ပြည်သူ့အသည်းကျော်ကို လှောင်ပြောင်ရေးဆွဲခြင်း

၂၀၁၂ ခုနှစ်တွင် ဆင်ဆာဖြတ်တောက်မှု အဆုံးသတ်သွားသည့်အခါ ကာတွန်းဆရာများက ဆင်ဆာ ဖြတ်တောက်ခဲ့သည့် ယခင် အစိုးရခေါင်းဆောင်များကို ရုပ်ပြောင်ရေးဆွဲသရော်ကာ အောင်ပွဲခံခဲ့ကြသည်။ ယခုတော့ ၎င်းတို့၏ အာရုံစိုက်မှုမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်သို့ ဦးလှည့်လာပြီ ဖြစ်သည်။ 

ဂျော့ရှူဝါ ကာရိုး ရေးသားသည်။

လူသိများ ထင်ရှားသည့် ကာတွန်းဆရာ မောင်မောင်ဖောင်တိန်က သမိုင်းတွင်မည့် လက်ရာငယ်တစ်ခုကို ကောင်းမွန်စွာ ရေးဆွဲခဲ့ဟန်ရှိသည်။ ဆရာလုပ်သောသူတို့အစ်မကြီးကို ကောင်လေးနှစ်ဦးက စောဒက တက်နေသည့်အကြောင်းကို ရေးဆွဲထားသည့် ယခုလအစောပိုင်းမှ ၎င်း၏ကာတွန်းမှာ ဒေါ်အောင်ဆန်းစုကြည်အား သရော်သည့် ပထမဆုံး ကာတွန်းနမူနာတစ်ခု ဖြစ်ဖွယ်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီပြယုဂ် တစ်ခုအဖြစ် ရပ်တည်နေသည့်ပုံရိပ်နှင့် ဆန့်ကျင်ဘက် ဖြစ်သော အာဏာရှင်ဆန်ဆန် ခေါင်းဆောင်မှုအပေါ် ဝေဖန်မှုများမှာ မြန်မာနိုင်ငံတွင် ရှားရှားပါးပါးပင် ဖြစ်သည်။ သို့သော် ယခုအခါ သူ၏အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လာမည့်သီတင်းပတ်များအတွင်း အာဏာလွှဲပြောင်း ရယူတော့မည်ဖြစ်သဖြင့် ဤအခြေအနေမှာလည်း ပြောင်းလဲစပြုလာပြီ ဖြစ်သည်။

ကာတွန်းတွင် ကောင်လေးတစ်ဦးက သရဖူတစ်ခုကို ဆုပ်ကိုင်ထားသည့် အသက်ပိုကြီးသော ကောင်မလေးကို “အစ်မ”လို့ခေါ်လိုက်ပြီးနောက် “အစ်မ လိုချင်တာကျတော့ ကျွန်တော်တို့ကို ပြောတယ်။ ကျွန်တော်တို့ လိုချင်တာကို ပြောတဲ့အခါကျတော့ အစ်မက စိတ်ဆိုးတယ်”လို့ ပြောလိုက်ပါသည်။

အခမ်းအနားများနှင့် ပါလီမန်အစည်းအဝေးများမှာ အမျိုးသားများ ဆောင်းလေ့ရှိသည့် ရိုးရာခေါင်းပေါင်းများ ဆင်မြန်းထားသော ကောင်လေးများက ရွေးချယ်ခံ အင်န်အယ်လ်ဒီ လွှတ်တော်အမတ်သစ်များ ဖြစ်ကြသည်မှာ ရှင်းလင်းလှပေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပရိသတ်အချို့ကမူ ၎င်းတို့အသည်းကျော်အား သရော်ခြင်းကို လက်ခံလိုပုံ မရကြပါ။ “ဒီတစ်ခုက ကျွန်တော့်ကို ပြဿနာတက်စေပါတယ်”ဟု မောင်မောင်ဖောင်တိန်က  လတ်တလော အင်တာဗျူးတစ်ခုအတွင်း ပြောကြားခဲ့သည်။ မြန်မာလို ထုတ်ဝေသည့် ဧရာဝတီမဂ္ဂဇင်းမှာ ပထမဆုံး ပုံနှိပ်ခဲ့သော ဤကာတွန်းက ဖေ့စ်ဘွတ်ပေါ်ရှိ အင်န်အယ်လ်ဒီ ထောက်ခံသူများထံမှ စိတ်ဆိုးမာန်ဆိုး တုံ့ပြန်မှုများကို ပေါ်ပေါက်စေခဲ့သည်။

 “ခင်ဗျားအနေနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံ့ဂုဏ်ဆောင်အမျိုးသမီး၊ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်၊ ကျွန်တော်တို့ချစ်တဲ့ အမေစုကို ဟာသ မလုပ်ထိုက်ပါဘူး။ သူက အသက်လည်း အရမ်းကြီးနေပြီ၊ အရမ်းလည်း ပင်ပန်းနေပြီလို့ သူတို့က ပြောပါတယ်”ဟု ဦးသာထူးဆိုသည့် ကာတွန်းဆရာ မောင်မောင်ဖောင်တိန်က ပြောသည်။ “ကျွန်တော့်အမေသာ သမ္မတ ဖြစ်ခဲ့မယ်ဆိုရင်လည်း ကျွန်တော်က ကာတွန်းဆရာ တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော် အမေ့အကြောင်းကို ကာတွန်းဆွဲမှာပဲ”ဟုလည်း ၎င်းက ထပ်လောင်းပြောကြားသည်။

ဆင်ဆာဖြတ်တောက်ခြင်းကို ၂၀၀၂ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီးနောက်၌ သမ္မတဦးသိန်းစိန် အစိုးရကို သရော်သည့် ကာတွန်းများကို မဂ္ဂဇင်းများ၊ သတင်းစာများနှင့် အွန်လိုင်းပေါ်တွင် အုံနှင့်ကျင်းနှင့် များပြားစွာ တွေ့ရှိခဲ့သည်။

အခြားကာတွန်းဆရာ တစ်ဦးဖြစ်သူ ကိုဉာဏ်ဝင်းမော်ကလည်း လတ်တလော ရေးဆွဲခဲ့သော ၎င်း၏ ကျော်ကြားလှသည့် ကာတွန်းကို မဆွဲမီကတည်းက အပျော်တမ်း ကာတွန်းဆရာဘဝတွင် နေထိုင်ခဲ့သည့် သူ့အိပ်ခန်းဘေးမှ အလုပ်ခန်းငယ်အတွင်း ရုပ်ပြောင်ကာတွန်းများ ရေးဆွဲလျက်ရှိသည်။ ယင်းနာမည်ကျော် ကာတွန်းမှာ မောင်မောင်ဖောင်တိန်၏ကာတွန်းကို အပြစ်ဆို တိုက်ခိုက်ခဲ့သည့် အင်န်အယ်လ်ဒီ ထောက်ခံသူများအား တုံ့ပြန်ရန် ရည်ရွယ်ရေးဆွဲထားခြင်း ဖြစ်သည်။

 “ကျွန်တော်တို့မှာ အင်န်အယ်လ်ဒီကို သရော်ပိုင်ခွင့် ရှိပါတယ်”ဟု ကိုဉာဏ်ဝင်းမော်က ပြောသည်။ ၎င်း၏ကာတွန်းတွင် အင်န်အယ်လ်ဒီအလံပေါ်မှ အမှတ်တံဆိပ်ဖြစ်သည့် ခွပ်ဒေါင်းတစ်ကောင်မှာ ယင်း၏ အောက်ပိုင်း၌ စိုက်ဝင်နေသည့် ဖောင်တိန်တစ်ချောင်းကို ဒေါသထွက်လျက်ရှိသည်။ ထိုခွပ်ဒေါင်း၏ ခေါင်းမှလည်း ဒေါသခိုးများ လျှံထွက်လျက်ရှိသည်။ “မကြာခင်မှာ မင်းလည်း ကျင့်သား ရသွားမှာပါကွာ”ဟု စိတ်ညစ်နေဟန်ရှိသည့် ခြင်္သေ့တစ်ကောင်က လှမ်းပြောလိုက်သည်။ ထိုခြင်္သေ့မှာ စစ်တပ်က  ကျောထောက်နောက်ခံပြုထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် စည်းလုံးညီညွတ်ရေးပါတီကို  ရည်ညွှန်းထားခြင်း ဖြစ်သည်။

ကိုဉာဏ်ဝင်းမော်၏ မိသားစုက အင်န်အယ်လ်ဒီ ထောက်ခံသော မိသားစုဖြစ်ပြီး ၎င်းကိုယ်တိုင်ကလည်း နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲ၌ ထိုပါတီကိုပင် မဲပေးခဲ့သူဖြစ်သည်။ သို့ရာတွင် အင်န်အယ်လ်ဒီပါတီ ခေါင်းဆောင်အား ဝေဖန်ခွင့်မရှိ ဆိုသည့်အယူအဆမှာ အဓိပ္ပာယ် ကင်းမဲ့လှသည်ဟု ခံယူထားသူဖြစ်သည်။ “တချို့လူတွေက လွတ်လပ်စွာ ထုတ်ဖော်ခွင့် အယူအဆနဲ့ပတ်သက်ပြီး ယဉ်ပါးမှု မရှိသေးဘူး”ဟု ၎င်းက ဆိုသည်။ “သူတို့က တော်တော်လေး အကဲဆတ်ကြတယ်”ဟုလည်း ဖြည့်စွက်ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်အား ကာတွန်းများဖြင့် တိုက်ခိုက်ခြင်းကို ယခင်ကလည်း တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ စစ်ဗိုလ်ချုပ်များ အုပ်ချုပ်စဉ်ကာလက နိုင်ငံပိုင်မီဒီယာတွင် ပုံနှိပ်ဖြန့်ဝေသည့် အမုန်းတရား ဖြန့်ဖြူးသော သရော်ကာတွန်းပုံများ၌ သူ့အား သွားမရှိသည့် စုန်းမတစ်ဦးအဖြစ်လည်းကောင်း၊ ပြည်ပအကျိုးစီးပွားအတွက်  ကြိုးဆွဲခံ ရုပ်သေး တစ်ရုပ်အဖြစ်လည်းကောင်း ပုံဖော်ခဲ့ဖူးသည်။

စစ်ဗိုလ်ချုပ်များ အုပ်ချုပ်စဉ်ကာလ ပုံမနှိပ်ခင် ဆင်ဆာဖြတ်တောက်ခြင်းဖြင့် ကာတွန်းဆရာများအား စစ်ခေါင်းဆောင်များကို ရည်ရွယ်သည့် ပြက်လုံးများ ရေးသားရန် အခွင့်အရေး မရရှိစေခဲ့ပေ။ ယင်းသို့ ဆင်ဆာဖြတ်တောက်ခြင်းကို ၂၀၀၂ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီးနောက်၌ သမ္မတဦးသိန်းစိန် အစိုးရကို သရော်သည့် ကာတွန်းများကို မဂ္ဂဇင်းများ၊ သတင်းစာများနှင့် အွန်လိုင်းပေါ်တွင် အုံနှင့်ကျင်းနှင့် များပြားစွာ တွေ့ရှိခဲ့သည်။

အာဏာရှိသူများအား ဟာသလုပ်ခြင်းမှာ အန္တရာယ်များသော ဆောင်ရွက်မှုအဖြစ် တည်ရှိနေသေးသည်။ မတ်လအတွင်းပိုင်းကလည်း စစ်တပ်က မြေယာသိမ်းဆည်းမှုကို သရော်လှောင်ပြောင်သည့် ကာတွန်းတစ်ခုနှင့်ပတ်သက်၍ တပ်မတော်က ပြစ်တင်ဝေဖန်ပြီးနောက် မြန်မာတိုင်းမ် စာစောင်က  မြန်မာ့တပ်မတော်ကို အနူးအညွတ် တောင်းပန်ခဲ့ရဖူးသည်။

လူချစ်လူခင်များသော လူရွှင်တော် ဇာဂနာသည်လည်း လွန်ခဲ့သည့်လများအတွင်း၌ ၎င်း၏ပွဲများတွင် အင်န်အယ်လ်ဒီနှင့်ပတ်သက်သော ပြက်လုံးများကို စတင်ထုတ်ခဲ့ပြီးဖြစ်သည်။ အင်န်အယ်လ်ဒီအစိုးရသစ်သည် ပြက်လုံးထုတ်ခံရခြင်းနှင့်စပ်လျဉ်း၍ မကြာမီ ဆင်းပေးရတော့မည့် အစိုးရထက် များစွာပျော့ပြောင်းလိမ့်မည်ဟု ၎င်းက ယုံကြည်ထားသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းထိန်တို့ကို အကြိမ်တော်တော်များများ တွေ့ခဲ့ဖူးပြီးပါပြီ”ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို ရည်ညွှန်းပြောဆိုခဲ့သည်။ “သူတို့အကြောင်းကို ဟာသလုပ်လို့ ရပါတယ်။ သူတို့စိတ်မဆိုးတတ်ပါဘူး။ သူတို့က ဝေဖန်မှုတွေနဲ့ လှောင်ပြောင်သရော်မှုတွေကို အတော်လေး သဘောထားကြီးကြတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟုလည်း ၎င်းက ထပ်လောင်းပြောကြားသည်။  

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar