ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ နောင်ကိုးနှစ်အကြာတွင် မြန်မာ လွတ်မြောက်နိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

နောင်လာမည့် ကိုးနှစ်အကြာ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်ကင်းကာ တစ်ဆင့်တက်လှမ်းတော့မည်ဟု ခန့်မှန်းထားကြောင်း ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဖရင့် (UNCTAD) က ထုတ်ပြန်သည့် ၂၀၁၆ ခုနှစ် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဆိုသည်မှာ နိုင်ငံသားများ၏ ဝင်ငွေနည်းပါးခြင်း၊ နိုင်ငံသားများ၏ ပျမ်းမျှပညာ အရည်အချင်းနည်းပါးခြင်းနှင့် ပျမ်းမျှလူ့သက်တမ်း တိုတောင်းခြင်းကဲ့သို့သော လူသားဆိုင်ရာ ညွှန်းကိန်းများ နိမ့်ကျခြင်းနှင့် တိုင်းပြည့်စီးပွားရေး၏ တည်ငြိမ်မှုနည်းပါးခြင်း စသည့်စံများနှင့် ငြိစွန်းသောနိုင်ငံများအား ကုလသမဂ္ဂက ခေါ်တွင်သည့် သတ်မှတ်ချက်ဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံး (Least Developed Countries – အယ်လ်ဒီစီ) နိုင်ငံအဖြစ် လွန်ခဲ့သော ၂၉ နှစ်၊ ၁၉၈၇ ခုနှစ်က စတင်သတ်မှတ်ခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံအပါအဝင် ၄၈ နိုင်ငံအား ကုလက ထိုစာရင်းသွင်းထားသည်။

အထက်ပါအစီအရင်ခံစာနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံးက သတင်းမီဒီယာများအား ဒီဇင်ဘာ ၁၅ ရက်က မိတ်ဆက်ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံ အယ်လ်ဒီစီနိုင်ငံအဖြစ်မှ လွတ်မြောက်လျှင် ဖြစ်ပေါ်လာမည့် အခြေအနေများကိုလည်း ဌာနေအရာရှိများက ရှင်းပြခဲ့ကြသည်။

“ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဆင့်က တက်လှမ်းခြင်းဟာ နိုင်ငံအတွက် အရေးကြီးပြီး အထင်ကရဖြစ်တဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ခရီးဆုံးပန်းတိုင်တစ်ခု မဟုတ်ဘူးဆိုတာကိုတော့ သတိချပ်ဖို့ လိုပါတယ်”ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၏ ဌာနေကိုယ်စားလှယ် ရီနာတာ ဒက်ဆာလီယန်းက မှတ်ချက်ပြုသည်။

အယ်လ်ဒီစီနိုင်ငံအဖြစ်မှ တက်လှမ်းခြင်းဆိုသည်မှာ “အားကောင်းသော စီးပွားရေးနှင့် အောင်မြင်သော ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာများ၏ အမှတ်သင်္ကေတ ဖြစ်ပါတယ်”ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

အယ်လ်ဒီစီအဆင့်မှ တက်လှမ်းနိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံသည် အယ်လ်ဒီစီမဟုတ်သော တိုင်းပြည်များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ယခင်ကထက် တန်းတူရည်တူ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်လာနိုင်မည်ဖြစ်ပြီး၊ ပို့ကုန်ဆိုင်ရာ ဈေးကွက်များ ဖွံ့ဖြိုးစေရန် အထောက်အပံ့များလည်း ရရှိလာနိုင်သည်ဟု ကုလဖွံ့ဖြိုးရေးအစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးအကြံပေး သောမတ်ခရင့် က ပြောကြားသည်။

ထိုသို့ အကျိုးကျေးဇူးများရှိသလို အခြားတစ်ဖက်တွင်လည်း အယ်လ်ဒီစီအဖြစ်မှ မြန်မာနိုင်ငံ လွတ်မြောက်သွားပြီလျှင် လက်ရှိရရှိနေသော နိုင်ငံတကာမှ အထောက်အပံ့များ၊ ချေးငွေများအနက်မှ အချို့မှာမူ ရပ်ဆိုင်းသွားနိုင်ကြောင်း ၎င်းကရှင်းပြခဲ့သည်။

“ကျွန်တော်ပြောတာ အထောက်အပံ့ အားလုံး၊ ချေးငွေအားလုံး ရပ်မယ်လို့ ပြောတာမဟုတ်ပါဘူး။ အချို့ ရပ်သွားပါမယ်လို့ ပြောတာပါ။ ဒါပေမဲ့ နိုင်ငံတကာကထောက်ပံ့မှုတွေဟာ အယ်လ်ဒီစီဖြစ်ခြင်း၊ မဖြစ်ခြင်းပေါ်မှာတော့ အားလုံး မူတည်ပြီးပေးတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက ဒီမိုကရေစီအသွင်ကူး ပြောင်းမှုတွေ ဆောင်ရွက်နေတဲ့အတွက် အဲဒီလမ်းကြောင်းကို အထောက်အပံ့ပေးချင်တဲ့ နိုင်ငံတွေက အထောက်အပံ့တွေလဲ ရလာနိုင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ချေးငွေနှင့် အကူအညီများသည် “အစိုးရရဲ့ အခြားနိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းပေါ်မှာလည်း မူတည်ပါတယ်”ဟု ၎င်းကဆိုသည်။

ကုလသမဂ္ဂက ကမ္ဘာ့နိုင်ငံအချို့အား အယ်လ်ဒီစီနိုင်ငံအဖြစ် သတ်မှတ်မှုစနစ်အား စတင်ကျင့်သုံးခဲ့သည့် လွန်ခဲ့သော ၄၅ နှစ်မှ ယနေ့အချိန်အထိ အယ်လ်ဒီစီအဖြစ်မှ လွတ်မြောက်ခဲ့သည်မှာ လေးနိုင်ငံသာ ရှိခဲ့ဖူးသဖြင့် မြန်မာနိုင်ငံအတွက်လည်း လွတ်မြောက်ခဲ့ပါက ကြီးမားသော ခြေလှမ်းတစ်ခုဖြစ်လာမည်ဖြစ်သည်။

ကုလသမဂ္ဂကလည်း ယခုကိစ္စသည် “ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမခြေလှမ်းတစ်ရပ်”ဟု အသိအမှတ်ပြုကြောင်း ယင်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.