ဖားကန့်ကျောက်စိမ်းတွင်းမြေပြိုမှု အနည်းဆုံး ၅၄ ဦး ပျောက်ဆုံး၊ ရှာဖွေမှုများ ဆက်လက်ဆောင်ရွက်နေ

မြတ်ကျော်သူနှင့် အေအက်ဖ်ပီ

ကချင်ပြည်နယ်၊ ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင့်တွင် တနင်္လာနေ့ညက ဖြစ်ပွားခဲ့သည့် မြေပြိုကျမှုကြောင့် ပျောက်ဆုံးနေသူ အနည်းဆုံး ၅၄ ဦးအား ဆက်လက်ရှာဖွေနေကြဆဲဖြစ်သည်။

ကြောက်မတ်ဖွယ် အဆိုပါ မတော်တဆမှုကြီးမှာ ကြီးမားလှသောကြောင့် ရွှံ့အိုင်ကြီး ပေါ်ပေါက်သွားခဲ့ပြီး ထိုအောက်တွင် ကျောက်စိမ်းတွင်းတူးသမားများနှင့် စက်ယန္တရားများ နစ်မြုပ်သွားခဲ့ရသည်။

ဧပြီ ၂၃ ရက်နေ့ ညနေပိုင်းအထိ ရုပ်အလောင်း ၂ ခုကိုသာ ပြန်လည်တွေ့ရှိထားသေးသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

ဧပြီ ၂၂ ရက်နေ့ညက ဖြစ်ပေါ်ခဲ့သည့် အဆိုပါမြေပြိုမှုသည် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ ၃ ခုက လုပ်ကိုင်နေသည့် လုပ်ငန်းခွင်၌ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ကချင်ပြည်နယ်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်က ဧပြီ ၂၃ ရက်နေ့ ညနေပိုင်းတွင် Frontier ကို တယ်လီဖုန်းမှ တစ်ဆင့် ပြောကြားသည်။

လူ ၂၅ ဦးကျော် သေဆုံးမည်ဟု ၎င်းက ခန့်မှန်းထားပြီး သေဆုံးသူအရေအတွက်က “အရမ်းများတယ်” ဟု ၎င်းက ပြောသည်။

သို့သော် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့ကမူ ပျောက်ဆုံးနေသူ အနည်းဆုံး ၅၄ ဦးရှိသည်ဟု အတည်ပြုထားသည်။

“ရွှံ့နွံတွေထဲမှာ လူ ၅၄ ဦး ပျောက်ဆုံးနေပါတယ်” ဟု ကချင်ပြည်နယ်၊ ဖားကန့်ရဲစခန်းမှ တာဝန်ကျရဲအရာရှိက အေအက်ဖ်ပီကို ဧပြီ ၂၃ ရက်နေ့တွင် ပြောကြားသည်။ “သူတို့ (ပျောက်ဆုံးနေသူတွေ) ဘယ်လိုနည်းနဲ့မှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီ ၂၃ ရက်နေ့တွင် ထုတ်ပြန်ချက်အရ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်၊ မော်ဝမ်းကလေးကျေးရွာအနီး၌ ဧပြီ ၂၂ ရက်နေ့ ည ၁၁ နာရီခွဲခန့်က ယူနတီကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်း၏ နွံကန် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ ကျိုးပေါက်မှုကြောင့် နွံကန်အောက်ဘက်တွင် ကျောက်မျက်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် မြန်မာသူရကုမ္ပဏီနှင့် ရွှေနဂါးကိုးကောင်ကုမ္ပဏီတို့မှ ဝန်ထမ်းများနှင့် စက်ယန္တရားများ ရွှံ့များအတွင်း မျောပါနစ်မြုပ် ပျောက်ဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

ဖြစ်စဉ်တွင် မြန်မာသူရကုမ္ပဏီမှ ကုမ္ပဏီဝန်ထမ်း ၂၈ ဦးနှင့် ရွှေနဂါးကိုးကောင်ကုမ္ပဏီမှ ကုမ္ပဏီဝန်ထမ်း ၂၆ ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

ထို့ပြင် ကုမ္ပဏီနှစ်ခုမှ စက်ယန္တရား အစီး ၄၀ ခန့်လည်း ရွှံ့နွံများအတွင်း နစ်မြုပ်ပျောက်ဆုံးခဲ့သည်။

ဧပြီ ၂၃ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ ကုမ္ပဏီမှ တာဝန်ရှိသူများ ပူးပေါင်း၍ စက်ယန္တရားများဖြင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေသည်ဟု ဆိုသည်။

မြန်မာသုူရကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူ ဦးလှဆွေဦးက အခင်းဖြစ်ပွားရာသို့ ၎င်းသွားရောက်နေသည်ဟု အေအက်ဖ်ပီကို တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များ ထပ်မံမသိရှိခဲ့ရပေ။

ဖားကန့်ဒေသတွင် လူအသေအပျောက်များသည့် မြေပြိုမှုများ ဖြစ်ပွားလေ့ရှိပြီး သေဆုံးသူအများစုမှာ ရေမဆေးကျောက်ရှာဖွေကြသည့် ဆင်းရဲသောအလုပ်သမားများ ဖြစ်ကြသည်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာက ဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar