“ဗိုလ်ချုပ်အောင်ဆန်းက ဘာသာရေး၊ လူမျိုးရေးတွေကို ရှေ့တန်းမတင်ဘူး။ သူရှေ့တန်းတင်တာသည် တိုင်းပြည်ပဲ”

အာဇာနည်တစ်ဦးဖြစ်ပြီး အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်တဲ့ ဆရာကြီးဦးရာဇတ်ဟာ သူနဲ့ ဘာသာမတူတဲ့သူတွေနဲ့သဟဇာတ ဖြစ်အောင် ညှိနှိုင်းပြီး တိုင်းပြည်ကောင်းကျိုးအတွက် ဦးတည်လုပ်ဆောင်ခဲ့တဲ့သူအဖြစ်လည်း ချီးကျူးခံခဲ့ရပါတယ်။

ထွန်းခိုင် ရေးသားသည်။

ရန်ကုန်မြို့မ အမျိုးသားအထက်တန်းကျောင်းက ပထမတန်းကျောင်းသားလေး မောင်တင်မြင့်ကို  ကျောင်းအုပ်ကြီးက သူ့ရုံးခန်းထဲကိုလာခဲ့ဖို့ ဆင့်ခေါ်လိုက်ပါတယ်။

ကျောင်းအုပ်ကြီးရုံးခန်းထဲရောက်တော့ သူ့အရင်ရောက်နှင့်နေတဲ့ ညီမဖြစ်သူနဲ့ သူ့ကို အိမ်ပြန်ပို့ဖို့အတွက် ဆရာကြီးက ကျောင်းက ဝန်ထမ်းတွေကို အမိန့်ပေးလိုက်ပါတယ်။

စနေနေ့ဖြစ်ပေမယ့် ဝါတွင်းမှာကာလဖြစ်လို့ ကျောင်းတက်နေရတဲ့ သူတို့မောင်နှမကတော့ အတန်းချိန်မပြီးခင် အိမ်ကို ခပ်စောစောပြန်ရမှာဖြစ်လို့ ပျော်ရွင်နေခဲ့ပါတယ်။

မောင်နှမနှစ်ယောက်ထဲကိုတင်ပြီး မောင်းလာတဲ့ ကျောင်းကားက သူတို့နေထိုင်ရာ ကမ်းဘဲလမ်း(ရန်ကုန်မြို့ ဗဟန်းမြို့နယ်နှင့် တာမွေမြို့နယ်ကို ဆက်သွယ်ထားသော ငါးထပ်ကြီးဘုရားလမ်း) နေအိမ်ကို ရောက်ချိန်မှာတော့ ဧည့်သည်တွေ အရင်ကထက် ပိုမိုများပြားနေတာ သူတို့ သတိထားမိခဲ့ပါတယ်။

ကျောင်းလွယ်အိပ်တွေကို အပေါ်ထပ်အခန်းမှာသွားထားပြီး သူငယ်ချင်းတွေနဲ့ သွားဆော့တော့လို့ မျက်ရည်ဝဲနေတဲ့ သူ့တို့မိခင်က ပြောချိန်အထိ ဘာတွေဖြစ်နေခဲ့မှန်း မောင်တင်မြင့်တယောက် သဘောမပေါက်သေးပါဘူး။

အိမ်အပေါ်ထပ်က သူ့အခန်းဆီကို လှေကားအတိုင်း တက်သွားချိန်မှာတော့ လှေကားထောင့်က ဖုန်းပြောနေတဲ့ အမျိုးသားတယောက် စကားသံကြောင့် အခြေအနေတွေကို သူရုပ်လုံးပေါ်သွားပါတော့တယ်။

“(ဖုန်းပြောနေတဲ့သူက) ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆရာကြီးတော့ ကျဆုံးသွားပြီဆိုတော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ ငါ့အဖေ ဒါဆိုရင်တော့ သေပြီပေါ့။ မျက်ရည်ကျတာတော့ မရှိဘူး။ စိတ်ထဲမှာတော့ တခုခုဆုံးရှုံးသွားသလို ဟာတာတာကြီး ဖြစ်သွားတာပေါ့”လို့ လွန်ခဲ့တဲ့နှစ် ၇၀ က ဇူလိုင် ၁၉  ရက်နေ့မှာ သူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကို ဦးရာဇတ်ရဲ့ သားဖြစ်သူ ဦးတင်မြင့်က ပြန်ပြောင်း ပြောပြပါတယ်။

၁၉၄၇ ခုနှစ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အာဇာနည်တွေထဲက တယောက်ဖြစ်တဲ့ ဦးရာဇတ်ရဲ့ သားတစ်ယောက်ဖြစ်သူ ဦးတင်မြင့်ဟာ ယခုအချိန်မှာတော့ အသက် ၇၇ နှစ် ရှိနေပြီဖြစ်ပါသည်။

သူက ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့မှာ Frontier နဲ့ မြန်မာတိုင်း(မ်) တို့ကို ရန်ကုန်မြို့က သူ့နေအိမ်မှာ သီးသန့်တွေ့ဆုံရင်း မေးမြန်းတာတွေကို ဖြေကြားခဲ့ပါတယ်။

ဦးတင်မြင့်ရဲ့နေအိမ်က ဧည့်ခန်းထဲမှာ တွေ့ရတဲ့ ဦးရာဇတ်ရဲ့ ပုံတူရုပ်ထု။ ဓာတ်ပုံ- သိမ့်မွန်စိုး (J)

ဦးတင်မြင့်ရဲ့နေအိမ်က ဧည့်ခန်းထဲမှာ တွေ့ရတဲ့ ဦးရာဇတ်ရဲ့ ပုံတူရုပ်ထု။ ဓာတ်ပုံ- သိမ့်မွန်စိုး (J)

သူ့ရဲ့ဖခင် ဦးရာဇတ်ဟာ အာဇာနည်တစ်ယောက်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာအရ လူသိမများခင်ကတည်းကပင် မြန်မာနိုင်ငံအထက်ပိုင်းက အချက်အချာကျတဲ့ မန္တလေးမြို့မှာ၊ အမျိုးသားကျောင်းဆရာတစ်ယောက်အနေနဲ့ လူသူလေးစားခြင်းခံရတဲ့သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။

“ဆရာကြီးဦးရာဇတ်”လို့ ခေါ်ကြတဲ့ မန္တလေး ဗဟိုအမျိုးသား အထက်တန်းကျောင်းဆရာဟာ သူ့ကျောင်းသားတွေကို စာအုပ်ထဲ ခေါင်းနှစ်ပြီး စာတွေသင်အံ ကျက်မှတ်ခိုင်းတာတစ်ခုထဲ လုပ်ခဲ့တာမဟုတ်ဘဲ ကိုယ်လက်လှုပ်ရှား အားကစားလို ကျောင်းပြင်ပ သင်ခန်းစာတွေကိုသင်ယူဖို့အတွက် ဦးဆောင်လမ်းပြပေးတဲ့ ဆရာတယောက်အဖြစ် ထင်ရှားသူလည်း ဖြစ်ပါတယ်။

အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်တဲ့ ဆရာကြီးဦးရာဇတ်ဟာ သူနဲ့ ဘာသာမတူတဲ့သူတွေနဲ့သဟဇာတ ဖြစ်အောင် ညှိနှိုင်းပြီး တိုင်းပြည်ကောင်းကျိုးအတွက် ဦးတည်လုပ်ဆောင်ခဲ့တဲ့သူအဖြစ်လည်း ချီးကျူးခံခဲ့ရပါတယ်။

ကွယ်လွန်ပြီးတဲ့နောက်မှာ သူနဲ့ ပတ်သက်လို့ နှောင်းလူတွေရေးသားတဲ့အထဲမှာ ဒုတိယကမ္ဘာစစ်အတွင်း မင်းကွန်းဘက်က ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ခိုလှုံနေတုန်း သူနဲ့ ဆုံခဲ့တဲ့ ကိုရင်ငယ်တွေကို ပါဠိသင်ကြားပေးတာ၊ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို အင်္ဂလိပ်စာသင်ကြားဖို့အတွက် တိုက်တွန်းတာတွေလုပ်ခဲ့တယ်လို့ ဆိုကြပါတယ်။

”အဖေက သူ့ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းတက်တဲ့အချိန်မှာ ဗုဒ္ဓဘာသာဓလေ့ထုံးစံနဲ့အညီ ဘုရားရှိခိုးတာကို လုပ်ဆောင်စေတယ်။ မလုပ်တဲ့ ကလေးတွေကို ဆုံးမတယ်။ နောက်ပြီး ကျောင်းသားတွေကိုလည်း အင်္ဂလိပ် လက်ဝှေ့ပညာကို တတ်မြောက်အောင် ပညာရှင်တွေခေါ်ပြီး သင်ကြားပေးတာမျိုးတွေ လုပ်ခဲ့တယ်။ ဒါ့အပြင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက်လည်း သင်ကြားပေးခဲ့ပါတယ်”လို့ ၂၀၁၆ ခုနှစ်အတွင်းက နိုင်ငံပိုင် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဦးတင်မြင့်က ပြောကြားခဲ့ဖူးပါတယ်။

အထက်မြန်မာပြည်မှာ လူသူလေးစားခံရတဲ့ ဆရာကြီးဦးရာဇတ်ဟာ ဦးအောင်ဆန်းရဲ့ ခေါင်းဆောင်မှုနဲ့အတူ ဗြိတိသျှတို့ဆီက လွတ်လပ်ရေးတောင်းဆိုရာမှာပါဝင်ဖို့အတွက် ၁၉၄၆ ခုနှစ်မှာ ရန်ကုန်ကို ဆင်းလာခဲ့ပါတယ်။

ဦးရာဇတ်ဟာ အဲဒီ နောက်ပိုင်းဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်တွေနဲ့အတူတူ နီးကပ်တဲ့ ဆက်ဆံရေးရှိနေခဲ့ပြီး တိုင်းပြည်လွတ်လပ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်။

“ကမ်းဘဲလမ်း(ဦးရာဇတ်နေအိမ်)နဲ့ တာဝါလိမ်းအိမ်က နီးနီးလေးလေ။ ဗိုလ်ချုပ်အောင်ဆန်းအိမ်နဲ့က။ သူတို့က  ဆွေးနွေးစရာရှိရင်တချို့ဟာတွေ ရုံးမစောင့်တော့ဘူး။ (အိမ်)ခေါ် ဆွေးနွေးကြတယ်။ အဲအခါကျရှိရင် လိုက်သွားဖူးတာပေါ့”လို့ ဦးတင်မြင့်က ပြောပါတယ်။

(မှတ်ချက် – ယခုအခါ ကမ်းဘဲလမ်းကို ငါးထပ်ကြီးဘုရားလမ်းဟု ခေါ်ဝေါ်ကာ တာဝါလိမ်းသည် ရန်ကုန်ကန်တော်ကြီးအနီး ဗိုလ်ချုပ်ပြတိုက်လမ်းဖြစ်သည်။)

jtms-70thmartyrsday-07.jpg

ရန်ကုန်မြို့ အတွင်းဝန်ရုံးအတွင်းရှိ အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်တွင် ဦးရာဇတ်၏ အမည်အား ရေးထိုးထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

မန္တလေးကနေ ရန်ကုန်ကို ပြောင်းရွှေ့လာတဲ့ အမျိုးသားကျောင်းဆရာ ဦးရာဇတ်ကို ဦးအောင်ဆန်းက သူဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ပညာရေးနဲ့ အမျိုးသား စီမံကိန်းဝန်ကြီးအဖြစ် တာဝန်ပေးခဲ့ပါတယ်။

အဲဒီတုန်းက ဦးအောင်ဆန်းခေါင်းဆောင်တဲ့ အစိုးရအဖွဲ့မှာ စစ်သား၊ ကျောင်းဆရာ၊ ရှေ့နေ၊ သတင်းစာထုတ်ဝေသူ၊ နိုင်ငံရေးသမား၊ စော်ဘွားမျိုးနွယ်စတဲ့ မတူညီတဲ့ နယ်ပယ်အစုံကလူတွေနဲ့ မတူညီတဲ့ဘာသာတရားတွေကို ယုံကြည်သူတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းက ဘာသာရေး၊ လူမျိုးရေးတွေကို ရှေ့တန်းမတင်ဘူး။ သူရှေ့တန်းတင်တာသည် တိုင်းပြည်ဘဲ။ ကျန်တဲ့ပုဂ္ဂိုလ်ကြီးတွေကလည်း ဒါကိုပဲ ရှေ့တန်းတင်တာဘဲ”လို့ လွန်ခဲ့တဲ့နှစ် ၇၀၊ လိုနီခေတ်နှောင်းပိုင်းက မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ ခံယူချက်ကို ဦးတင်မြင့်က ပြောပါတယ်။

ဒီအတွက် ထင်ရှားတဲ့သက်သေက ဗိုလ်ချုပ်အောင်ဆန်းဟာ သူမကျဆုံးမီ လပိုင်းအလိုမှာ ရှမ်းပြည်နယ်၊ ပင်လုံမှာ တောင်တန်း-ပြည်မ တန်းတူညီတူ အခွင့်အရေးအတွက် တိုင်းရင်းသားခေါင်းဆောင်တွေကို အာမခံခဲ့တဲ့ ပင်လုံ စာချူပ်ကို လက်မှတ်ထိုးခဲ့ပါသေးတယ်။

ယခုနှစ် ကျင်းပသည့် နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကာ အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူပန်းခွေချ အလေးပြုနေစဉ်။ ဓာတ်ပုံ-တေဇလှိုင်

ယခုနှစ် ကျင်းပသည့် နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကာ အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူပန်းခွေချ အလေးပြုနေစဉ်။ ဓာတ်ပုံ-တေဇလှိုင်

ကိုးကွယ်ယုံကြည်မှုနဲ့ နောက်ခံ အသက်မွေးဝမ်းကြောင်းတွေ၊ စဉ်းစားတွေးခေါ်ပုံတွေ ကွဲပြားခဲ့ကြပေမယ့် အဲဒါတွေကို စုစည်းပြီး လက်တွဲလုပ်နိုင်ခဲ့တဲ့ အခြေခံအကြောင်းအရင်းက တိုင်းပြည်ထူထောင်ရေးအတွက် တူညီတဲ့ဘုံရည်မှန်းချက်ကြောင့်လို့ ဦးတင်မြင့်က ပြောပါတယ်။

“အားလုံးရဲ့ ရည်မှန်းချက်က ငါတို့ တိုင်းပြည်က လွတ်လပ်ရေးအမြန်ဆုံး ရရမယ်။ လွတ်လပ်ရေးရပြီးရင် တိုင်းပြည်ကို ထူထောင်မယ်။ အဲဒီရည်မှန်းချက်က အရေးကြီးတာကိုး” လို့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ဘုံရည်မှန်းချက်ကို သူက ပြောကြားပါတယ်။

ဦးအောင်ဆန်းခေါင်းဆောင်တဲ့ ဝန်ကြီးတွေဟာ လွတ်လပ်စနိုင်ငံတစ်ခု ထူထောင်ဖို့အတွက် အတွင်းဝန်ရုံး (နောင်ဝန်ကြီးများရုံး) မှာ နေ့ရက်သတ္တပေါင်းများစွာ ဆွေးနွေးငြင်းခုန်ခဲ့ကြပါတယ်။

ခုနှစ်သားလေး မောင်တင်မြင့်ကို ဖခင်ဖြစ်သူ ဝန်ကြီးဦးရာဇတ်က ရန်ကုန်မြို့လယ်ရှိ အတွင်းဝန်ရုံးက သူ့အလုပ်ခွင်ထဲ မကြာခဏ အလည်ခေါ်သွားတတ်ပြီး ရုံးခန်းထဲမှာ မြင်တွေ့ရတဲ ယူနီယံဂျက်အလံသမိုင်းကြောင်းကိုလည်း ရှင်းပြဖူးပါတယ်။

ဒါပေမယ့် ကံဆိုးမှုတွေက ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့မှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။

ဂဋ္ဋုန် ဦးစောလို့ လူသိများတဲ့ နန်းရင်းဝင်ဟောင်း ဦးစောက ဦးအောင်ဆန်းနဲ့ အနာဂတ်မြန်မာနိုင်ငံအစိုးရအဖွဲ့ဝင်တွေကို လုပ်ကြံဖို့အတွက် သူ့တပည့် သေနတ်သမားတွေကို အတွင်းဝန်ရုံးဆီ စေလွှတ်လိုက်ပါတယ်။

ဒီကံဆိုးမိုးမှောင်ကျမှုဟာ ဦးတင်မြင့်တို့ တစ်မိသားစုလုံးတင် မဟုတ်ပါဘူး။ ဗြိတိသျှတို့ဆီကနှစ် ၁၀၀ ကျော်အကြာမှ လွတ်လပ်ရေးရခဲ့တဲ့ မြန်မာနိုင်ငံအတွက်လည်း ဆယ်စုနှစ်နဲ့ချီတဲ့ ကံဆိုးမိုးမှောင်ကျမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

လုပ်ကြံမှုဖြစ်ပွားခဲ့အပြီး နောင်နှစ် ၇၀ အကြာမှာတော့ ဦးတင်မြင့်တယောက် တစ်ချိန်က သူ့ဖခင် ဦးရာဇတ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ လုပ်ကြံခံခဲ့ရတဲ့ အခန်းဆီ တစ်ခေါက်ပြန်လည် သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။

အဲဒီရုံးတော်ကြီးထဲမှာတော့ တစ်ချိန်က ဖခင်ဖြစ်သူ ဦးရာဇတ်က သူ့ကိုရှင်းပြခဲ့တဲ့ ယူနီယံဂျက်အလံကြီးလည်း မရှိတော့သလို လုပ်ကြံသတ်ဖြတ်ခဲ့ကြတဲ့ သေနတ်သမားတွေရဲ့ယမ်းငွေ့တွေလည်း မရှိတော့ပါဘူး။

မြန်မာနိုင်ငံအတွက်ကတော့ လွန်ခဲ့တဲ့နှစ် ၇၀ က ဒီအခန်းထဲမှာ ပျောက်ဆုံးသွားခဲ့ရတဲ့ လွတ်လပ်ရေးခေါင်းဆောင်တွေထားခဲ့တဲ့ ညီညွှတ်ခြင်း၊ မတူကွဲပြားခြင်းနဲ့ တရားမျှတခြင်းတွေ ရှာဖွေလို့ မတွေ့ရှိသေးပါဘူး။

ခေါင်းစီးဓာတ်ပုံ- ဦးရာဇတ်၏ သားဖြစ်သူ ဦးတင်မြင့်အား ၎င်း၏နေအိမ်တွင် ဇူလိုင် ၁၇ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ-သိ့မ်မွန်စိုး (J)

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar