ပြည်သူ့အကူအညီဖြင့် ရခိုင်အရေး ဖြေရှင်းမည်

ရခိုင်ပြည်နယ်အရေးကိစ္စမှာ ပြည်သူ့အကူအညီယူပြီး ဖြေရှင်းဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို အသိပေးလိုက်ပါတယ်။

အောက်တိုဘာ ၁၂ ၇က်နေ့ ညဦးပိုင်းမှာ နိုင်ငံပိုင်ရုပ်မြင်သံကြားကတစ်ဆင့် ပြောကြားတဲ့ ပြည်သူသို့ တင်ပြချက်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်း ပြောကြားလိုက်တာပါ။

အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့ အဓိက အားကိုးနေတာကတော့ ကျွန်မတို့ ပြည်ထောင်စုရဲ့ သားသမီးတွေပါပဲ။ ပြည်တွင်းကသာမက၊ ကမ္ဘာ့ဘယ်အရပ်ကိုပဲ ရောက်ရှိနေပါစေ၊ မိခင်နိုင်ငံအပေါ်မှာ မေတ္တာ၊ သစ္စာ စောင့်စည်းကာ၊ စိတ်ကောင်း စေတနာအစစ်နဲ့ ဝန်းရံ ကူညီကြလိမ့်မယ်”လို့လည်း ယုံကြည်ချက်ရှိရှိ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဘယ်လိုနည်းနဲ့ကူညီနိုင်မယ်၊ ဘယ်လို ဆက်သွယ်လုပ်ဆောင်နိုင်မယ်ဆိုတာကို အစိုးရဌာနတွေရဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာတွေ၊ နိုင်ငံပိုင်မီဒီယာတွေကတစ်ဆင့် အောက်တိုဘာ ၁၅ ရက်နေ့မှာ စတင်ကြေညာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းရောက်နေကြတဲ့ နိုင်ငံသားတွေဟာလည်း အနီးစပ်ဆုံး မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံးတွေက တစ်ဆင့် ပါဝင်ကူညီနိုင်ပါလိမ့်မယ်လို့လည်း အသိပေးခဲ့ပါတယ်။

“ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ ရုပ်ပိုင်းဆိုင်ရာအရ အင်အား မကြီးပေမယ့်၊ စိတ်အင်အားတွေစုစည်းပြီး အောင်မြင်မှု ရယူနိုင်လိမ့်မယ်ဆိုတာကို သံသယမရှိပါဘူး” လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို နားလည်မှု အပြည့်ထားပြီး စည်းစည်းလုံးလုံးနဲ့ လက်ရှိ အစိုးရကို ဝန်းရံပေးနေကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်တဲ့အကြောင်းကိုလည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်ပြောခဲ့ပါတယ်။

ကမ္ဘာ့အာရုံစိုက်မှု သိပ်ကြီးတဲ့ ရခိုင်ပြဿနာကို ဖြေရှင်းဖို့ရာမှာ အခြေအနေတွေကို မြန်မာပြည်သူပြည်သားတွေလောက် သိရှိနိုင်သူမရှိတဲ့အတွက် ပြည်သူတွေရဲ့ စုပေါင်းအားကို အဓိကထားပြီး ဖြေရှင်းဖို့ စီစဉ်တာလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။

“ဝေဖန်ချက်တွေ၊ စွပ်စွဲချက်တွေကို စကားနဲ့ တုံ့ပြန်ချေပနေတာထက် လက်တွေ့ လုပ်ဆောင်ချက်တွေ၊ တိုးတက်မှုရလာဒ်တွေနဲ့ ကမ္ဘာကို ပြသသွားဖို့ ကျွန်မတို့ လုပ်ဆောင်သွားရမှာပါ”လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသိပေးချက်တွေထဲမှာ နိုင်ငံတကာ အကူအညီတွေနဲ့ ပတ်သက်လို့လည်း ပါဝင်ခဲ့ပြီး ကူညီလိုတဲ့နိုင်ငံတွေ ကုလသမဂ္ဂအေဂျင်စီတွေ၊ ကမ္ဘာ့ဘဏ်နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့လို ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ Nippon Foundation လို အကျိုးအမြတ်မယူတဲ့ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းတွေပါဝင်ဖို့ ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ ရခိုင်ပြည်နယ်ဖြစ်ပေါ်လာရေး ကြိုးပမ်းမယ့် လုပ်ငန်းစဉ်တွေမှာ အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိကကဏ္ဍ၊ ပြည်တွင်း/ပြည်ပ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ၊ မိတ်ဖက်နိုင်ငံတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ယန္တရားတစ်ခု ဖော်ဆောင်မယ်လို့လည်း ထည့်ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) လို့ အမည်ပေးထားတဲ့ ဒီအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။

“လက်တွေ့ တိုးတက်မှု ရလာဒ်တွေနဲ့ ပြသဖို့ ကြိုးပမ်းဆောင်ရွက်မယ့် ဒီစီမံကိန်းမှာ ပြည်သူပြည်သားတွေ၊ ပြည်တွင်း NGO တွေ၊ CSO တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပူးပေါင်းပါဝင်ကြပါ” လို့လည်း သူက အလေးအနက် မေတ္တာရပ်ခံလိုက်ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့်အဖွဲ့ဟာ သူ့ရဲ့လုပ်ငန်းတာဝန်တွေကို ရှေ့လာမယ့် ရက်သတ္တပတ်ကစပြီး စီမံကိန်းတွေ စတင်မှာပါ။ အဲဒီလို အကောင်အထည်ဖော်တဲ့အခါ “ပြည်ထောင်စုကြီးတစ်ရပ်လုံးက ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာအားတွေ စုပုံပြီး ထက်ထက်သန်သန်၊ သတ္တိရှိရှိနဲ့ သမိုင်းမှတ်ကျောက်တင်ရလောက်အောင် သန့်ရှင်း၊ မှန်ကန်တဲ့ အစွမ်းတွေ ပြကြလိမ့်မယ်လို့” မျှော်လင့်ယုံကြည်တဲ့ အကြောင်းလည်း သူက ထည့်ပြောခဲ့တယ်။

“ကျွန်မတို့ ပြည်ထောင်စုကြီး အေးချမ်းသာယာ၊ တိုးတက်ဖွံ့ဖြိုးစေဖို့ အကြီးမားဆုံး အင်အားဖြစ်တဲ့ ပြည်သူတွေဟာ၊ ဘယ်လိုပဲ ဒေါသတွေ၊ အမုန်းတရားတွေ၊ အနိုင်ကျင့်မှုတွေနဲ့ ရင်ဆိုင်နေရပါစေ၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာကို စွဲစွဲမြဲမြဲကိုင်ပြီး၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မှာပါ”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း”တွေကို ပါဝင်ကူညီကြရာမှာ နိုင်ငံရဲ့ ပထဝီဒေသတစ်နေရာအတွက်သာ လုပ်နေတာ မဟုတ်ဘဲ ပြည်ထောင်စုတစ်ခုလုံးအတွက်ဆိုတဲ့ စိတ်ဓာတ်ခိုင်မြဲစွာနဲ့ လက်တွဲလုပ်ဆောင်သွားကြပါစို့လို့ တိုက်တွန်းရင်း သူ့ရဲ့ အသိပေးချက်ကို ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ်ခဲ့ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ပြောဆိုချက်တွေအရ ရခိုင်ပြည်နယ် စီမံကိန်းတွေဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနဲ့ ဒုက္ခသည်များ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည် ပဋိပက္ခကင်းဝေးရေးစတဲ့ အဓိက လုပ်ငန်းစဉ်ကြီးသုံးရပ် အပေါ် အခြေခံမယ်လို့ သိရပါတယ်။

ဒါ့အပြင် ရှားပါးဌာနေ တိုင်းရင်းသားတွေလို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်းဆိုသွားတဲ့ ဒိုင်းနက်၊ မြိုအစရှိတဲ့ တိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင်တွေ၊ ရခိုင်တိုင်းရင်းသားတွေကို မူလအနေအထားကို ပြန်လည်ရောက်ရှိအောင်၊ မူလအနေအထားထက် သာလွန်ကောင်းမွန်အောင် ရေရှည် တည်တံ့ခိုင်မြဲမယ့် စီမံကိန်းတွေ အကောင်အထည် ဖော်သွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ကတိပြုခဲ့ပါတယ်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာကစလို့ လုံခြုံရေးစခန်းတွေ လက်နက်ကိုင်တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေ၊ မူဆလင်တွေအကြား သတ်ဖြတ်ခံရမှုတွေ၊ နေအိမ် မီးရှို့ခံရမှုတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ ဖြစ်ပွားနေပါတယ်။

ပထမအကြိမ် အတိုက်ခံရအပြီး တစ်နှစ်နီးပါးအကြာမှာတော့ Rohingya Salvation Army (ARSA)လို့ အမည်ပေးထားတဲ့ အဖွဲ့က လုံခြုံရေးစခန်း ၃၀ တိုက်ခိုက်ခံရတဲ့အထိ ပိုမိုကြီးမားကျယ်ပြန့်တဲ့ လုံခြုံရေးကျိုးပေါက်မှုကြီး ဖြစ်ပေါ်ခဲ့ပြီး အခြေအနေတွေဟာ အဆိုးဆုံးကို ရောက်ရှိလာခဲ့ပါတယ်။

သြဂုတ် ၂၅ ရက်နေ့ဖြစ်စဉ် နောက်ပိုင်းမှာတော့ အဲဒီဒေသမှာနေထိုင်နေတဲ့ မူဆလင် ငါးသိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဖက်ကို ထွက်ပြေးရောက်ရှိလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပြီး သူတို့တွေရဲ့ အရေးကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကို မြန်မာတို့ ပြင်းထန်စွာကြုံနေရ ပါတယ်။

ဒ့ါအပြင် ရခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံသားစိစစ်ဖို့ကိစ္စ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အပါအဝင် အခြေခံအဆောက်အဦးတွေ အဆင့်မြှင့်တင်ဖို့စတဲ့ ကိစ္စအများအပြားဟာလည်း တိုင်းပြည်မှာ ကြုံနေရတဲ့ စိန်ခေါ်ချက်တွေထဲမှာ ပါဝင်နေပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar