ဖြိုးကိုကိုတင့်ဆန်းကို ပုဒ်မများထပ်တိုး၍ အမှုဖွင့်

နေပြည်တော်၊ အောက်တိုဘာ ၁၉

သေနတ်၊ မူးယစ်ဆေးဝါး၊ ဆက်သွယ်ရေးစက်၊ စစ်တပ်သုံးပစ္စည်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့လို့ ထင်ယောင် ထင်မှားဖြစ်စေမယ့် ဝတ်စုံ၊ အမှတ်တံဆိပ်၊ အဆောင်အယောင်တွေ လက်ဝယ်ထားရှိကြောင်း ဖော်ထုတ် တွေ့ရှိထားတဲ့ ဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းအပါတွေကို ပုဒ်မတွေထပ်တိုးပြီး အမှုဖွင့်လိုက်ပါပြီ။

မူလက မူးယစ်၊ လက်နက်ဥပဒေတွေနဲ့သာ အမှုဖွင့်ထားရာကနေ အစိုးရလျှို့ဝှက်ချက်၊ ပို့ကုန်သွင်းကုန်၊ ဆက်သွယ်ရေး စတဲ့ ဥပဒေပါ ပုဒ်မတွေနဲ့ပါ စစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက် နံနက်မှာ ထုတ်ပြန်ပါတယ်။

National Security Council၊ Special Forces Sprit Displine Power (အတိုကောက် – NSA) လို့ရေးသားထားတဲ့ အမှတ်တံဆိပ်တွေကို မော်တော်ယာဉ်နဲ့ ဝတ်စုံတွေမှာ တပ်ဆင်ထားတာကြောင့် အစိုးရဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံလုံခြုံရေးထိခိုက်စေရန် တပ် (သို့) ရဲတပ်ဖွဲ့အဖြစ် ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်မှုနဲ့ သက်ဆိုင်တဲ့ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၆(၁)(က)(င)နဲ့ ထပ်မံစွဲဆိုလိုက်တာပါ။

ဒါ့အပြင် လိုင်စင်မရှိဘဲ ဆက်သွယ်ရေးပစ္စည်းတွေ လက်ဝယ်ထားရှိ၊ အသုံးပြုတာကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊ ခွင့်ပြုချက်မရှိဘဲ ပစ္စည်းများတင်သွင်းမှုအတွက် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ စတာတွေနဲ့လည်း စစ်ဆေးနေပါပြီ။

ဖမ်းဆီးထားမှုှုအခြေအနေတွေနဲ့ ပတ်သက်ပြီး နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်ကို မေးမြန်းကြည့်တဲ့အခါ “ဝန်ထမ်းတွေများပါတယ်။ တစ်ခြားစပ်ဆက်တဲ့ ပြင်ပပုဂ္ဂိုလ်တွေမရှိပါဘူး”လို့ ပြောပါတယ်။

နောက်ထပ်စစ်ဆေးပေါ်ပေါက်တဲ့ အကြောင်းအရာ အသေးစိတ်ကို ဆက်လက်မေးမြန်းရာမှာတော့ အမှုစစ်အဖွဲ့ ခေါင်းဆောင်ထံ မေးမြန်းဖို့ ရဲမှူးကြီးက လမ်းညွှန်ခဲ့တဲ့အတွက် Frontier က အမှုစစ်ခေါင်းဆောင်ထံကို တယ်လီဖုန်းနဲ့ ဆက်သွယ်နေပေမယ့် ယနေ့မွန်းတည့်ချိန်အထိ မှတ်ချက်တစ်စုံတစ်ရာမရရှိသေးပါဘူး။

ပစ္စည်းတွေကို နေပြည်တော်နဲ့ ရန်ကုန်မှာရှိတဲ့ ဖြိုးကိုကိုတင့်ဆန်းပိုင်ဆိုင်တဲ့ နေရာတွေမှာ ဖော်ထုတ်ရမိထားတာကြောင့် ပစ္စည်းတွေ့ရှိတဲ့ သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေက သိမ်းဆည်းရမိတဲ့ အမျိုးအစားတွေနဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေနဲ့အမှုဖွင့်ထားတာပါ။

သူနဲ့ပတ်သက်ပြီး အမှုဖွင့်ထားတဲ့ မြို့နယ်စုစုပေါင်းဟာ ဒီနေ့အထိ နေပြည်တော်မှာ ၂ ခု၊ ရန်ကုန်မှာ ၂ ခုရှိ ပါတယ်။ အမှုဖွင့်ထားတဲ့ မြို့နယ်တိုင်းမှာ ဖြိုးကိုကိုတင့်ဆန်းပါဝင်နေပြီး သူနဲ့အတူဖမ်းဆီးစစ်ဆေးခံနရတဲ့ လူ ၂၀ ကျော်ကတော့ သူတို့တာဝန်ရှိတဲ့ မြို့နယ်တစ်ခုချင်းစီအလိုက် တရားစွဲဆိုခံထားရပါတယ်။

လတ်တလော နေပြည်တော်မှာ ထိန်းသိမ်းထားရှိစစ်ဆေးနေတဲ့ ဖြိုးကိုကိုတင့်ဆန်းဟာ ဘယ်တရားရုံးမှာ အမှုကိုရင်ဆိုင်ရမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

“ဥပဒေရုံးရဲ့ အကြံအတိုင်းဖြစ်မှာပေ့ါ”လို့ ရဲမှူးကြီး ဇော်ခင်အောင်က ပြောပါတယ်။

ဒါ့အပြင် ဘယ်အချိန်လောက်မှာတရားရုံးလုပ်ငန်းစဉ်တွေစနိုင်မလဲဆိုတာကိုတော့ “အဲဒါတော့ပြောလို့မရသေးဘူး ရဲလုပ်ငန်းပြီးမှ” လို့ရဲမှူးကြီးက ပြန်ဖြေပါတယ်။

နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အောက်တိုဘာ ၁၅ ရက်က မူးယစ်ဆေးဝါးအနည်းငယ်နဲ့ အတူ လက်နက်အချို့ရှာဖွေတွေ့ရှိပြီးတဲ့နောက် ဖြိုးကိုကိုတင့်ဆန်းနဲ့ သက်ဆိုင်တဲ့နေရာ(နေပြည်တော်၊ ရန်ကုန်) တွေမှာ သုံးရက်အတွင်း ပစ္စတိုနဲ့ မောင်းပြန်ရိုင်ဖယ်စတဲ့ သေနတ်စုစုပေါင်း ၂၁ လက်၊ ကျည်ဆန်ပေါင်း ၁,၀၀၀ နီးပါး ရှာဖွေတွေ့ရှိထားပါတယ်။သိမ်းဆည်းရမိပစ္စည်းစာရင်းမှာ စနိုက်ပါမှန်ပြောင်းတွေပါဝင်ပေမယ့် ဒီမှန်ပြောင်းတပ်ဆင်ပြီး အဝေးကနေ အသံတိတ်ပစ်ခတ်လို့ရတဲ့ စနိုက်ပါသေနတ် အမျိုးအစားများ သိမ်းဆည်းရမိခြင်း ရှိမရှိကိုတော့ ရဲတပ်ဖွဲ့ထံကနေ ကွဲကွဲပြားပြား မသိရသေးပါဘူး။

မှတ်ချက်

၁) ပြည်ထဲရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် သတင်းထုတ်ပြန်ချက်မှာ လက်နက်ဥပဒေပုဒ်မ ၁၉ (စ) (လက်ဝယ်ထားရှိ/ကြီးကြပ်) ပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ ယနေ့အထိ ဖော်ပြနေပေမယ့် အောက်တိုဘာ ၁၇ ရက်ကတည်းက ပုဒ်မ ၁၉ – က (လက်ဝယ်ထားရှိ/ကြီးကြပ်၊ တင်သွင်း၊ သယ်ပို့၊ အပ်နှံရန်ပျက်ကွက်)နဲ့ ပြောင်းလဲအမှုဖွင့်ထားပြီးဖြစ်တဲ့အကြောင်း ရဲမှူးကြီးဇော်ခင်အောင်က Frontier ကို ထပ်မံအတည်ပြုထားပါတယ်။

၂) ဖြိုးကိုကိုတင့်ဆန်းနဲ့အတူ ဖမ်းဆီးခံထားရသူတွေမှာ သူ့ဇနီးပါဝင်တယ်ဆိုတဲ့ သတင်းထွက်ပေါ်နေမှုတွေဟာ မှားယွင်းနေကြောင်းလည်း ရဲမှူးကြီးက ပြောတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.