ဘင်္ဂလားဒေရှ့်ရောက် ဒုက္ခသည်များ ပြန်လည်ခေါ်ယူမည့်အစီအစဉ် ပျက်ပြယ်

ကြောက်ရွံ့ြ့ပီး ဒေါသထွက်နေကြတဲ့ ရိုဟင်ဂျာတွေကြောင့် ဘင်္ဂလားဒေရှ့်ရောက် ဒုက္ခသည် သိန်းပေါင်းများစွာအထဲမှ အချို့အား မြန်မာနိုင်ငံသို့ ပြန်ပို့မည့်အစီအစဉ်ကို ဘင်္ဂလားဒေရှ့်က ရုပ်သိမ်းလိုက်ပါတယ်။ အဲဒါကြောင့် အငြင်းပွားနေကြတဲ့ ဒုက္ခသည်ပြန်လည်ခေါ်ယူရေးအစီအစဉ်နဲ့ ပတ်သက်ပြီး မရေရာမှုတွေ ထပ်မံပေါ်ထွက်လာပါတယ်။

ပထမအသုတ်အဖြစ် ပြန်ပို့ရမယ့်နေမှာပဲ လူရာပေါင်းများစွာဟာ မြန်မာနယ်စပ်အနီးမှာ စုရုံးပြီး “ငါတို့ မသွားဘူး” လို့ အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံနဲ့ သဘောတူညီထားမှုအရ ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ နယ်စပ်ဖြတ်ပြီး ပြန်ကြရမယ့် မိသားစု ၁၅၀ လုံး ရောက်မလာတာ၊ ဒါမှမဟုတ် မပြန်လိုကြဘူးလို့ ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေက ဝန်ခံကြပါတယ်။

ပြန်လည်ခေါ်ယူမယ့်စာရင်းထဲမှာ ပါဝင်တဲ့ လူ ၂ ,၂၆၀ ဦးထဲက အများအပြားဟာ ပုန်းအောင်းနေကြတယ်လို့ လူ့အဖွဲ့အစည်းခေါင်းဆောင်တွေက ပြောပါတယ်။

စီစဉ်ထားတဲ့အတိုင်း လွှဲပြောင်းပေးဖို့အတွက် ဘင်္ဂလားဒေရှ့် ဒုက္ခသည်အေဂျင်စီ အကြီးအကဲဟာ နယ်စပ်ကို သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် နယ်စပ်အဖြစ် သတ်မှတ်ထားတဲ့ မြစ်ကို ကျော်ဖြတ်ခေါ်ဆောင်သွားမယ့် ဘတ်စ်ကားပေါ်မှာ ဘယ်သူမှ ရှိမနေပါဘူးလို့ အေအက်ဖ်ပီက ရေးသားထားပါတယ်။

ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ၁၀၀၀ လောက်ဟာ ဆန္ဒပြပွဲမှာ ပါဝင်ကြပြီးတော့ “တရားမျှတမှုကို လိုချင်တယ်” လို့ အော်ဟစ်ခဲ့ကြပါတယ်။

ဘင်္ဂလားဒေရှ့်ကို ရောက်ရှိနေတဲ့ ဒုက္ခသည်သိန်းပေါင်းများစွာအနက် ပထမအသုတ်အဖြစ် လူ ၂,၂၀၀ လောက်ကို ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့က စတင်ပြီး ပြန်ပို့ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်အစိုးရတို့က စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အကူအညီပေးရေး အေဂျင်စီတွေက ကန့်ကွက်နေတဲ့ ဒီအစီအစဉ်ဟာ ဒုက္ခသည်တွေက ပြန်လာဖို့ ဆန္ဒမရှိတာကြောင့် မရေမရာဖြစ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာမူဆလင် ခုနစ်သိန်းလောက်ဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ ဘင်္ဂလားဒေရှ့်က ပြည့်ကြပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ သူတို့က မြန်မာနိုင်ငံအတွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့အပေါ် မတရားပြုကျင့်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ မီးရှို့မှုတွေက ကျူးလွန်ခဲ့ကြတယ်လို့ စွပ်စွဲထားကြပါတယ်။

ဒီအဖြစ်အပျက်တွေကို လူမျိုးတုန်းလုပ်ဆောင်မှုအဖြစ် ကုလသမဂ္ဂနဲ့ ဥရောပတို့က စွပ်စွဲထားကြပြီး ကျူးလွန်သူတွေကို အပြစ်ပေးဖို့နဲ့ ထွက်ပြေးသွားကြသူတွေကို ပြန်ခေါ်ဖို့အတွက် မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေရ်ှ့တို့ သဘောတူညီခဲ့ကြတဲ့ ဒုက္ခသည် ပြန်လည်ခေါ်ယူရေးအစီအစဉ်အရ ပထမအသုတ်လူ ၂,၂၆၀ ဦးအနက် တစ်နေ့ကို လူ ၁၅၀ စီ စိစစ်လက်ခံသွားဖို့ မြန်မာက စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဦးတစ်ယောက်ကမှ ပြန်လိုခြင်းမရှိတဲ့အပြင် သူတို့ကို အတင်းအကြပ် ပြန်လွှတ်လို့လည်း မရဘူးလို့ ဘင်္ဂလားဒေရှ့် ဒုက္ခသည်အေဂျင်စီ မဟာမင်းကြီးက အေအက်ဖ်ပီကို နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြောကြားခဲ့ပါတယ်။

“UNHCR က သဘောဆန္ဒစစ်တမ်းအရ မေးမြန်းခဲ့တဲ့ မိသားစု ၅၀ လုံးမှာ ဘယ်သူကမှ လက်ရှိအခြေအနေအတိုင်း ပြန်လိုတဲ့ဆန္ဒမရှိဘူးဆိုတာ တွေ့ရပါတယ်။ အခုအချိန် ပြန်ဖို့အတွက် လုံခြုံမှုရှိတယ်လို့ ဘယ်သူကမှ မခံစားရပါဘူး” လို့ မိုဟာမက်အဘူခါခမ်က AFP ကို ပြောပါတယ်။

“သူတို့ဆန္ဒမပါပဲ ကျွန်တော်တို့အနေနဲ့ သူတို့ကို အတင်းအကြပ် ပြန်လွှတ်လို့မရပါဘူး” လို့ သူကပြောပါတယ်။

သူတို့အဖွဲ့အနေနဲ့ ဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်ရေးအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပေမယ့် ပြန်ပို့မှုက သူတို့သဘောဆန္ဒအလျောက်ပဲဖြစ်တယ်လို့ သူကပြောပါတယ်။

“တစ်ယောက်ယောက်က သွားချင်တယ်ဆိုရင် ကျွန်တော်တို့က ဂုဏ်သိက္ခာရှိရှိ၊ လေးလေးစားစားနဲ့ နယ်စပ်ကို ခေါ်သွားပေးမှာပါ”လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ပြန်သွားဖို့အတွက် လုံခြုံစိတ်ချရတယ်လို့ မခံစားရဘူးလို့ သူကဆက်ပြောပါတယ်။

အေအက်ဖ်ပီသတင်းရဲ့အဆိုအရ ပြန်ပို့မယ့်စာရင်းမှာ ပါဝင်တဲ့ မိသားစုတွေဟာ စခန်းတွေကို စွန့်ခွာပြီး ထွက်ပြေးကုန်ကြပြီလို့ ဆိုပါတယ်။

“(စာရင်းထဲက) မိသားစု ၉၈ ရာခိုင်နှုန်းက ထွက်ပြေးသွားပြီ” လို့ လူ့အဖွဲ့အစည်းခေါင်းဆောင် နျူအာအစ္စလာမ်က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပေါ်ထွက်လာတဲ့ဓာတ်ပုံတွေအရ မြန်မာလူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လာမယ့်သူတွေကို နယ်စပ်ကနေ အဆင်သင့် စောင့်ဆိုင်းနေကြတာ တွေ့ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar