ပြည်တွင်း၌ နိုင်ငံတကာအဆင့်မီ ကျောက်မျက်အချောထည်ဈေးကွက် ဖေါ်ဆောင်ရန်စတင်

ကျော်ရဲလင်း

ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ပြန်လည်ကျင်းပမည့် ကျောက်မျက်အချောထည်ပြပွဲတွင် ပြည်တွင်း ကျောက်မျက်လုပ်ငန်းများက ပြခန်းပေါင်း ၁၀၀ ကျော် လာရောက်ပြသမည်ဖြစ်ပြီး ပြည်ပနိုင်ငံများမှ ကုန်သည်များ၊ ကျောက်မျက်ဝယ်ယူ စုဆောင်းလိုသူများ တက်ရောက်ကြမည်ဟု ပြပွဲစီစဉ်သူများက ဆိုသည်။

“နိုင်ငံပေါင်း ၃၇ နိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာ့စီးပွားရေး သံမှုးတွေကနေတဆင့် ဖိတ်စာပေါင်း ၈၀၀ ကျော် ပို့ထားပြီးပီ။ နိုင်ငံခြား ကျောက်မျက်ကုမ္မဏီ ၁,၀၀၀ ကျော်ကိုလည်း ဖိတ်စာပို့ထားပြီးပြီ။ အဓိက လာကြမှာကတော့ ပြည်ပ ကျောက်မျက်ကုန်သည်တွေ၊ တန်ဖိုးကြီး လက်ဝတ်ရတနာတွေကို ဝယ်ယူစုဆောင်းမယ့် သူတွေပေါ့” ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က ဇန်နဝါရီ ၂ ရက်နေ့က ပြောသည်။

ထို့အတူ ပြည်တွင်းမှ ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်ပေါင်း သုံးသောင်းထက်မနည်းကိုလည်း ဖိတ်ကြားထားပြီးဖြစ်သည်ဟု သိရသည်။

ကျောက်မျက်ပြပွဲများကို ၂၀၁၀ ပြည့်နှစ်မှစကာ နေပြည်တော်တွင် ပြောင်းလဲပြုလုပ်ခဲ့ပြီး အကြမ်းထည်များကိုသာ အဓိကထား ရောင်းချနေရာမှ ပြည်တွင်းတွင် နိုင်ငံတကာအဆင့်မီ ကျောက်မျက်အချောထည်ဈေးကွက်တစ်ခု ပေါ်ထွန်းလာရေးကို ရည်ရွယ်ကာ ယခုပွဲကို စီစဉ်ခြင်းဖြစ်သည်ဟု ဦးသိန်းဝင်းဇော်က ဆိုသည်။

“နေပြည်တော်ကျောက်မျက်ပွဲတွေမှာ အကြမ်းထည်တွေပဲ များတယ်။ အဓိကက ကျောက်စိမ်းတွေပေါ့။ အဲ့ဒါတွေပဲ အရောင်းတင်တယ်။ အခုပွဲမှာကတော့ အချောထည်တွေချည်းပဲ ရောင်းမှာ။ တို့ရတနာတွေက နိုင်ငံတကာမှာ ပေါက်ပြီးသား။ လူတိုင်း လိုချင်တယ်။ ဒါပေမဲ့ တို့ရောင်းနေရတာက အကြမ်းထည်၊ ပြီးမှ သူများနိုင်ငံမှာ အချောထည်လုပ်ပြီး နိုင်ငံတကာဈေးကွက်ရောက်တာ များတယ်။ အဲဒါကြောင့် တို့က ဒီမှာ၊ ဒီပြည်တွင်းမှာပဲ ကျောက်မျက်အချောထည် ဈေးကွက်ကို ဖန်တီးချင်တာ။ ဒီပြပွဲက ပထမခြေလှမ်းလို့ ပြောလို့ရတာပေါ့” ဟု ၎င်းက Frontier ကိုပြောသည်။

ကျောက်မျက်အချောထည်များကို အမျိုးသားပို့ကုန်မဟာဗျူဟာ နောက်တိုးစာရင်းတွင် ဖြည်သွင်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာပြပွဲ (၂၀၁၈)ကို ယခုလ ၁၁ ရက်မှ ၁၄ ရက်နေ့အထိ ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotel တွင် ကျင်းပမည် ဖြစ်သည်။ ယင်းပြပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာ့ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ်တို့၏ ပံ့ပိုးမှုဖြင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်)က ဦးစီးပြုလုပ်ခြင်း ဖြစ်သည်။

ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်) ဒု-ဥက္ကဋ္ဌ (၃)ဖြစ်သူ ထိပ်ထားလေးရတနာဆိုင်ပိုင်ရှင် ဒေါ်မျိုးမျိုးသန့်က ပြည်တွင်းကျောက်မျက်အချောထည် အရည်အသွေးနှင့် လက်ရာမှာ နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်သည့် အနေအထားတွင် ရှိနေပြီဟု ဆိုသည်။

“ကမ္ဘာမှာ ကျွန်မတို့နိုင်ငံက ရတနာတွေက ထိပ်တန်းပဲ။ ပတ္တမြားလား၊ ကျောက်စိမ်းလား၊ နီလာလား၊ လူတိုင်း လိုချင်ကြတယ်။ အရင်ကတော့ နည်းပညာချို့တဲ့လို့ ကျွန်မတို့ဆီက အချောထည်တွေ နိုင်ငံတကာဈေးကွက်မှာ နေရာမရသလို ဖြစ်နေတာ။ အခု ဒီပြပွဲမှာ ကျွန်မတို့ဆီက နိုင်ငံတကာအဆင့်မီ လက်ဝတ်ရတနာတွေကို ပြမယ်။ ရောင်းမယ်”  ဟု ဒေါ်မျိုးမျိုးသန့်က Frontier ကို ပြောသည်။

“ပြီးတော့ ပြပွဲမှာ ကြီးကြပ်ရေးအဖွဲ့ဆိုတာ ရှိမယ်။ ဒီပွဲကနေ နိုင်ငံခြားသားတွေ ဝယ်ယူတဲ့ လက်ဝတ်ရတနာတွေကို သူတို့ ပြန်တဲ့အခါ တပါတည်း ယူသွားနိုင်အောင်လို့ ဝန်ဆောင်မှုပေးမယ်” ဟု ၎င်းက ဆိုသည်။

“အဓိကကတော့ နိုင်ငံတကာအဆင့်မီ ကျောက်မျက်အချောထည်ဈေးကွက် ထူတောင်ချင်တာပါ။ ကိုယ့်ပြည်တွင်းက လက်ဝတ်ရတနာ စုဆောင်းသူတွေလည်း ကိုယ့်ဆီကထွက်တဲ့ ကျောက်တွေနဲ့လုပ်ထားတဲ့ လက်ဝတ်ရတနာတွေကို နိုင်ငံခြားကုမ္မဏီတွေဆီကနေ ဝယ်စရာမလိုတော့ဘူးပေါ့” ဟု ၎င်းက ပြောသည်။

“ဒီဈေးကွက်ကိုသာ အောင်အောင်မြင်မြင် ထူထောင်နိုင်ရင် ကျွန်မတို့အတွက်ရော၊ နိုင်ငံအတွက်ရော တော်တော်လေးကို အကျိုးရှိမှာပါ” ဟုလည်း ဒေါ်မျိုးမျိုးသန့်က ဆက်လက်ပြောကြားသည်။

ပြပွဲအကြောင်းအရာ အသေးစိတ်ကို http://yangongemsjewelryfair.com/event-information.html  တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.