ဖားကန့်ရှိ မူဆလင်ဝတ်ပြုဆောင်အား ပြီးခဲ့သည့် ရက်သတ္တပတ်က မီးရှို့ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ရွာသားငါးဦးအား ဖမ်းဆီးထားသည်ဟု ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီကို ဇူလိုင် ၅ ရက်နေ့က ပြောကြားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်အတွင်း မြို့နှစ်ခုတွင် မူဆလင်ဗလီနှစ်ခု အကြမ်းဖက်ဖျက်ဆီးခံခဲ့ရပြီး ဒေသခံမူဆလင်အချို့ လုံခြုံရေးအတွက် ထွက်ပြေးခဲ့ကြရသည်။
သို့သော် ဇွန် ၃၀ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်မှ ဝတ်ပြုဆောင်အား ဖျက်ဆီးခဲ့မှုဖြင့် ၎င်းတို့ ငါးဦးကို ဖမ်းဆီးထားခြင်း ဖြစ်သည်။
“အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦးကို ကျွန်တော်တို့ ဖမ်းဆီးထားပါတယ်။ သူတို့ဟာ ဝတ်ပြုဆောင်ကို ဖျက်ဆီးခဲ့တဲ့ လူအုပ်ထဲမှာ ပါဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်” ဟု ဖြစ်ပွားခဲ့သည့် လုံးခင်းဒေသမှ ရဲအရာရှိဦးမိုးလွင်က အေအက်ဖ်ပီကို ပြောကြားသည်။
၎င်းတို့သည် ဝတ်ပြုဆောင်အား ဖျက်ဆီးကာ မီးရှို့ခဲ့သည့် လူအုပ်စုကြီးနှင့် ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒီအမှုမှာ ပါဝင်တဲ့လူတွေအကုန်လုံးကို ဥပဒေအရ အရေးယူဖို့ သိပ်မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီနေ့က လူတွေ တော်တော်များလို့ပါ” ဟု ၎င်းကပြောသည်။
သို့သော် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာမှ ဗလီတစ်ခုအား ပြီးခဲ့သည့်လက ဝင်ရောက်ဖျက်ဆီးခဲ့သူများကိုမူ ဖမ်းဆီးခြင်းမရှိသေးဟု ဒေသခံ မူဆလင်ခေါင်းဆောင်တစ်ဦးကပြောသည်။
“ဗလီဖျက်သွားတဲ့လူတွေ ရွာထဲမှာ နေ့တိုင်း ကျွန်တော့်ရှေ့က ဖြတ်ဖြတ်သွားနေတာ ကျွန်တော်တွေ့နေရတာပဲ” ဟု ဗလီ၏ အတွင်းရေးမှူး ဦးဝင်းရွှေက အေအက်ဖ်ပီကို ပြောသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ Rupert Colville က ဇွန် ၃၀ ရက်နေ့က ဖြစ်စဉ်တွင် ရဲများရောက်ရှိနေသော်လည်း ဝတ်ပြုဆောင် ဖျက်ဆီးမည့်သူများအား တားဆီးခဲ့ခြင်းမရှိဟု သတင်းများ ကြားသိရသည့်အတွက် စိတ်ပူပန်မိသည်ဟု ပြောကြားသည်။
“ဒီဖြစ်စဉ်နှစ်ခုလုံးကို စုံစမ်းစစ်ဆေးဖို့ အစိုးရကို ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် ဒေသအာဏာပိုင်တွေရဲ့ တုံ့ပြန်မှုကိုပါ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် စုံစမ်း စစ်ဆေးသင့်ပါတယ်” ဟု ၎င်းကပြောသည်။