ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုလိုတဲ့ သူရဲကောင်းတွေကို ရှာဖွေဖို့ပဲ လိုအပ်ပါတယ်

စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသော အမျိုးသမီးများနှင့် ပတ်သက်၍ ပြီးခဲ့သောလက ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ညီလာခံတစ်ခုတွင် ဆွေးနွေးခဲ့ကြသည်။ Women in Business and Leadership Development ညစာစားပွဲနှင့် ညီလာခံကို ဩစတြေးလျ-မြန်မာ ကုန်သည်ကြီးများအသင်း (Australia- Myanmar Chamber of Commerce) နှင့် မြန်မာနိုင်ငံ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း (Myanmar Women’s Entrepreneurs Association) တို့ ပူးပေါင်းပြီး လက်ခံကျင်းပပေးခဲ့ခြင်း ဖြစ်သည်။ ထိုကုန်သည်ကြီးများအသင်း၏ အမှုဆောင် အရာရှိချုပ်ဖြစ်သော Ms Verity Lomax က စီးပွားရေး လုပ်ငန်းများတွင် လိင်တန်းတူညီမျှမှု ရရှိခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော စီးပွားရေးအကျိုးရလဒ်များနှင့် ပတ်သက်ပြီး Frontier ကို ဖြေကြားပေးထားသည်။

စီးပွားရေး လုပ်ငန်းတွေမှာ လိင်တန်းတူညီမျှမှု ရရှိရေးက ဘာကြောင့် အရေးကြီးရပါသလဲ။

တစ်ကမ္ဘာလုံးမှာ လိင်တန်းတူညီမျှမှုကြောင့် စီပွားရေး ပိုမို အကျိုးဖြစ်ထွန်းကြောင်း သုတေသနတွေ အများအပြား ရှိပါတယ်။  ဒါက ကိုယ်ကျင့်တရားဆိုင်ရာအရ လုပ်ဆောင်တာချည်း မဟုတ်ပါဘူး။ အဖွဲ့အစည်းတွေက လိင်တန်းတူညီမျှမှုကို စီးပွားရေးအရလည်း ပိုမိုအကျိုးဖြစ်ထွန်းနိုင်လို့ လုပ်ဆောင် လာကြတာပါ။

ကျွန်မ ဖတ်ရှုခဲ့ရတဲ့ Mckinsey အဖွဲ့ရဲ့ အစီရင်ခံစာမှာဆို ကမ္ဘာတစ်ဝန်း လိင်တန်းတူညီမျှမှုကို မြှင့်တင်ပေး လိုက်ရင် ၂၀၂၅ ခုနှစ်မှာ ကမ္ဘာကြီးရဲ့  စုစုပပေါင်းအသားတင်ထုတ်လုပ်မှု (GDP) က အမေရိကန်ဒေါ်လာ ၁၂ ထရီလျံ တိုးလာနိုင်မယ်လို့ ဆိုပါတယ်။

တစ်စုံတစ်ယောက်က လစာတွေ ရနေတယ်ဆို သူက နိုင်ငံရဲ့ စီးပွားရေးကို အဆတိုးအောင် မြှင့်တင်ပေးနေတာပဲ။ ရှင်က ငွေတွေ ပိုရလာရင် ပိုများများ သုံးစွဲမယ်လေ။ ရှင့်ကလေးတွေရဲ့ ပညာရေးကို ပိုအဆင့်မြင့်အောင် ထားပေးမယ်။ ရှင်ဟာ ပညာတတ်တဲ့ လူဖြစ်မယ်ဆိုရင် ရှင့်ကလေးတွေကလည်း ပညာတတ်တွေ ဖြစ်လာဖို့ များပါတယ်။ ဒါက စီးပွားရေးကို ဆတိုးမြှင့်တင်ပေးသလိုပါပဲ။

မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းတွေမှာ လိင်တန်းတူညီမျှမှု အခြေအနေက ဘယ်လို ရှိပါသလဲ။

ဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အချက်အလက်တွေ ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အချက်အလက်တွေနဲ့ ပတ်သက်ပြီး တိကျအောင် လုပ်ဆောင်ဖို့ လိုပါသေးတယ်။ ကျွန်မ မြင်တွေ့ရသလောက်တော့ ကောင်းတဲ့ အရိပ်ယောင်တစ်ချို့  ရှိပါတယ်။ ဥပမာ ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေအရ ၂၇ ရာခိုင်နှုန်းသော ကုမ္ဗဏီတွေကို အမျိုးသမီးတွေက ပိုင်ဆိုင်ထားပါတယ်။

မြန်မာနိုင်ငံက ကုမ္ဗဏီကြီးတွေရဲ့ ချမ်းသာကြွယ်ဝမှုကို တွေးကြည့်မယ်ဆိုရင်တော့ အမျိုးသမီးတွေ ပိုင်ဆိုင်မှု ရှိနိုင်တာက မိသားစုလုပ်ငန်းတွေမှာပါ။ ဒီလို အခြေအနေနဲ့ပဲ စတင်ရမှာပါ။ ဒါပေမယ့် ကွာဟချက်တွေ ရှိနေပါသေးတယ်။ ဒါကလည်း ဖွံ့ဖြိုးဆဲ နိုင်ငံတိုင်းမှာ ဖြစ်နေကျအရာပါ။

နောက်ပြောရမယ့် အချက်တစ်ချက်က ခေါင်းဆောင်မှုပိုင်းပါ။ အမျိုးသမီး အမတ်တွေအနေနဲ့ ပြောရရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲအပြီးမှာ နှစ်ဆတိုးလာပါတယ်။ ၂၀၁၄ ခုနှစ်မှာ ခြောက်ရာခိုင်နှုန်းသာ ရှိခဲ့ရာက ၁၃ ရာခိုင်နှုန်းအထိ တိုးလာပါတယ်။ ဒါကလည်း နည်းနေပါသေးတယ်။ ဒါပေမဲ့ နှစ်ဆတော့ တိုးလာခဲ့ပါတယ်။ နှစ်ဆတိုးလာတာကိုပဲ ဂုဏ်ပြုပြီး ဒါကို ရှေ့ဆက်ရမယ့် အခြေခံကောင်းအဖြစ် မှတ်ယူရမှာပါ။

ကျေးလက်လူ့အဖွဲ့အစည်းကို ကြည့်မယ်ဆိုရင် ရန်ကုန်မြို့က စီပွားရေး လုပ်ငန်းရှင် အမျိုးသမီးတွေရဲ့ ဘဝနဲ့ ကျေးလက်က စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးရဲ့ ဘဝတွေက ကွာခြားနေတာကို တွေ့နိုင်ပါတယ်။ အမျိုးသမီး တစ်ယောက်ရဲ့ လစာနဲ့ အမျိုးသား တစ်ယောက်ရဲ့ လစာဟာ ၃၀ ရာနှုန်းလောက် ကွာဟနေတယ်လို့ မကြာသေးမီက အစီရင်ခံစာတစ်ခုက ဆိုပါတယ်။ ကျွန်မ နားလည်ထားတာကတော့ ဩစတြေးလျနိုင်ငံမှာလည်း ဒီလိုပါပဲ။

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေမှာ လိင် တန်းတူညီမျှမှု ရရှိဖို့အတွက် စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။

Global Women in Business Initiatives က မေးမြန်းခဲ့တဲ့ အဓိကမေးခွန်းတစ်ခုက အမျိုးသမီးတွေအတွက် ဘဏ္ဍာရေးအရဖြစ်စေ၊ တရားဥပဒေအရဖြစ်စေ အတားအဆီးတွေ ရှိသလားဆိုတာပဲ။ ဘဏ်စာရင်းဖွင့်တာ၊ ဥစ္စာပိုင်ဆိုင်တာ၊ စီးပွားရေးလုပ်ငန်း တည်ထောင်တဲ့နေရာမှာ အတားအဆီး ရှိသလား ဆိုတာပါပဲ။

ကွာပြားမှုတွေ ရှိနေတဲ့ ဒီကမ္ဘာကြီးမှာ အမျိုးသားတွေသာ ဘဏ်စာရင်းဖွင့်နိုင်တဲ့ နိုင်ငံတွေ ရှိပါတယ်။ ဒါပေမယ့် ဒါက မြန်မာနိုင်ငံမှာ ပြဿနာမဟုတ်ပါဘူး။

ဒါပေမဲ့ မမြင်နိုင်တဲ့ ပြဿနာတွေ ရှိနေနိုင်ပါတယ်။ ဒါတွေက လူ့အဖွဲ့အစည်းထဲမှာ ဖြစ်ပွားနေတာပါ။ တစ်ခုက အာမခံကိစ္စပါ။ ရှင်က ဘဏ်စာရင်းဖွင့်မယ်။ စီးပွားရေးလုပ်ငန်း ထူထောင်မယ်ဆိုရင် အာမခံ ပေးရပါတယ်။ အမျိုးသမီးတွေမှာ အာမခံပေးစရာ မရှိကြပါဘူး။

ဒီညီလာခံရဲ့ ရည်ရွယ်ချက်တစ်ခုကတော့ လိင်တန်းတူညီမျှမှုနဲ့ ပတ်သက်ပြီး မတူညီကွဲပြားတဲ့ အဖွဲ့အစည်းတွေ သိရှိနိုင်ဖို့ ရည်ရွယ်ပြီး အမျိုးသမီးတွေ အခွင့်အလမ်း ရရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။

မြင်နိုင်တဲ့ အတားအဆီးတွေ မရှိပေမယ့် ကမ္ဘာပေါ်မှာ လိင်တန်းတူညီမျှမှုအတွက် စိန်ခေါ်မှုတစ်ခုက လူတွေရဲ့ သဘောထားတွေ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ လူတွေရဲ့ သဘောထားတွေကို ပြင်ဆင်နိုင်ဖို့ ဘယ်လို လုပ်ဆောင်နိုင်ပါသလဲ။

ဩစတြေးလျနိုင်ငံနဲ့ ယှဉ်ပြီးပြောရမှာပဲ။ ဩစတြေးလျမှာ အိမ်တွင်းအကြမ်းဖက်မှုကြောင့် တစ်ပတ်ကို အမျိုးသမီးတစ်ယောက် အမြဲသေဆုံးနေပါတယ်။ တစ်ခုစဉ်းစားရမှာက ဩစတြေးလျမှာ လိင်တန်းတူညီမျှမှု အချက်အလက်တွေက မြင့်မားနေပါတယ်။ ဒီတော့ လိင်တန်းတူညီမျှမှု အဆင့်ကောင်းမကောင်း ဘယ်လိုသိနိုင်ပါ့မလဲ။

ဩစတြေးလျမှာက အစိုးရက ထောက်ပံ့ပေးထားတဲ့ အသိပညာပေး အစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပါတယ်။ ဩစတြေးလျမှာ White Ribbon Campaign ဆိုတာရှိတယ်။ အမျိုးသားတွေက ဦးဆောင်တဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုပါ။ ဒါ့အပြင် Australia Says No ဆိုတဲ့ လှုပ်ရှားမှုလည်း ရှိပါတယ်။

ဒီဆွေးနွေးပွဲမှာ ဦးဆောင်ပါဝင်နေတဲ့ အမျိုးသားတွေရဲ့ အရေအတွက်ကတော့ အံ့မခန်းပါပဲ။ ဩစတြေးလျမှာ ဗိုလ်ချုပ် David Morrison က ယခင် ဩစတြေးလျ စစ်တပ်အကြီးအကဲဟောင်းပါ။ သူက စစ်တပ်ထဲမှာ လိင်တန်းတူညီမျှမှု မရှိတာတွေကို ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူက နိုင်ငံတကာမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ တကယ်တော့ သူက အမျိုးသားတွေသာ ကြီးစိုးတဲ့ စစ်တပ်က အမျိုးသားတစ်ဦးပါ။

ဒါကြောင့် လူတွေရဲ့ သဘောထားနဲ့ အပြုအမူတွေကို ပြောင်းလဲဖို့ဆိုရင် စံပြပုဂ္ဂိုလ်တစ်ဦးရဲ့  ဦးဆောင်မှု လိုအပ်ပါတယ်။ အင်အားကြီးတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ အစိုးရတို့ မီဒီယာတို့လို အဖွဲ့အစည်းတွေက ထောက်ပံ့မှုပေးတဲ့ အသိပညာပေး လှုပ်ရှားမှုတွေ လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုလိုတဲ့ သူရဲကောင်းတွေ လိုအပ်ပါတယ်။ စံပြပုဂ္ဂိုလ်တွေ လိုအပ်ပါတယ်။ ဒီနောက်မှာတော့ သူတို့ရဲ့ ပြောစကားတွေကို ပျော်ရွှင်စွာ နားထောင်မယ့် လူတွေရှာဖွေဖို့ပါပဲ။

လိင်တန်းတူညီမျှမှု ရရှိရေး ကိစ္စရပ်မှာ အမျိုးသားတွေရဲ့ ပါဝင်မှုက အရေးကြီးတယ်လို့ ခင်ဗျားပြောခဲ့တယ်နော်။ ဘာကြောင့်ပါလဲ။

အမျိုးသမီးတွေအကြောင်း ဆွေးနွေးတဲ့အခါမှာ အမျိုသားတွေက အရေးပါပြီး အမျိုးသားတွေအကြောင်း ဆွေးနွေးတဲ့အခါ အမျိုးသမီးတွေက အရေးပါပါတယ်။

အဖွဲ့အစည်းတွေရဲ့ ဘုတ်အဖွဲ့မှာ လိင်တန်းတူညီမျှမှုတွေ ရှိနေတဲ့အခါ ထိရောက်အောင်မြင်မှုတွေ ရှိလာကြောင်း သုတေသန အစီရင်ခံစာတွေ အများကြီး ထွက်ပေါ်ခဲ့ပါတယ်။ ဘုတ်အဖွဲ့အဆင့်မှာ အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှ ကိုယ်စားပြုတဲ့အခါ အဖွဲ့အစည်းရဲ့ ထိရောက်အောင်မြင်မှု တိုးလာကြောင်း မကြာသေးမီက အစီရင်ခံစာတစ်ခု ထွက်ရှိလာပါတယ်။

ဩစတြေးလျ- မြန်မာ ကုန်သည်ကြီးများအသင်းမှ အမှုဆောင် အရာရှိချုပ် Verity Lomax။ ဓာတ်ပုံ- အန်းဝမ်

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.