ဖွဲ့စည်းပုံ ခုံရုံးအသစ်၊ ကံကြမ္မာဆိုး ကြုံနိုင်သေးလား

လက်ရှိ လွှတ်တော်ထဲ ရောက်နေတဲ့ အင်န်အယ်လ်ဒီ အမတ်တွေနဲ့ အစိုးရအဖွဲ့အကြား အရင် ပြည်ခိုင်ဖြိုးပါတီတုန်းကလို ဂိုဏ်းကွဲတာမျိုး မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ညီညီညွတ်ညွတ် ရှိနေတာမို့ ဒီ ခုံရုံးကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်မယ့် အခြေအနေမျိုးလည်း မပေါ်ပေါက်နိုင်ပါဘူး။

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် ပြည်ထောင်စု လွှတ်တော်ဟာ လာမယ့် မတ်လ ၃၁ ရက်မှာ တာဝန်ယူမယ့် အစိုးရ အဖွဲ့သစ်နဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေကို ရွေးချယ်တာ၊ အတည်ပြုတာ၊ ခန့်အပ်တာဝန်ပေးတာတွေကို လုပ်ကိုင်ဆောင်ရွက်နေတာ အတော်လေး ခရီးရောက်နေပါပြီ။

ဒီအထဲမှာ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ရွေးချယ်တာ၊ လွှတ်တော်က အတည်ပြုတာ၊ ခန့်အပ် တာဝန်ပေးတာတွေလည်း ပါပါတယ်။ လွန်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကို ပြန်ကြည့်ရင် ပထမ ဦးဆုံး ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တဲ့ ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံး ပြဿနာတက်ပြီး အားလုံး နှုတ်ထွက်သွားကြရတာကို တွေ့မြင်ကြရပါတယ်။ နောက်ပိုင်း ဖွဲ့စည်းလိုက်တဲ့ ခုံရုံးကလည်း ဒီလောက် တွင်တွင်ကျယ်ကျယ် အလုပ်လုပ်တာ၊ အဆုံးအဖြတ် ပေးတာလည်း မကြားကြရတော့ပါဘူး။ အခု လက်ရှိ လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ဖွဲ့စည်းပုံ ခုံရုံးကရော၊ အလုပ်ဖြစ်မလား၊ အရင် ခုံရုံးတွေရဲ့ ကံကြမ္မာမျိုး ကြုံရနိုင်သလား၊ ဘယ်လို အန္တရာယ်တွေ ရှိနိုင်မလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ အရ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးတာ တွေ့နိုင်ပါတယ်။ အကြောင်းကတော့ ဖွဲ့စည်းပုံဆိုင်ရာ အငြင်းပွားမှု တစ်စုံတရာဖြစ်လာရင် ဖြေရှင်းပေးတဲ့ နိုင်ငံရဲ့ အမြင့်ဆုံး အဖွဲ့အစည်း တစ်ခု ဖြစ်လို့ပါပဲ။ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ဆုံး အတည်ဖြစ်ပြီး အားလုံးအပေါ်လည်း လွှမ်းမိုးမှု ရှိပါတယ်။ ဒါကြောင့်လည်း ဒီ ခုံရုံးကို အစိုးရအဖွဲ့၊ လွှတ်တော်၊ တရားစီရင်ရေးနဲ့ အခြားသော အဖွဲ့အစည်းတစ်ခုခုရဲ့ လွှမ်းမိုးမှု မခံရစေဘဲ တသီးတသန့် ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာတဲ့အခါ ပထမဦးဆုံးသော ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးကို ဖွဲ့စည်းပါတယ်။ ခုံရုံးဥက္ကဋ္ဌအဖြစ် ၂၀၁၀ ရွေးကောက်ပွဲကို ကြီးကြပ်ခဲ့ရတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟောင်း အငြိမ်းစားစစ်ဗိုလ်ချုပ် ဦးသိန်းစိုးကို တာဝန်ပေးပါတယ်။

သိပ်မကြာခင် ပြဿနာတက်ပါတယ်။ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီတွေ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် ဟုတ်မဟုတ်၊ သမ္မတ ဦးသိန်းစိန်က မေးခွန်းထုတ်ပြီး ဖြေရှင်းပေးဖို့ ခုံရုံးကို တင်ပြပါတယ်။ ခုံရုံးက “ပြည်ထောင်စုအဆင့် မဟုတ်”လို့ အဖြေပေးပါတယ်။ တကယ်တော့ ခုံရုံးရဲ့ အဆုံးအဖြတ်ဟာ နောက်ဆုံး ဖြစ်လို့ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဘက်က ဘာမှ လုပ်လို့ မရပါဘူး။ ဒါပေမဲ့လည်း ခုံရုံးက အဲလို ဆုံးဖြတ်ခဲ့တာကို အကြောင်းပြုပြီး လွှတ်တော်ကနေ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်တဲ့နည်းနဲ့ အရေးယူ ထုတ်ပယ်ပစ်ဖို့ ကြိုးစားပါတယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် မချနိုင်သေးခင်မှာပဲ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်အားလုံး နှုတ်ထွက်ခွင့် တောင်းတာကို သမ္မတ ဦးသိန်းစိန်က ခွင့်ပြုပေးလိုက်ရပါတယ်။

ဒီခုံရုံးကတော့ လွှတ်တော်ရဲ့ သဘောထားကို ဆန့်ကျင်ပြီး ဖွဲ့စည်းပုံကို အဓိပ္ပာယ်ဖွင့်ဆိုမိရင် အရင် ခုံရုံးအဖွဲ့ ဒုက္ခရောက်သွားရတာကို သင်ခန်းစာယူပြီး သူရဦးရွှေမန်း တင်လာတာတွေကို ပယ်မချတော့ပါဘူး။ အလားတူ သမ္မတဘက်ကလည်း လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ တချို့သော ဥပဒေတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးလို့ တရားဝင် မှတ်ချက်ပေးပေမဲ့ ခုံရုံးကို စိန်ခေါ် ဆုံးဖြတ်ခိုင်းတာမျိုးတော့ မလုပ်တော့ပါဘူး။

သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပုဂ္ဂိုလ်ရေး အားပြိုင်မှု၊ ပြည်ခိုင်ဖြိုးပါတီရဲ့ အစိုးရအဖွဲ့ဂိုဏ်းနဲ့ လွှတ်တော်ဂိုဏ်း တိုက်ခိုက်မှုကြားမှာ နိုင်ငံရဲ့ အရေးကြီး မဏ္ဍိုင်ကြီးတစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး ပျက်စီးသွားခဲ့ရတာပါ။ နောက်ပိုင်း ဒီဖြစ်ရပ်ကို ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းကာလအတွင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်အုပ်စုရဲ့ အရုပ်ဆိုး အကျည်းအတန်ဆုံး လုပ်ရပ်တစ်ခုအဖြစ် နိုင်ငံရေး လေ့လာသုံးသပ်သူတွေက အကဲဖြတ်ကြပါတယ်။

အဲလို ဖွဲ့စည်းပုံ ခုံရုံး တစ်ခု ပြုတ်သွားပြီး နောက်ထပ် ခုံရုံးတစ်ခု ထပ် မဖွဲ့ရသေးခင် လွှတ်တော်ဘက်ကနေ ဖွဲ့စည်းပုံ ခုံရုံးဆိုင်ရာ ဥပဒေကို မြန်မြန်ဆန်ဆန် ပြင်ပါတယ်။ နဂိုက ဖွဲ့စည်းပုံ ခုံရုံးကို သမ္မတက အဆိုပြုသူ သုံးယောက်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုပြုသူ သုံးယောက်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပြုသူ သုံးယောက် စုစုပေါင်း ကိုးယောက်နဲ့ ဖွဲ့စည်းပြီး အဲဒီထဲကမှ တစ်ယောက်ကို ဥက္ကဋ္ဌအဖြစ် သမ္မတ က ခန့်နိုင်တယ်ဆိုပြီး ပြဋ္ဌာန်းထားတာပါ။ အဲဒီ ပြဋ္ဌာန်းချက်ကနေ ခုံရုံးဥက္ကဋ္ဌ ကို သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်၊ ပေါင်းသုံးယောက် တိုင်ပင်ပြီး ခန့်ရမယ် ဆိုပြီး ပြင်ဆင်လိုက်ပါတယ်။

ဒီလိုနဲ့ နောက်ထပ် ဖွဲ့တဲ့ ခုံရုံးမှာတော့ သူရဦးရွှေမန်းသဘောကျတဲ့ ဦးမြသိန်း ခုံရုံးဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ဒီခုံရုံးကတော့ လွှတ်တော်ရဲ့ သဘောထားကို ဆန့်ကျင်ပြီး ဖွဲ့စည်းပုံကို အဓိပ္ပာယ်ဖွင့်ဆိုမိရင် အရင် ခုံရုံးအဖွဲ့ ဒုက္ခရောက်သွားရတာကို သင်ခန်းစာယူပြီး သူရဦးရွှေမန်း တင်လာတာတွေကို ပယ်မချတော့ပါဘူး။ အလားတူ သမ္မတဘက်ကလည်း လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ တချို့သော ဥပဒေတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးလို့ တရားဝင် မှတ်ချက်ပေးပေမဲ့ ခုံရုံးကို စိန်ခေါ် ဆုံးဖြတ်ခိုင်းတာမျိုးတော့ မလုပ်တော့ပါဘူး။ ဖွဲ့စည်းပုံ ခုံရုံးဟာ နာမည်ခံလောက်ပဲ ကျန်တော့တဲ့ သဘောပါ။

အခု သမ္မတ ဦးထင်ကျော်ကတော့ ခုံရုံးအဖွဲ့ဝင် စာရင်း တင်ပြပြီး ဥက္ကဋ္ဌ အဖြစ် ဦးမျိုးညွန့်ကို လွှတ်တော်က အတည်ပြုပေးလိုက်ပါပြီ။ သူဟာ တရားရေးဌာနမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာတဲ့ အငြိမ်းစားညွှန်ကြားရေးမှူး တစ်ယောက်ဖြစ်ပြီး ကောင်းတဲ့ ဂုဏ်သတင်းနဲ့ ကျော်ကြားသူလည်း ဖြစ်တယ်လို့ တရားရေး အသိုင်းအဝိုင်းက ပြောဆိုနေကြပါတယ်။ သူဟာ စာရေးဆရာတစ်ယောက်လည်း ဖြစ်ပြီး ဆရာမြတ်သင်း နာမည်နဲ့ စာရေးတယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့လက်ထက်မှာတော့ ခုံရုံးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဿနာတွေကို သမာသမတ်ကျကျ မှန်မှန်ကန်ကန် ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။

အခုဆိုရင်ပဲ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကို ဒုသမ္မတ ရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီး သမ္မတ အရည်အချင်းမှာ ဖွဲ့စည်းပုံနဲ့ ညီမညီ စစ်ဆေးသင့်တယ်လို့ သမ္မတ စစ်ဆေးရေး အဖွဲ့မှာ ပါတဲ့ တပ်မတော်သား ကိုယ်စားလှယ်က ပြောဆိုထားပါတယ်။ ဒါပေမယ့် ခုံရုံးဆီကနေ ဖွဲ့စည်းပုံနဲ့ အညီ တရားဝင် အဆုံးအဖြတ် တောင်းတာမျိုးတော့ မရှိသေးပါဘူး။

နောက် အရေးကြီးတစ်ချက်က လက်ရှိ လွှတ်တော်ထဲ ရောက်နေတဲ့ အင်န်အယ်လ်ဒီ အမတ်တွေနဲ့ အစိုးရအဖွဲ့အကြား အရင် ပြည်ခိုင်ဖြိုးပါတီတုန်းကလို ဂိုဏ်းကွဲတာမျိုး မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ညီညီညွတ်ညွတ် ရှိနေတာမို့ ဒီ ခုံရုံးကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်မယ့် အခြေအနေမျိုးလည်း မပေါ်ပေါက်နိုင်ပါဘူး။ အရေးကြီးတာက တစ်ခုပါပဲ။ လက်ရှိ တပ်မတော်ဟာ ဖွဲ့စည်းပုံကို ကာကွယ် စောင့်ရှောက်မယ် ဆိုပြီး အကြိမ်ကြိမ် အထပ်ထပ် ပြောဆိုထားလေတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရ၊ အင်န်အယ်လ်ဒီ လွှတ်တော်ဘက်ကနေ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ကိစ္စမျိုးကို အထူးရှောင်ရှား လုပ်ကိုင်ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

(ဤဆောင်းပါးကို ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်ထုတ် Frontier အမှတ်စဉ် ၄၀ တွင် ဖော်ပြနိုင်ရန် ဆောင်းပါးရှင်က မတ်လ ၂၄ ရက်က ရေးသားပေးပို့ထားခြင်း ဖြစ်ပါသည်။)

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar