရသည့် မောင်နှမနှစ်ဦးအား ထိခိုက်မှုတစုံတရာမရှိပဲ ကယ်တင်နိုင်ခဲ့ကြသည်။

ဖမ်းဆီးခံထားရသည့် Wandee ကို အာဏာပိုင်များအား စစ်ဆေးမေးမြန်းနေပြီး ၎င်းအား ပြန်ပေးဆွဲမှုအပြင် လူကုန်ကူးမှုဖြင့်ပါ စွဲချက်တင်သင့်၊ မသင့် စဉ်းစားကြမည်ဖြစ်သည်။

ညီအမနှစ်ဦးနှင့် မောင်ငယ်ဖြစ်သူအား မျက်မြင်သက်သေများ ကာကွယ်ပေးရေးအစီအစဉ်ဖြင့် ကာကွယ်စောင့်ရှောက်မှုပေးထားသည်ဟုလည်း သတင်းစာက ရေးသားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar