ဘဏ်နဲ့ ချေးငွေပြန်မဆပ်တဲ့ လုပ်ငန်းရှင်တွေပြဿနာ ဘယ်လိုအဖြေရှာမလဲ

ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်မှာ ချေးငွေပြန်မဆပ်တဲ့ကိစ္စ ရှင်းလင်းခဲ့ရာမှာ ပြည်သူတွေအကြား စိုးရိမ်ထိတ်လန့်မှုတွေပျံ့နှံ့သွားပြီး ဗဟိုဘဏ်က ချက်ချင်းဆိုသလို ပြန်ရှင်းခဲ့ရပါတယ်။
စည်သူအောင်မြင့် ရေးသားသည်။
အခုရက်ပိုင်း မြန်မာ့စီးပွားရေးလောကကို ရိုက်ခတ်သွားစေတဲ့ သတင်း တစ်ပုဒ်ကတော့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေမှာ ကြွေးတွေပိနေပြီး လုပ်ငန်းလည်း အဆင်မပြေ ဖြစ်နေကြတဲ့အကြောင်းပါ။
ဒီပြဿနာကို အလျင်ဦးဆုံး ထုတ်ပြောသူကတော့ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်က ရန်ကုန်မြို့ တော်ဝင်ဂါးဒင်း ဟိုတယ်မှာလုပ်တဲ့ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ အသင်းဖွဲ့စည်းခြင်း အခမ်းအနားမှာ နာယကအဖြစ် တာဝန်ယူမယ့် ဦးခင်ရွှေက သိပ်မကြာခင် စက်တင်ဘာလကုန်လောက်ရောက်ရင် ဆောက်လုပ်ရေးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ထုတ်ချေးထားတဲ့ ကြွေးမြီတွေကို ဘဏ်တွေက ပြန်တောင်းတော့မယ်၊ မပေးနိုင်ရင် တရားစွဲတာခံကြရမယ်၊ အဲလိုသာ လုပ်ခဲ့ရင် စီးပွားရေးလုပ်ငန်းတွေ အကျပ်အတည်းတွေ့နိုင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြိုလဲသွားမှာကို သူက စိုးရိမ်ကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
သူ့အပြောအရ သူတို့လို စီးပွားရေးလုပ်ငန်းရှင်တွေ အကျပ်အတည်းတွေ့တယ်ဆိုရင် နောက်ဆက်တွဲ ဆက်စပ်နေတဲ့ အလွှာတွေလည်း အကျပ်အတည်း တွေ့ကြမှာဖြစ်ပြီး နောက်ဆုံး အောက်ခြေအဆင့်ထိ ထိခိုက်ကုန်ကြမယ်လို့ဆိုပါတယ်။ လက်ရှိ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဘဏ်တွေကြား ပေါ်ပေါက်နေတဲ့ ပြဿနာဟာ ဘယ်လိုပြဿနာမျိုးလဲဆိုတာ လေ့လာ စူးစမ်းကြည့်ကြရအောင်ပါ။
ဇေကမ္ဘာ ဦးခင်ရွှေပြောတဲ့ လုပ်ငန်းရှင်ကြီးတွေနဲ့ ဘဏ်ချေးငွေပြဿနာဟာ အခုမှပေါ်ပေါက်လာတဲ့ ပြဿနာ မဟုတ်ပါဘူး။ အရင် စစ်အစိုးရလက်ထက်ကတည်းက သန္ဓေတည်လာတဲ့ ပြဿနာဖြစ်ပါတယ်။ ဖြစ်ပုံက စစ်အာဏာရှင် အစိုးရလက်ထက်မှာ အစိုးရနဲ့နီးစပ်တဲ့ ခရိုနီတွေကို ဘဏ်လုပ်ငန်း လုပ်ခွင့်လိုင်စင်တွေ ထုတ်ပေးပြီး ဘဏ်ထူထောင်ခွင့်ပေးပါတယ်။
အခြားတစ်ဖက်မှာတော့ ခရိုနီတချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဘဏ်ချေးငွေ အများကြီးထုတ်ချေးပြီး ဆောက်လုပ်ရေး၊ ရေလုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။ စစ်အာဏာရှင်ခေတ် ဖြစ်လေတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ အဲဒီပုဂ္ဂလိကဘဏ်တွေရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာတွေကို ဥပဒေ စည်းမျဉ်းတွေနဲ့အညီ တိတိကျကျ ထိန်းကျောင်းနိုင်ခြင်း မရှိခဲ့ပါဘူး။
ဘဏ်နဲ့ပတ်သက်တဲ့ ဥပဒေ စည်းမျဉ်းတွေထဲမှာ ဘယ်လိုပဲ ပြဋ္ဌာန်းထားထား အစိုးရနဲ့နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ ချေးငွေတွေကို လွယ်လွယ်ကူကူ ရခဲ့ကြပါတယ်။ တခါတရံ ထိပ်ပိုင်း အာဏာပိုင်တွေရဲ့ စွက်ဖက်မှုနဲ့ ခိုင်မာတဲ့အပေါင်ပစ္စည်း ပေးစရာမလိုဘဲနဲ့လည်း ပမာဏကြီးမားတဲ့ ချေးငွေတွေ ရကြပါတယ်။ အဲလို ဘဏ်တွေကနေ ချေးငွေတွေ အလွယ်တကူထုတ်ချေးခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ နောက်ပိုင်းကာလတွေမှာ အတိုးရော၊ အရင်းပါ မဆပ်ဘဲနေလာခဲ့တာ အစိုးရ အပြောင်းအလဲဖြစ်ပြီး ဒီကနေ့ အချိန်ထိတိုင်အောင်ပါပဲ။ အဲဒါကို ဘဏ်အခေါ်အဝေါ်အနေနဲ့ ပြန်မဆပ်နိုင်သည့် ချေးငွေ (NPL) လို့ခေါ်ကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကတော့ ပြည်သူ့လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီ မင်းကင်းအမတ် ဦးမောင်မြင့်က ပြန်မဆပ်နိုင်တဲ့ချေးငွေ (NPL) တွေနဲ့ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့ပါတယ်။ ဗဟိုဘဏ်ဘက်ကတော့ ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြန်ဖြေပါတယ်။
သူ ပြန်ဖြေတာကို အကျဉ်းချုပ် ပြန်ပြောရရင် ဗဟိုဘဏ်အနေနဲ့ ပုဂ္ဂလိကဘဏ်တွေ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ (Financial Institution Law-2016) နဲ့ အဲဒီဥပဒေအရ ထုတ်ပြန်တဲ့ စည်းမျဉ်း(၄)ခုအရ ဆောင်ရွက်တဲ့အကြောင်း၊ ဘဏ်တွေမှာ ပြန်မဆပ်နိုင်တဲ့ ချေးငွေ(NPL) တွေများနေရင် သူတို့ဘဏ်တွေရဲ့ မြတ်စွမ်းနိုင်မှု လျော့ကျသွားပြီး Risk Ratio တွေမြင့်တက်လာမှာဖြစ်သလို သူတို့ရဲ့ Financial Statement တွေကိုပါ ထိခိုက်လာမှာ ဖြစ်တာကို ရှင်းပြတဲ့အကြောင်း၊ နောက်ပိုင်း ပုဂ္ဂလိကဘဏ်တွေဘက်ကလည်း သူတို့ရဲ့ Risk အခြေအနေကို ပြန်သုံးသပ်ပြီး ဆောင်ရွက်လာကြလို့ တိုးတက်လာတယ်လို့ ဆိုပါတယ်။
လက်ရှိလုပ်ငန်းရှင်ကြီးတွေ ချေးထားတဲ့ ချေးငွေတွေနဲ့ပတ်သက်လို့ကတော့ သတ်မှတ် စည်းကမ်းချက်တွေအတိုင်း ချေးငွေပြန်မဆပ်နိုင်တဲ့တိုင် ဘဏ်နဲ့ညှိနှိုင်းပြီး အတိုးပေးတာ၊ ချေးယူငွေ ပြန်ဆပ်နိုင်မယ့်ကာလ ညှိနှိုင်းသတ်မှတ်တာမျိုး လုပ်လို့ရကြောင်း၊ ဒါပေမဲ့ တချို့ချေးငွေတွေကတော့ ချေးယူသွားပြီးတဲ့ အချိန်ကတည်းက အတိုးရော၊ အရင်းပါ လုံးဝမဆပ်တဲ့ ချေးငွေတွေအမြောက်အမြား ရှိနေတဲ့အကြောင်း၊ ဒီလိုအခြေအနေမှာ ဘဏ်တွေကိုထိခိုက်လာတဲ့အပြင် နောက်ပိုင်း ဘဏ်တွေမှာ ယုံကြည်လို့ ငွေအပ်နှံထားတဲ့ ပြည်သူတွေပါ ထိခိုက်နစ်နာလာနိုင်တဲ့အကြောင်း၊ အဲဒီချေးငွေတွေ ပြန်ရနိုင်ဖို့ ဘဏ်နဲ့ လုပ်ငန်းရှင်ကြီးတွေ ညှိနှိုင်းတာကိုလည်း အချိန်အများကြီးပေးကာ လုပ်ခဲ့ပြီးဖြစ်တဲ့အကြောင်း၊ နောက်ထပ် ဘဏ်တွေဘက်က အလျှော့ပေးပြီး လုပ်ဖို့အခြေအနေ မရှိတော့ဘူးဆိုပြီး ပြန်ဖြေခဲ့ပါတယ်။
ဗဟိုဘဏ် ဒုဥက္ကဋ္ဌရဲ့ လွှတ်တော်တွင်း အဲလိုဖြေကြားချက်ကြောင့် ချေးငွေပြန်မဆပ်နိုင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ပါတယ်။ နောက်ပိုင်း မြန်မာ့စီးပွားရေးလောကကို ရိုက်ခတ်လာနိုင်တဲ့ဂယက်ကြောင့် ဗဟိုဘဏ်ဟာ ကြေညာချက် တစ်ရပ်ထုတ်ပြန်ပြီး လွှတ်တော်တွင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ပြောကြားချက်ဟာ ဗဟိုဘဏ်ရဲ့ရပ်တည်ချက်နဲ့ အပြည့်အ၀ ကိုက်ညီမှုမရှိတဲ့အကြောင်း၊ ချေးငွေတွေကိစ္စကို ဘဏ်လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဆက်ပြီး ညှိနှိုင်းဆောင်ရွက်သွားမယ် ဆိုပြီး ကြေညာခဲ့ပါတယ်။ လာမယ့် စက်တင်ဘာလကုန်မှာ ချေးငွေတွေကို လုံးဝပြန်မဆပ်ဘဲနေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ဘဏ်တွေကနေ ဥပဒေကြောင်းအရ စ ပြီး တရားစွဲတော့မယ်ဆိုတာကို ခဏလောက် ဆိုင်းငံ့ပေးလိုက်တဲ့သဘောပါပဲ။
ဖြစ်စဉ်ကိုကြည့်ရင် ဘဏ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြားက ချေးငွေပြဿနာမှာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေအနေနဲ့ နှစ်နဲ့ချီ အတိုးရော အရင်းပါ ပြန်မဆပ်တဲ့ ပြဿနာက အရင်းခံကျပါတယ်။ အတိုးမှန်မှန် ပေးသွားရင်တောင် ပုဂ္ဂလိကဘဏ်တွေဘက်က လက်ခံနိုင်သေးတယ်ဆိုတဲ့ အနေအထားမျိုးပါ။ နောက်ဆက်တွဲအနေနဲ့ အဲဒီလုပ်ငန်းရှင်တွေအနေနဲ့ ဘဏ်တွေမှာထားတဲ့ အပေါင်ပစ္စည်းတွေကလည်း ပြဿနာ အမျိုးမျိုးရှိနေပြန်ပါတယ်။
တချို့က အိမ်ခြံမြေအပေါင်ထားပေမဲ့ တချို့ကတော့ ရေထွက်ကုန်ပစ္စည်းလိုမျိုးကို အာမခံအဖြစ် စာရင်းသွင်းတာကို လက်ခံထားတာမျိုးကလည်း ပမာဏမနည်းပါဘူး။ ကျပ်ငွေ ဘီလျံ ၂,၇၀၀ ကျော်ဖြစ်ပြီး စုစုပေါင်း ချေးထားငွေတွေရဲ့ ၁၁ ရာခိုင်နှုန်းလောက်ရှိနေပါတယ်။ ဘဏ်က လုပ်ငန်းရှင်ကို တရားစွဲပြီး အနိုင်ရတဲ့တိုင် ဘာမှမယ်မယ်ရရ ပြန်မရနိုင်မယ့် အနေအထားမျိုးပါ။ အလားတူ အာမခံမဲ့ချေးငွေတွေကလည်း ကျပ် ဘီလျံ ၄,၂၀၀ ကျော်၊ ချေးငွေတွေရဲ့ ၁၇ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။ ပြောရရင် ပုဂ္ဂလိကဘဏ်တချို့ အဲဒီပြဿနာ ရင်ဆိုင်နေရတာပါ။ ဗဟိုဘဏ်ဘက်က ပြန်ကြည့်ရင်လည်း ပုဂ္ဂလိကဘဏ် ပြိုလဲတာ၊ ဒါမှမဟုတ် တစ်ခုခု ပြဿနာပေါ်တာဆို သူပဲ တာဝန်ယူပေးရမှာမို့ အခုလို ကြားဝင်ဆောင်ရွက်နေရတာလို့ နားလည်နိုင်ပါတယ်။
တကယ်တော့ အရင်စစ်အစိုးရခေတ်မှာ ကြီးထွားလာတဲ့ ခရိုနီကုမ္ပဏီ အတော်များများဟာ အထူးအခွင့်အရေးတွေရပြီး ချမ်းသာလာခဲ့ကြတာပါ။ ခေတ်ပြောင်းစနစ်ပြောင်းမှာ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ အခွင့်ထူးရမှ အလုပ်လုပ်တတ်မယ့် ပုံစံမျိုးမဟုတ်ဘဲ တကယ့်ကို ဈေးကွက်စီးပွားရေးစနစ်အရ လုပ်နိုင်၊ ကိုင်နိုင်၊ ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့ ကုမ္ပဏီတွေအဖြစ် ပြောင်းလဲကြဖို့လိုအပ်ပါတယ်။ ဒါတင်မက အခွင့်ထူးသဘောရခဲ့တဲ့ ဘဏ်ချေးငွေတွေနဲ့ပတ်သက်ရင်လည်း တာဝန်ယူမှု အပြည့်အ၀ ရှိရပါမယ်။
စီးပွားရေး မကောင်းဘူး၊ ရှုံးနေတယ်၊ ဒါကြောင့် ဘဏ်ချေးငွေကို အတိုးရော အရင်းပါ မဆပ်နိုင်ဘူးဆိုတာမျိုး လုပ်လို့မရပါဘူး။ အဲလိုလုပ်တာဟာ ဘဏ်တွေနဲ့ တိုင်းပြည်စီးပွားရေးကို ဒုက္ခပေးသလို ဖြစ်စေပါတယ်။ ဒီအတွက် ကိုယ်ချေးငွေရယူထားတဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့ အသေအချာ ညှိနှိုင်းပြီး အတိုးပြန်ပေးနိုင်မယ့် အနေအထား၊ ချေးငွေအရင်း ပြန်ဆပ်ရမယ့် အချိန်ဇယား စတာတွေ ရေးဆွဲ အကောင်အထည်ဖော်ပြီး ခေတ်သစ်စီးပွားရေးမှာ နာမည်ကောင်းနဲ့ ရှင်သန်နိုင်အောင်ကြိုးစားဖို့ အချိန်ကျနေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.