ပြည်ပဘဏ်များကို လုပ်ပိုင်ခွင့် အပြည့်ပေးလိုက်လျှင်လည်း စိုးရိမ်မှုမရှိဟု ပြည်တွင်းဘဏ်အချို့ဆို

မြန်မာပြည်တွင်းသို့ဝင်ရောက်ကာ အကန့်အသတ်များဖြင့် လုပ်ငန်းလည်ပတ်နေရသော နိုင်ငံခြားမှ ဘဏ်ကြီးများအား ပြည်တွင်းဘဏ်များနည်းတူ လုပ်ပိုင်ခွင့်အပြည့်အဝပေးလိုက်လျှင်လည်း စိုးရိမ်မှု မရှိတော့ကြောင်း ပုဂ္ဂလိကဘဏ်အချို့က မီဒီယာများကို ဇွန် ၂၈ ရက်နေ့က ပြောကြားလိုက်သည်။

ဧရာဝတီဘဏ်၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးလင်းထွန်းနှင့် ရိုးမဘဏ်၏ အကြံပေးပုဂ္ဂိုလ်နှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဟဲလ်ဘိုရှာတို့က ရန်ကုန်မြို့၌ ပြုလုပ်သော ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ၏ ဘဏ်နှင့် ငွေကြေးဆိုင်ရာဆွေးနွေးပွဲတွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားဘဏ်ကြီးများအား ပြည်တွင်းဘဏ်များနှင့်လုပ်ပိုင်ခွင့်တူညီစွာပေးလိုက်လျှင် ပြည်တွင်းဘဏ်များက ယှဉ်ပြိုင်နိုင်စွမ်း မရှိမည်ကို ဘဏ်လုပ်ငန်းရှင်များက စိုးရိမ်ခဲ့ကြသဖြင့် ပြီးခဲ့သည့်အစိုးရက ကန့်သတ်မှုများ ဆောင်ရွက်ခဲ့၍ ပြည်ပဘဏ်များသည် အကန့်အသတ်ဖြင့်သာ လုပ်ငန်းလည်ပတ်ခွင့် ရနေကြသည်။ နိုင်ငံခြားဘဏ်များသည် မြန်မာနိုင်ငံ၌ ငွေလွှဲနှင့် ငွေပို့ကဲ့သို့သော လက်လီဘဏ်လုပ်ငန်းများကို လုပ်ဆောင်ခွင့်မရှိသေးသလို၊ ပြည်တွင်းလုပ်ငန်းရှင်များကိုလည်း တိုက်ရိုက်ငွေချေးခွင့်မရှိပေ။

“သူတို့(နိုင်ငံခြားဘဏ်တွေ)မှာ ကျွန်တော်တို့လို လိုက်လုပ်နိုင်ဖို့ခက်ပါတယ်။ သူတို့မှာ ဒေသန္တရဗဟုသုတ ကျွန်တော်တို့လောက်မရှိဘူး။ သူတို့မှာ အောင်မြင်အောင်လုပ်ဖို့အတွက် ကွန်ယက်မရှိပါဘူး။ ကျွန်တော့်အမြင်အရတော့ အကယ်၍ အာဏာပိုင်ဘက်က သူတို့ကို (ဘဏ်လုပ်ငန်းအကုန်)လုပ်ဖို့ခွင့်ပြုမယ်။ သူတို့ကလည်း လုပ်မယ်ဆိုရင်တောင် ကျွန်တော်တို့က သူတို့ကို ကောင်းကောင်းယှဉ်ပြိုင်နိုင်ပါတယ်” ဟု ရိုးမဘဏ်၏ အမှုဆောင်အရာရှိချုပ် ဘိုရှာက ပြောသည်။

ဘဏ်လုပ်ငန်းရှင်များက ပြည်ပမှ အင်အားကြီးဘဏ်များ ဝင်လာလျှင် ၎င်းတို့အနေနှင့် ယှဉ်ပြိုင်ရန် အဆင်သင့်မဖြစ်သေးကြောင်း ယခင်အစိုးရလက်ထက်တွင် အစဉ်တစိုက်တောင်းဆိုခဲ့ကြပြီး အစိုးရကလည်း ပြည်ပဘဏ်ကြီးများအား အကန့်အသတ်ဖြင့်သာခွင့်ပြုပေးခဲ့သည်။

သို့သော် ပြည်ပဘဏ်များကို အစိုးရက လုပ်ငန်းလည်ပတ်ခွင့်ပေးပြီး တစ်နှစ်ကျော်အကြာတွင် ယခုကဲ့သို့ ပြည်တွင်းဘဏ်များဘက်မှ ယုံကြည်မှုရှိစွာ ထုတ်ဖော်ပြောကြားမှုများရှိလာခြင်းဖြစ်သည်။

ဧရာဝတီဘဏ်မှ ဦးစိုးလင်းထွန်းကလည်း “အများအားဖြင့် နိုင်ငံခြားဘဏ်တွေ ပြည်ပထွက်လုပ်တယ်ဆိုတာမျိုးက သူတို့ရဲ့ စားသုံးသူဟောင်းတွေကို အထောက်အပံ့ဖြစ်စေချင်လို့ပါ။ အဲဒါက သူတို့ရဲ့ အဓိကဦးစားပေးဖြစ်ပါတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ကိုလာပြီး ပြိုင်တာမျိုးဖြစ်လာနိုင်တယ်။ ဒါပေမဲ့ သူတို့တွေ ဘယ်မှာ လူ့စွမ်းအားအရင်းအမြစ်သွားရှာမလဲ။ ဘဏ်ခွဲကွန်ယက်တွေ ဘယ်မှာရှာမလဲ” ဟု ၎င်းက သတင်းထောက်များကိုပြောသည်။

“ကျွန်တော်တို့ ဧရာဘဏ်၊ ရိုးမတို့၊ ကမ္ဘောဇတို့က Branch Network နည်းပညာတို့ ဘာတို့မှာ အတော်လေး ရှေ့ရောက်နေတာမျိုးတွေလဲရှိပါတယ်။ သူတို့(နိုင်ငံခြားဘဏ်တွေ) ဒီဈေးကွက်မှာ ဘယ်လာပြီးပြိုင်နိုင်မလဲ။ အင်ဒိုနီးရှားတို့ ဗီယက်နမ်တို့မှာလည်း နိုင်ငံခြားဘဏ်တွေက ဈေးကွက်တစ်ခုခုကိုပဲ ပစ်မှတ်ထားပြီး လုပ်ငန်းလုပ်ကြတာများပါတယ်” ဟု ၎င်းက ပြောသည်။

ပြည်ပဘဏ်များသည် လမ်းများ၊ တံတားများဆောက်လုပ်ခြင်းကဲ့သို့သော စီမံကိန်းလုပ်ငန်းများကိုပင် ငွေကြေး ထောက်ပံ့နိုင်ခြင်း၊ ရှုပ်ထွေးသော ငွေကြေးလည်ပတ်မှုများကို ကိုင်တွယ်ဆောင်ရွက်နိုင်ခြင်းစသည့် ပြည်တွင်းဘဏ်များ မလုပ်နိုင်သည်များကို လုပ်နိုင်သည့် စွမ်းရည်ရှိသဖြင့် ထိုအပိုင်းများ တွင်မူ ပြည်တွင်းနှင့် ပြည်ပဘဏ်များပူးပေါင်းဆောင်ရွက်သွားသင့်သည်ဟုလည်း ၎င်းကမှတ်ချက်ပြုခဲ့သည်။

အစိုးရက ပြည်တွင်း၌ နိုင်ငံခြားဘဏ်များကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ဧပြီမှစတင်၍ လုပ်ငန်းလည်ပတ် ခွင့်ပြုပေးခဲ့ရာ ယခုအခါ စုစုပေါင်း နိုင်ငံခြားဘဏ် ကိုးဘဏ် ခွင့်ပြုထားပြီး ဖြစ်သည်။ ဘဏ်လုပ်ငန်းဆောင်ရွက်ခွင့် မရသော်လည်း မြန်မာနိုင်ငံ၌ ရုံးခွဲလာရောက်ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်များလည်း စုစုပေါင်း ၄၉ ဘဏ် အထိ ရှိနေပြီဖြစ်သည်။

သတင်း- ကျော်ဖုန်းကျော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.