ဗိုလ်ချုပ်အောင်ဆန်းဈေးအား မြို့ပြအမွေအနှစ်အဖြစ် အပြာရောင် ကမ္ဗည်းပြား တပ်ဆင်

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ရန်ကုန်မြို့လယ်ရှိ မြို့ပြ သမိုင်းအမွေအနှစ်တစ်ခုဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဈေးတွင် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) ၏ အပြာရောင် ကမ္ဗည်းပြားကို ယနေ့နံနက်ပိုင်းက တပ်ဆင်ခဲ့သည်။

ရန်ကုန်မြို့ပြ ရှေးဟောင်း အမွေအနှစ် အဆောက်အဦးနေရာများတွင် အပြာရောင်ကမ္ဗည်းများ တပ်ဆင်ခြင်းသည် မြို့ပြ၏ သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်၏ အရေးကြီးပုံကို ဖော်ညွန်းရန် အထိမ်းအမှတ်နှင့် ထိန်းသိမ်းရန် ပြည်သူများအနေဖြင့်လည်း ထိုမြို့ပြ၏ ယခင်ကတည်းက ရှိခဲ့ပုံသိရှိပြီး ရေရှည်တွင် ထိန်းသိမ်းကြရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောကြားသည်။

“ရှေးဟောင်းနေရာများတွင် သိသာတဲ့ အမှတ်အသားနဲ့ ပြထားခြင်းဖြင့် ရန်ကုန်မြို့၏ ခရီးသွားကဏ္ဍကိုလည်း အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းဈေးကို ၁၉၂၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ အဝတ်အထည်များနှင့် လက်ဝတ်ရတနာများသာမက ကမ္ဘာလှည့်ခရီးသည်များအတွက် အနုပညာပစ္စည်းများ၊ အမှတ်တရပစ္စည်းများ ရောင်းချနေသည့် ဈေးကြီးလည်းဖြစ်သည်။

“၁၉၇၄ ခုနှစ်မှာ ကျွန်တော် နယူးယောက်မြို့ကနေ ရောက်လာပြီး စကော့ဈေးမှာ ပုဆိုးဝယ်ခဲ့တဲ့အတွေ့အကြုံက ရန်ကုန်မြို့နဲ့ ပတ်သက်ပြိး အမှတ်ရနေတဲ့ အစောပိုင်းအတွေ့အကြုံတွေထဲက တစ်ခုဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ နေထိုင်သူတွေအတွက်တော့ ဒီနေရာဟာ အမှတ်ရစရာ အထပ်ထပ် ထင်ကျန်နေတဲ့ နေရာတစ်ခုဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု YHT တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက ပြောကြားသည်။

“ဒီဈေးကြီးဟာ အထူးအောင်မြင်တဲ့ အမွေအနှစ် နေရာတစ်ခုဖြစ်ပါတယ်။ ဈေးကြီးရဲ့အနှစ်သာရနဲ့ သယဇာတဖြစ်အောင် ထိန်းသိမ်းထားပါတယ်။ ဗိုလ်ချုပ်ဈေးကြီးဟာ လာရောက်လည်ပတ်သူတွေအတွက် ရွှေတိဂုံဘုရားပြီးလ ျှင် ဒုတိယမြောက် အရေးကြီးဆုံး စွဲဆောင်မှုတစ်ခု ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မြို့နေပြည်သူတွေအတွက် အရေးကြီးတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့လယ် ပြန်လည်သက်ဝင် လှုပ်ရှားလာစေရေးအတွက် မှီခိုအားထားရာ နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဒီအမွေအနှစ်နေရာကို မသင့်လျော်တဲ့ ပြန်လည်ပြင်ဆင်မှုတွေ၊ အနီးပတ်ဝန်းကျင်မှာလည်း မဆီလျော်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ (ဥပမာပြောရရင် လမ်းချဲ့တာမျိုး)၊ ဒါ့အပြင် မီးနဲ့အခြား ဘေးအန္တရာယ်တွ စတာတွေကနေ သတိရှိရှိနဲ့ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်” ဟု ဒေါက်တာသန့်မြင့်ဦးက ပြောကြားသည်။

ဈေးကြီးကို ထိုအချိန်က နာမည်ကျော်ကန်ထရိုက်တာဖြစ်သည့် AC Martin ကုမ္မဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ကာ မြူနီစပယ်မင်းကြီး Gavin Scott ၏ အမည်ကိုအစွဲပြုပြီး စကော့ဈေးအမည်ဖြင့် ဖွင့်လှစ်ခဲ့သည်။

ဂျပန်ခေတ်အရောက်တွင် ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ရန်နိုင်ကို ဂုဏ်ပြု၍ ရန်နိုင်ဈေးဟု အမည်ပေးခဲ့ပြီး လွတ်လပ်ရေးရအပြီးတွင် ဗိုလ်ချုပ်အောင်ဆန်းဈေးဟု အမည်ပြောင်းလဲခဲ့သည်။

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်များဖြစ်သော ဝန်ကြီးများရုံးနှင့် တရားလွတ်တော်ချုပ်စသည်တို့တွင်လည်း အပြာရောင်ကဗ္ဗည်းပြားများ ဆက်လက်တပ်ဆင်သွားရန် စီစဉ်ထားသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar