ဖမ်းဆီးမှု တရားဝင် မဝင် စစ်ဆေးဆုံးဖြတ်ရမည့် ရုံးထုတ်မိန့်

မြန်မာနိုင်ငံတွင် စိတ်ထင်သလို ဖမ်းဆီး ထိန်းသိမ်းနေမှုကို ကုစားရန် ဖမ်းဆီးထိန်းသိမ်းမှုများကို တရားဝင်၊ မဝင် တရားရုံးတော်က စစ်ဆေးဆုံးဖြတ်ပေးရန် ရုံးတော်ရှေ့မှောက်သို့ ဆင့်ခေါ်စာ (ဝါ) ရုံးထုတ်မိန့် Habeas Corpus ကို လက်တွေ့လိုက်နာဆောင်ရွက်မှု အလေ့အကျင့် တိုးပွားရှင်သန်လာစေရန် အင်တိုက်အားတိုက် လုပ်ဆောင်သင့်သည်ဟု အပြည်ပြည်ဆိုင်ရာ ဥပဒေပါရဂူများ၏ ကော်မရှင် International Commission of Jurists- ICJ က တိုက်တွန်းလိုက်သည်။

ဒင်နီယယ် အဂွီရာ ရေးသားသည်။

“ကျွန်တော့်ကို ထောင်ချထားတာ တစ်နှစ်လောက်ရှိပြီ။ ကျွန်တော့်ကို ဘာအမှုနဲ့ ချမှန်းလဲ မသိရဘူး” ဟု ရန်ကုန်မြို့တွင် ဖမ်းဆီးခံထားရသူတစ်ဦးက ဇွန်လအစောပိုင်းက  ICJ ကို ပြောပြသည်။

အခြားတစ်ဦးကလည်း သူ့ကို ဖမ်းဆီးစဉ်က ရဲများထံတွင် ဖမ်းဝရမ်း ပါမလာကြောင်း၊ ဘာပြစ်မှုနဲ့ ဖမ်းသည်ကိုလည်း မပြောကြောင်း ဆိုသည်။ သူတို့နှစ်ဦးစလုံးမှာ သူတို့ ဖမ်းဆီးခံရမှုသည် တရားဥပဒေနှင့် ညီညွတ်မှုရှိ၊ မရှိ တရားရုံး၌ မေးမြန်းလျှောက်ထားခွင့် ဖြစ်သောလူ့အခွင့်အရေးကို မရရှိခဲ့ကြချေ။ ဤသို့သော တိုင်တန်းမှုပေါင်းများစွာကို ICJ က ထုတ်ဝေသော Handbook on Habeas Corpus in Myanmar လက်စွဲစာစောင်တွင် တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုအချို့ ရှိခဲ့သည် မှန်သော်လည်း လုံခြုံရေးရဲများသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး စည်းမျဉ်းစည်းကမ်းများကို မျက်ကွယ်ပြုကာ လုပ်ထုံးလုပ်နည်းများကို မလိုက်နာဘဲ လူများအား ဖမ်းဆီး ချုပ်နှောင်လျက်ရှိသည်ဟု ICJ ၏ သုံးသပ်မှု စာတမ်းတွင် ဖော်ပြသည်။

နိုင်ငံတွင်းတွင် စိတ်ထင်သလို ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး တခါတရံ နိုင်ငံရေး သဘောထား ကွဲလွဲသူများကို နှိပ်ကွပ်ရန် လုပ်ဆောင်ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ၌ ရုံးတော်သို့ ဆင့်ခေါ်စာ (ဝါ) ရုံးထုတ်စာ Habeas Corpus ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်တစ်ရပ်အဖြစ် ဖော်ပြပါရှိသည်။ ဤဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခံရသူကဖြစ်စေ၊ ၎င်း၏ ကိုယ်စားလှယ်ကဖြစ်စေ၊ ဤသို့ထိန်းသိမ်းထားခြင်းမှာ တရားဥပဒေနှင့် ညီညွတ်ခြင်းရှိ၊ မရှိကို တရားရုံးတော်တွင် စောဒက တက်ပိုင်ခွင့် ရှိသည်။ ဤဥပဒေဖြင့် တရားမဝင်သော ဖမ်းဆီးချုပ်နှောင်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အဓမ္မ ကွယ်ဖျောက်ခံရခြင်းတို့မှ အကာအကွယ် ပေးထားသည်။

Habeas Corpus ဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခြင်းသည် တရားဥပဒေနှင့် ညီညွတ်ခြင်းရှိ၊ မရှိ ပြန်လည်သုံးသပ်ရန် တရားရုံးတွင် တာဝန်ရှိသည်။ ဤဥပဒေအရ လုံခြုံရေးတပ်ဖွဲ့များက မိမိတို့၏ လုပ်ဆောင်မှုသည် တရားဥပဒေနှင့် ညီညွတ်ပါသည် ဆိုသည်ကို သက်သေပြရန် တာဝန်ရှိသည်။

ဖမ်းဆီးထိန်းသိမ်းထားခြင်းသည် ဥပဒေနှင့် မညီလျှင် ထိန်းသိမ်းခံထားရသူကို ရုံးတော်က ချက်ချင်း ပြန်လွှတ်ပေးရမည်။ နိုင်ငံတကာ ဥပဒေအရ နိုင်ငံသားများသာမက နိုင်ငံအတွင်း နေထိုင်သူအားလုံးနှင့် သက်ဆိုင်ပြီး အရေးပေါ်အခြေအနေ အပါအဝင် မည်သည့်ပုံစံနှင့် ထိန်းသိမ်းမှုမျိုးမဆို အကြုံးဝင်သည်။ မြန်မာနိုင်ငံကဲ့သို့ သက်ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်များတွင် လက်မှတ် ထိုးမထားသေးသော နိုင်ငံများလည်း အကြုံးဝင်သည်။

မည်သူတစ်ဦးတစ်ယောက်မျှ တရားဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းမခံရရေး၊ သို့မဟုတ် နိုင်ငံရေး အကျဉ်းသား အများအပြားကို ဖမ်းဆီးထိန်းသိမ်းနေကြသကဲ့သို့  နိုင်ငံရေး သဘောထား ကွဲပြားသူများကို ဖမ်းဆီးထိန်းသိမ်းခြင်းမှ ကင်းဝေးစေရေးတို့အတွက် ဤဥပဒေကို အသုံးပြုနိုင်ရန် လွန်စွာအရေးကြီးသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပိုဒ် ၂၉၆ (က) နှင့် ၃၇၈ (က) တို့၌ Habeas Corpus ဥပဒေ ခံစားပိုင်ခွင့်ကို အာမခံချက် ပေးထားသော်လည်း တရားမဝင် ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းတို့ကို ကာကွယ်တားဆီးရန် ဤဥပဒေကို အသုံးပြုခဲ့သော အထောက်အထား တစုံတရာမျှ ICJ က မတွေ့ရှိခဲ့ရပေ။

တရားမဝင် ဖမ်းဆီးထိန်းသိမ်းခြင်းမှ ကာကွယ်ပေးသော နောက်ဥပဒေတစ်ခုမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးကိုဓဥပဒေ ပုဒ်မ ၄၉၁ ဖြစ်သည်။

ဤဥပဒေအရ မှားယွင်းဖမ်းဆီးထားသော အကျဉ်းသားကို တရားရုံးချုပ်က ဆင့်ခေါ်ပိုင်ခွင့်၊ လွှတ်ပေးပိုင်ခွင့် ရှိသည်။ သို့သော် ဤဥပဒေကို အသုံးမချခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာပင် ကြာခဲ့ပြီဟု မြန်မာ့တရားသူကြီးများနှင့် ရှေ့နေကြီးများ၏ ပြောကြားချက်အရ သိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာပိုင် အုပ်ချုပ်သူများက နိုင်ငံရေး သဘောထား ကွဲလွဲသူများအား နှိပ်ကွပ်စပြုလာပြီး အာဏာရှင်စနစ် ကျင့်သုံးလာသောအခါ သဘာဝအတိုင်းပင် Habeas Corpus ဥပဒေကို အမြစ်ပါ မကျန်အောင် ဖယ်ရှားပစ်လိုက်တော့သည်။

ဤဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခံရသူကဖြစ်စေ၊ ၎င်း၏ ကိုယ်စားလှယ်ကဖြစ်စေ၊ ဤသို့ထိန်းသိမ်းထားခြင်းမှာ တရားဥပဒေနှင့် ညီညွတ်ခြင်းရှိ၊ မရှိကို တရားရုံးတော်တွင် စောဒက တက်ပိုင်ခွင့် ရှိသည်။

နောက်ပိုင်းတွင် ပြန်လည်ထားရှိခဲ့သော်လည်း ဤဥပဒေကို လက်တွေ့အသုံးပြုရန်မှာ တရားရေးပိုင်းက လုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ကိုင်ဆောင်ရွက်ပုံကို ပြန်လည် စိစစ်သုံးသပ်ပြီး အမိန့်ချမှတ်ရန် လိုအပ်သည်ဖြစ်ရာ  နိုင်ငံရေးအရ အလွန်ထိလွယ်ရှလွယ်သော ဥပဒေတစ်ခုအဖြစ် အားလုံးက လက်ရှောင်ထားခဲ့ကြရသည်။

မြန်မာနိုင်ငံတွင် Habeas Corpus ဥပဒေအရ တရားရုံး၌ စောဒက တက်နိုင်သော တရားမဝင် ဖမ်းဆီးချုပ်နှောင်မှုများစွာကို ICJ က လေ့လာတွေ့ရှိခဲ့သည်။ ဥပမာအားဖြင့် ICJ အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့သော ထိန်းသိမ်းခံအချို့မှာ ဥပဒေနှင့်အညီ ရုံးတော်တွင် တရားစွဲဆိုခဲ့ခြင်းလည်းမရှိ၊ ၎င်းတို့သည် အမှုနှင့် သက်ဆိုင်ခြင်း မရှိကြောင်း အလီဘိုင် Alibis များကိုလည်း စနစ်တကျ ရုံးတော်က စစ်ဆေးခဲ့ခြင်း မရှိကြောင်း တွေ့ရှိခဲ့ကြရသည်။ အချို့မှာမူ ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကျင့်သုံးခဲ့ခြင်းကြောင့် အဖမ်းခံခဲ့ကြရခြင်း ဖြစ်ပြီး မတရား ချုပ်နှောင်ဖမ်းဆီးခြင်း ဖြစ်ကြောင်း ထင်ထင်ရှားရှား တွေ့ရှိခဲ့ရသည်။

အစိုးရဌာန အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုကို စောဒကတက်ရန် Habeas Corpus ဥပဒေ အသုံးပြုရေးကို တောင်းဆိုရန် မြန်မာရှေ့နေများ မဝံ့မရဲ ရှိနေကြဆဲပင် ဖြစ်သည်။ မြန်မာရှေ့နေများက ဤသို့ လက်နှေး တုံ့ဆိုင်းနေကြခြင်းမှာ မြန်မာ့တရားရေးစနစ်ကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိဖြင့် ဖြိုချဖျက်ဆီးခဲ့ကြသောကြောင့် မြန်မာ့ရှေ့နေများ၊ တရားသူကြီးများနှင့် အစိုးရအရာထမ်းတို့သည် နိုင်ငံတကာ စံချိန်စံညွှန်းတို့ကို မသိရှိနိုင်ကြတော့ချေ။

Habeas Corpus ဥပဒေကို ထိရောက်မှန်ကန်စွာ အသုံးပြုပုံကို ကြုံတွေ့ဖူးသော ရှေ့နေ မရှိသလောက် ရှားသွားသည်။ ထို့ပြင် မြန်မာ့တရားရေးရာတွင် အသိပညာ အတွေ့အကြုံ လွန်စွာလိုအပ်လျက်ရှိသည်။ အခြား လက်တွေ့ အခက်အခဲတစ်ခုမှာ မြန်မာနိုင်ငံတွင် Habeas Corpus အယူခံလွှာကို နိုင်ငံ၏ တရားရုံးချုပ် တခုတည်းကသာလျှင် ကြားနာစစ်ဆေးနိုင်ခွင့်ရှိပြီး တရားရုံးချုပ်မှာ နေပြည်တော်တွင် ရှိသည့်အတွက် အပိုကုန်ကျမည့် သွားလာမှု ကုန်ကျစရိတ် အခက်အခဲကြောင့် ရှေ့နေများမှာ လုပ်ဆောင်လိုစိတ် မရှိတော့ချေ။

နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ဖီလာဆန့်ကျင် ဖြစ်နေသည့်အချက်မှာ အရေးပေါ် အခြေအနေ ကြေညာထားချိန်၌ ဤဥပဒေကို ယာယီရပ်ဆိုင်းထားရန် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားခြင်းပင် ဖြစ်သည်။ သို့ဖြစ်ရာ Habeas Corpus ဥပဒေ အလိုအပ်ဆုံးသော နေရာဒေသတွင် ဤဥပဒေကို အသုံးမပြုနိုင်အောင် ဖန်တီးထားသကဲ့သို့ ဖြစ်နေသည်။

ထို့ပြင် ရှေ့နေများ၏ ပြောပြချက်အရ ဤအယူခံလွှာ ကြားနာစစ်ဆေးမှုမှာ လပေါင်းများစွာ ကြာမြင့်နိုင်သည်ဟု ဆိုလေရာ Habeas Corpus အယူခံကို ကြားနာစစ်ဆေးရာတွင် လွယ်ကူရိုးရှင်းရမည်၊ လျင်မြန်ထိရောက်ရမည် ကုန်ကျစရိတ် လုံးဝ မရှိစေရဆိုသည့် နိုင်ငံတကာ ကျင့်ထုံးနှင့် ကိုက်ညီမှု မရှိတော့ချေ။

ထို့ပြင် မြန်မာ့တရားရေးစနစ်မှာ လွတ်လပ်မှု မရှိသေးသောကြောင့် Habeas Corpus ဥပဒေမှာ ၎င်းတို့၏ အမှုသည်များကို အကာအကွယ် ရရေးအတွက် အသုံးမဝင်ပါဟု ရှေ့နေအတော်များများက ထောက်ပြကြသည်။ အမှန်တကယ်မှာလည်း မြန်မာ့တရားရုံးများသည် အစိုးရကိုလည်းကောင်း၊ စစ်တပ်ကိုလည်းကောင်း စောဒက တက်ပိုင်ခွင့် မရှိကြ၊ တက်လိုခြင်းလည်း မရှိကြကြောင်း ICJ ၏ သုတေသနအရ လေ့လာတွေ့ရှိခဲ့ရသည်။

မြန်မာ့တရားရုံးများသည် Habeas Corpus ကဲ့သို့သော တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထိရောက်အောင် မဆောင်ရွက်နိုင်သရွေ့ တရားဥပဒေ အုပ်စိုးရေးနှင့် လူ့အခွင့်အရေး ဆိုသည်များမှာ အကောင်အထည်ဖော်ဖို့ ခက်ခဲနေဦးမည်သာ ဖြစ်သည်။

ရှေ့နေများသည် ၎င်းတို့၏ အမှုသည်များကိုယ်စား Habeas Corpus အယူခံလွှာများကို တင်ပေးသင့်ကြသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင် ဖြစ်ရုံသာမက၊ အယူခံလွှာအပေါ် ဆုံးဖြတ်ချက် ချပေးရန် တရားသူကြီးများအား ဖိအားပေးရာလည်း ရောက်ပါသည်။ တရားရုံးများသည် လူ့အခွင့်အရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အာမဝန္တံ ခံပေးရသော ယင်းတို့၏ အခန်းကဏ္ဍကို ဖြည့်ဆည်းပေးရပေလိမ့်မည်။

အစိုးရသစ်နှင့် တရားရေးစနစ်သည် လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ယုံကြည်သက်ဝင်သူများ ဖြစ်သည်။ Habeas Corpus ဥပဒေ လက်တွေ့ကျင့်သုံးမှုကို မြှင့်တင်အားပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် လူတို့၏ ရပိုင်ခွင့်များကို ကာကွယ်ခြင်း၊ လွတ်လပ်သော တရားရေးစနစ်ကို ရှင်သန်အားကောင်းစေခြင်းနှင့် နိုင်ငံတွင်း တရားဥပဒေ အုပ်စိုးမှုကို ဖြစ်ထွန်းလာစေရန် အထောက်အကူ ဖြစ်နေနိုင်ပါသည်။

ဤဥပဒေသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေစာအုပ်ထဲတွင် ထည့်သွင်းပြဋ္ဌာန်းပြီးဖြစ်ရာ ယင်းကို အင်တိုက်အားတိုက် လက်တွေ့ကျင့်သုံးခြင်းဖြင့် စိတ်ထင်သလို ဖမ်းဆီးခြင်း၊ ချုပ်နှောင် ထိန်းသိမ်းခြင်းတို့မှ ကာကွယ်ကုသပေးနိုင်ပေလိမ့်မည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Dr. Daniel Aguirre သည် အပြည်ပြည်ဆိုင်ရာ ဥပဒေပါရဂူများ၏ ကော်မရှင် International Commission of Jurists- ICJ ၏ ရန်ကုန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဥပဒေ အကြံပေး ပညာရှင် ဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ – ၂၀၁၆ မေလ ၁၆ ရက်က နေပြည်တော်အနီးရှိ တပ်ကုန်းမြို့နယ်၌ ဖမ်းဆီးခံရသည့် ဆန္ဒပြသူ တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ – အောင်ထက်/ အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar