ဖားကန့်မြေပြိုမှုမှာ အနည်းဆုံး လူ ၁၅ ဦးသေဆုံး၊ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရ

အေအက်ဖ်ပီ

မြန်မာနိုင်ငံမြောက်ပိုင်းက ကျောက်စိမ်းတွင်းဟောင်းတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၁၅ ထက်မနည်း သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနတွေက ဇူလိုင် ၁၅ ရက်နေ့မှာ ရေးသားထားပါတယ်။ မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့အတွက်လည်း ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ဖို့ ခက်ခဲနေပါတယ်။

ဒါဟာ ကမ္ဘာ့ကျောက်စိမ်းအများစုရဲ့ အရင်းအမြစ်ဖြစ်တဲ့ ကချင်ပြည်နယ်က အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းမှာ နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ မတော်တဆမှုလည်း ဖြစ်ပါတယ်။

ဇူလိုင် ၁၄ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ မြေပြိုမှုကြောင့် သေဆုံးခဲ့သူများဟာ ဖားကန့်မှာရှိတဲ့ စွန့်ပစ်မြေစာပုံထဲကနေ ကျောက်စိမ်း ရှာဖွေနေကြသူများဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူ ၁၄ ယောက်ရဲ့ အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့ပြီး တစ်ယောက်ကတော့ ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရရှိခဲ့သူ ၄၅ ယောက်ကျော်က ဆေးကုသမှု ခံယူနေတယ်လို့လည်း ဆိုပါတယ်။

မြေပြိုမှုဟာ လုံးခင်းမြို့နယ်ခွဲမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသခံတစ်ဦးဖြစ်သူ အသက် ၃၀ နှစ်အရွယ် လုံးလုံးက အေအက်ဖ်ပီကို ပြောပါတယ်။

“မနေ့က ကယ်ဆယ်ရေးလုပ်တော့ အလောင်းတွေ တွေ့ပါတယ်။ ဒါပေမယ့် ဒီနေ့မနက်တော့ မိုးတွေသည်းနေတယ်” လို့ သူမက ဇူလိုင် ၁၅ ရက်နေ့က ပြောပါတယ်။

မြေပြိုမှုကို မြင်တွေ့ခဲ့တဲ့ လုံခြုံရေးအစောင့်တစ်ဦးကတော့ သေဆုံးသူ ပိုမိုများပြားနိုင်ဖွယ်ရှိတယ်လို့ အေအက်ဖ်ပီကို ပြောပါတယ်။ ဒါပေမယ့် ဇူလိုင် ၁၅ ရက်နေ့က မိုးသည်းနေတာကြောင့် ရှာဖွေရေးလုပ်ငန်းတွေကို ခက်ခဲစေတယ်လို့လည်း သူက ပြောပါတယ်။

ကျေးရွာတာဝန်ရှိသူတွေ၊ မီးသတ်သမားတွေနဲ့ ဒေသခံလူမှုအဖွဲ့အစည်းတွေ ပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့က ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ အစိုးရက ပြောကြားပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဖားကန့်ဒေသမှာ မြေပြိုမှုတွေ အတော်များများ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကြီးမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း ဖားကန့်မှာရှိတဲ့ ကျောက်တွင်းတစ်ခုမှာ ကျောက်စိမ်းတူးဖော်နေစဉ် ကျောက်နံရံပြိုကျတာကြောင့် လူ ၁၇ ဦးသေဆုံးခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Global Witness ရဲ့ ခန့်မှန်းမှုအရ ၂၀၁၄ ခုနှစ်တစ်နှစ်တည်းမှာပင် ကျောက်စိမ်းလုပ်ငန်းက ဒေါ်လာ ၃၁ ဘီလျံ တန်ကြေးရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အများစုကတော့ အစိုးရဝင်ငွေထဲ ရောက်ရှိခြင်းမရှိပါဘူး။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar