နေပြည်တော်၊ ဇူလိုင် ၂၈
ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုခြင်းမှာ အစိုးရကောင်းများ၏ အလုပ်မဟုတ်ကြောင်းနှင့် ပြည်သူများ၏ အထင်အမြင်အယူအဆများကို လေးစားရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ပြည်သူ့အစိုးရဆိုသည်မှာ သုံးသပ်ဝေဖန်မှုကို မှန်မှန်ကန်ကန် သတ္တိရှိရှိနှင့် ရင်ဆိုင်ရန်ဖြစ်ကြောင်းလည်း ယမန်နေ့ကကျင်းပသည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားတွင် ၎င်းက ပြောကြားသည်။
ပြည်သူများ၏ အထင်အမြင်၊ အယူအဆများကို လေးစားရမည်ဖြစ်ပါကြောင်း၊ ပြည်သူများထံမှ မဲဆွယ်အမျိုးမျိုး စည်းရုံးခဲ့ပြီး အစိုးရဖြစ်သည့်အခါ ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုခြင်းသည် အစိုးရကောင်းများ၏ အလုပ်မဟုတ်ပါကြောင်းလည်း ၎င်းကပြောကြားသွားခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ လမ်းကြောင်းကို ထုတ်ပြန်ရာတွင် အများအကြိုက်ကို လိုက်၍ မဖြစ်နိုင်ဘဲ အများအကြိုက်သည် မှန်သည်၊ မမှန်သည်ဆိုခြင်းကို မိမိတို့ မှန်မှန်ကန်ကန် သုံးသပ်နိုင်ရမည်ဖြစ်ပါကြောင်း။ သုံးသပ်ချက်အပေါ် ရဲရဲဝံ့ဝံ့ ဆုံးဖြတ် နိုင်ရမည်ဖြစ်ပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ကျွန်မတို့ လုပ်နိုင်မှသာ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ နိုင်ငံတော်အစိုးရ အပေါ်မှာ ယုံကြည်မှုရှိမှာပါ။ နိုင်ငံတော်အစိုးရနဲ့ ပြည်သူလူထုကြားမှာ ယုံကြည်မှုမရှိရင် နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်” ဟု ၎င်းကပြောကြားသွားသည်။
“ကျွန်မတို့ ရွေးကောက်ပွဲဝင်တဲ့အခါတုန်းက ပြောင်းလဲချိန်တန်ပြီဆိုပြီးတော့ ဝင်ခဲ့ပါတယ်။ အဲဒီလို ဆောင်ပုဒ်နဲ့ ဝင်ခဲ့တော့ ပြောင်းလဲချိန်တန်ပြီဆိုသည်မှာ ပြောင်းလဲဖို့အဓိကက စိတ်ဓာတ်ပြောင်းလဲဖို့ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီမိုကရေစီ လှုပ်ရှားမှုကို စတင်ကတည်းက တစ်ချို့က ဒီမိုကရေစီတော်လှန်ရေးလို့ ပြောကြတယ်။ ကျွန်မတို့ တော်လှန်ရေးဟာ အကြမ်းဖက်တဲ့ တော်လှန်ရေးမျိုး မဟုတ်ပါဘူး။ အဓိက ကတော့ စိတ်ဓာတ်ပြောင်းလဲရေးပဲ ဖြစ်တယ်။ စိတ်ဓာတ်ကို မပြောင်းလဲဘဲနဲ့တော့ ဘာကိုမှ တကယ်ထိထိရောက်ရောက် ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့ စိတ်ဓာတ် ပြောင်းလဲဖို့ဆိုတာက ပြည်သူ ပြည်သားတွေ၊ နိုင်ငံသူ နိုင်ငံသားတွေ စိတ်ဓာတ် ပြောင်းလဲစေချင်တယ်ဆိုရင် ပထမဦးဆုံး အစိုးရဘက်ကနေပြီးစပြီး ပြောင်းလဲဖို့လိုပါတယ်။ အစိုးရဆိုတာဟာ ပြည်သူလူထုကနေ ရွေးချယ်တင်မြှောက် လိုက်တဲ့ ခေါင်းဆောင်တွေ ရှိသလို၊ နိုင်ငံ့ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူလူထုတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်တွေ ပူးပေါင်းပြီးတော့မှ အစိုးရ ထူထောင်နိုင်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။
၎င်းတို့အစိုးရအနေဖြင့် နိုင်ငံအတွက် မျှော်မှန်းချက် မှန်မှန်ကန်ကန်ဖြင့် ပြည်သူပြည်သားများနှင့် လက်တွဲပြီး တိုးတက်အောင် အားလုံးဝိုင်းဝန်း ဆောင်ရွက်ရမည်ဖြစ်သည်ဟုလည်း ၎င်းကဆက်လက် ပြောကြားသည်။