နေပြည်တော်၊ ဇန်နဝါရီ ၁၉
ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းခဲ့သော ၂၀၁၆ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ကျပ်ဘီလျံ ၆၃၀ ခန့် ဖြတ်တောက်ပြီး ယနေ့ အတည်ပြုလိုက်သည်။
၂၀၁၆ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးအတွက် မူလတင်ပြသည့် ကျပ် ဘီလျံ ၃,၈၅၀ ဒသမ ၇၁၆ မှ ၆၂၉ ဘီလျံကျော် ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။
ဖြတ်တောက်ခံရသည့် အဖွဲ့အစည်းများမှာ ဗဟို အဖွဲ့အစည်းများထဲမှ ပြည်ထောင်စု လွှတ်တော်၏ မူလတောင်းဆိုငွေမှကျပ်ဘီလျံ ၃ ဒသမ ၄၇ မှ ဒသမ ၅၉ ဘီလျံ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများမှ ဝန်ကြီးဌာနများ လက်အောက်ရှိ ဦးစီးဌာန ၁၅ ခု၏ မူလ တောင်းဆိုသည့် ကျပ် ၁,၉၉၈ ဒသမ ၀၇၁ ဘီလျံမှ ၃၄၄ ဒသမ ၆၈၀၁ ဘီလျံ၊၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း ခြောက်ခုတို့၏ တောင်းခံငွေ ကျပ်ဘီလျံ ၁,၆၂၅ ဒသမ ၅၄၂ မှ ၂၆၀ ဒသမ ၂၂၂ တို့အား ဖြတ်တောက်ခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းနှစ်ခုဖြစ်သည့် ပို့ဆောင်ရေးနှင့် လျှပ်စစ်တို့၏ မူလ တောင်းခံငွေ ကျပ် ၁၉၆ ဒသမ ၁၁၁ ဘီလျံ မှ ကျပ် ၁၈ ဒသမ ၈၄၈ ဘီလျံ၊၊ နေပြည်တော်ကောင်စီ၏ မူလတောင်းခံငွေ ကျပ် ၁၀ ဘီလျံ မှ ၁ ဒသမ ၂၃၆ ဘီလျံ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ မူလတောင်းခံငွေ ကျပ် ၁၅ ဒသမ ၆၆၆ ဘီလျံမှ ငါးဘီလျံ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ မူလတောင်းခံငွေ ၁ ဒသမ ၈၅၆ ဘီလျံမှ ၀ ဒသမ ၁၇၃ ဘီလျံတို့ကိုလည်း ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်ခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းသည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ လုပ်ငန်းများအတွက် မူလတောင်းခံငွေ ကျပ်ဘီလျံ ၂၁,၀၀၀ မှလည်း ကျပ် ၆၁၂ ဘီလျံကို ဖြတ်တောက်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၈ ရက်နေ့က အတည်ပြုခဲ့ပြီးဖြစ်သည်။
သတင်း- စိုးသန်းလင်း