နေပြည်တော်၊ မေ ၂၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sommai Kaotira ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ယနေ့ ထွက်ခွာသွားကြောင်း သိရသည်။
၎င်း၏ သုံးရက်ကြာခရီးစဉ်နှင့် ပတ်သက်ကာ အသေးစိတ် သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း ထိုင်းနိုင်ငံအစိုးရနှင့် ထိုင်းဘုရင့်တပ်မတော်တို့မှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖေ့ဘုတ်တွင် သတင်းထုတ်ပြန်ထားသည်။
ထိုင်းတပ်မတော်မှ သတင်းအရင်းအမြစ်တစ်ခုအား ကိုးကားကာ ဘန်ကောက်ပို့စ်သတင်းစာက ယနေ့ ရေးသားထားချက်အရမူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗိုလ်ချုပ်ကြီး Sommai Kaotira၊ ဗိုလ်ချုပ်ကြီး Prayut နှင့် ဒုတိယဝန်ကြီးချုပ် Tanasak Patimapragorn တို့အား မနက်ဖြန်တွင် တွေ့ဆုံမည်ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို သူ့အလည်အပတ် ခရီးစဉ်က ဖော်ပြနေပါတယ်” ဟု အဆိုပါ သတင်းအရင်းအမြစ်က ပြောကြားကြောင်း သတင်းစာက ရေးသားထားသည်။
နယ်စပ်ရေးရာနှင့် အမျိုးသားလုံခြုံရေးကိစ္စများတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားသည့် တပ်မတော်၏ အခန်းကဏ္ဍများကို ယခုအလည်အပတ်ခရီးက ထင်ဟပ်နေသည်ဟု ထိုင်းနိုင်ငံ Naresuan တက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ Wirat Niyomtam က ပြောကြားသည်။
“အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အနောက်နိုင်ငံတွေနဲ့ ပိုမိုနီးကပ်လာအောင် ဆောင်ရွက်တာ မြင်နေရချိန်မှာ မြန်မာစစ်တပ်က အာဆီယံနိုင်ငံတွေက စစ်တပ်တွေနဲ့ ဆက်ဆံရေးခိုင်မာလာအောင် ဆောင်ရွက်နေပါတယ်” ဟု ၎င်းကပြောကြားသည်။
၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိခဲ့ပြီးနောက် သမ္မတဦးထင်ကျော် ဦးဆောင်သည့် အရပ်သားအစိုးရ တက်လာခဲ့သော်လည်း မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါနေဆဲဖြစ်သည်။
လွှတ်တော်အသီးသီး၏ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ရရှိထားသလို အရေးပါသည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ပြည်ထောင်စု ဝန်ကြီးများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုခွင့်လည်း ရရှိထားသည်။
သို့သော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အနေဖြင့် သမ္မတဦးထင်ကျော်အစိုးရ၏ ဦးဆောင်မှုအောက်တွင် အတူ ပူးပေါင်းဆောင်ရွက်နေသလို တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိပြီး နိုင်ငံရေးအခြေအနေများ တည်ငြိမ်လာလ ျှင် တပ်မတော်အနေဖြင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်တော့မည်မဟုတ်ဟု ပြောကြားထားသည်။
သတင်း- Frontier