ပြည်ခိုင်ဖြိုး၏ ရွေးကောက်ပွဲဆိုင်ရာ လှည့်စားချက်များ

ရွေးကောက်ပွဲနေ့ နီးကပ်လာသည်နှင့်အမျှ အာဏာရ ပြည်ခိုင်ဖြိုး ပါတီသည် အရှက်ရဖွယ်ရာ ရှုံးနိမ့်မှု မဖြစ်ရလေအောင် ၎င်းတို့ တတ်သမျှသော လှည့်စားချက်များကို အသုံးချလျက်ရှိသည်။ ရွေးကောက်ပွဲရလဒ်ကို ကြိုးကိုင်ချယ်လှယ်နိုင်ရန် ပြည်ခိုင်ဖြိုးပါတီက အသုံးချနိုင်ဖွယ်ရှိသော လှည့်စားချက် ၁၀ ခုကို Frontier က တွေ့ရှိထားသည်။

FRONTIER စာတည်းအဖွဲ့ ရေးသားသည်။

usdp_candidates_seen_at_public_meeting_in_zeyarthiri_tsp_npt_on_28_sept_2015.jpg

ကြံ့ခိုင်ရေးပါတီအမတ်များ နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ပြည်သူလူထုနှင့် ၂၀၁၅ ခု စက်တင်ဘာ ၂၈ ရက်က တွေ့ဆုံစဉ်။

(၁) ကြိုတင်မဲ

၂၀၁၀ ရွေးကောက်ပွဲ၌ ကြိုတင်မဲများသည် ရွေးကောက်ပွဲရလဒ် အပေါ် အမည်းစက်များစွာ ထင်ကျန် စေခဲ့သည်။ ထိုသို့သော မဲများကို မည်သို့ ရရှိအောင် လုပ်ဆောင်ခဲ့သည်ကို မရှင်းလင်းပေ။ ပြည်ခိုင်ဖြိုးပါတီ အတွက် အသာစီးရစေရန် ယင်းကြိုတင်မဲများကို ညပိုင်းတွင် ယူဆောင်လာကာ ပြင်ဆင်ခဲ့ကြောင်း ယုံကြည်ရ သော သတင်းရင်းမြစ်များက ဆိုသည်။ ကြိုတင်မဲရလဒ်များသည် အခြားသော မဲများအားလုံးကို ရေတွက်အပြီး နောက်ဆုံးမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထိုကြိုတင်မဲများသည် ယခုနှစ် ရွေးကောက်ပွဲတွင်လည်း ထိုကဲ့သို့ပင် အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်လာ ဦးမည်ဟု ထင်မြင်ရသည်။ လေ့လာသူများက ဆိုရာတွင် မဲအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်ကို ရွေးကောက်ပွဲနေ့ မတိုင်မီ ကြိုတင်ပေးကြရမည် ဖြစ်သည်။ ထိုသို့ဖြင့် လွှတ်တော်တွင် သြဇာသက်ရောက်စေရေးအတွက် ပြည်ခိုင်ဖြိုးပါတီက မဖြစ်မနေ ရရှိမည့် မဲအရေအတွက် လိုအပ်ချက်ကို သက်သာသွားစေမည် ဖြစ်သည်။

သို့သော် သတင်းကောင်းများလည်း ရှိပါသေးသည်။ အသစ်ထွက်လာသော ဥပဒေများအရ ကြိုတင်မဲ များကို အမတ်လောင်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များက စောင့်ကြည့်နိုင်မည် ဖြစ်သည်။ ထို့ပြင် ကြိုတင်မဲ များကို မဲရုံမပိတ်ခင် အပ်နှံရမည် ဖြစ်ပြီး စောင့်ကြည့် လေ့လာသူများ၏ ရှေ့တွင် ရေတွက်ရမည်ဟု ဆိုသည်။ ထို့ကြောင့် ယခင်သုံးနေကျ ၎င်းတို့၏ လှည့်စားနည်းသည် ယခုအကြိမ်တွင်မူ အနည်းငယ် အခက်တွေ့နိုင်မည်။

(၂) ဝန်ထမ်းများကို ဖိအားပေးခြင်း

စက်ရုံအလုပ်သမားများနှင့် အစိုးရဝန်ထမ်းများ၏ လစာကို ထိန်းချုပ်ခြင်းသည်လည်း ပြည်ခိုင်ဖြိုးပါတီ၏ အကြံကို အထောက်အပံ့ ပေးနိုင်သည်။ ၂၀၁၀ ရွေးကောက်ပွဲ၌ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယှဉ်ပြိုင်ခဲ့သော ဒီမိုကရက်တစ်ပါတီ Democratic Party ဥက္ကဋ္ဌ ဦးသုဝေ၏ ဥပမာကို ကြည့်ရှုပါလေ။ ပါတီ ခေါင်းဆောင် ဦးသုဝေက သူ၏ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီမှ ယခင် အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည် သည် သူ၏အာဏာကို အလွဲသုံးစားပြုကာ အစိုးရဝန်ထမ်းများနှင့် နိုင်ငံပိုင် လုပ်ငန်းများမှ အလုပ်သမားများကို သူ့အား ကြိုတင်မဲ ပေးရန် ဖိအားပေးခဲ့သည်ဟု တိုင်တန်းခဲ့သည်။
 
ရွေးကောက်ပွဲနေ့တွင် ဦးသုဝေသည် များစွာ အသာစီးရနေသည်။ ညနေအစောပိုင်းတွင် သူသည် ပြိုင်ဘက်ထက် များစွာကျော်လွန်နေခြင်း ဖြစ်သည်။ သူသည် ပါတီ၏ စောင့်ကြည့်သူများက ယူဆောင်လာ သော မဲအရေအတွက် သတင်းကို ဂုဏ်ယူဝံ့ကြွားစွာ ပြသလျက်ရှိသည်။ သို့သော် ထိုနေ့ ညပိုင်းတွင် ကြိုတင်မဲ များ သယ်ဆောင်လာသောအခါ သူရှုံးသွားခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်ထံတွင် အစိုးရဝန်ထမ်းများ၏ မဲစာရင်းနှင့် ပတ်သက်ပြီး အတိအကျ ရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် မဲစာရင်းများကို မမှန်ကန်အောင် လုပ်ဆောင်ထားနိုင်ဖွယ် ရှိသည်။ အစိုးရဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ မဲအရေအတွက်မှာ ၅ သန်းခန့် ရှိသည်။ အစိုးရဝန်ထမ်းများ သည် ရွေးကောက်ပွဲနေ့ မတိုင်မီ တစ်ပတ်အလို လစာထုတ်ရက်တွင် ကြိုတင်မဲပေးရမည် ဖြစ်သည်။ ၎င်းတို့ ထဲမှ မည်မျှသော ပမာဏသည် ၎င်းတို့၏ လစာနှင့် မိသားစု စားဝတ်နေရေးကို စွန့်စားပြီး ပြည်ခိုင်ဖြိုးပါတီကို မဲမထည့်ဘဲ နေရဲမည်နည်းဟု တွေးထင်သူများလည်း ရှိသည်။
Karen National Union ကရင်အမျိုးသားပြည်ထောင်စု၏ ဗဟိုအမှုဆောင် အဖွဲ့ဝင်တစ်ဦးက ဘာသာ ပြန်ဆိုထားပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေသော Go Shay Lay စာစောင်က ရွေးကောက်ပွဲ အတွက် သုံးသပ်တင်ပြထားရာတွင် ပြည်ခိုင်ဖြိုးပါတီကို မဲပေးသော အစိုးရဝန်ထမ်းများသည် အုပ်ချုပ်ရေး အရာရှိ၏ အကြံပြုချက်ဖြင့် အစိုးရ၏ ဆိုင်များမှ အစားအသောက်များ၊ အဝတ်အထည်များနှင့် ဆေးဝါးများ အခမဲ့ရရှိမည်ဟု စွပ်စွဲထားသည်။
သုံးသပ်ချက်၏ အဆုံးပိုင်းတွင်မူ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ရွေးကောက်ပွဲ တာဝန်ရှိသူများ အကြောင်း ရှည်လျားစွာ ရေးသား ဖော်ပြထားသည်။ ရွေးကောက်ပွဲ လက်အောက်ခံ ကော်မရှင်များ အားလုံး ကို စစ်တပ်မှ ဗိုလ်ကြီး၊ သို့မဟုတ် ဗိုလ်မှူးများက ဦးဆောင်ထားသည်။ စစ်တပ်အတွင်းမှ လူများအတွက်ရော မည်သို့နည်း။

စစ်သားများသည် နိုင်ငံတော်က ခန့်အပ်ထားသော ဝန်ထမ်းများဖြစ်သဖြင့် စစ်တပ်စခန်းများရှိ မဲရုံများ တွင် မဲပေးရမည်။ ယင်းမှာ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် အထက်အရာရှိများ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် မဲပေးရခြင်း ဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်က ပြောဆိုရာတွင်မူ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများကို စစ်တပ်စခန်းများသို့ ဝင်ရောက်ကာ မဲပေးမှုကို စောင့်ကြည့်ခွင့်ပြုမည်ဟု ဆို သည်။

(၃) ခြိမ်းခြောက်ခြင်း

မဲရုံများတွင် လုံခြုံရေးရရှိစေရန်နှင့် ပြဿနာများ ဖြစ်ပေါ်လာပါက ဆောလျင်စွာ သတိပေးနိုင်ရန် မဲရုံ တစ်ရုံတွင် ရဲဝန်ထမ်းတစ်ဦးကျဖြင့် ရဲဝန်ထမ်း ၄၀,၀၀၀ ခန့်ကို ချထားနိုင်ရန် လေ့ကျင့်သင်တန်းပေးထားသည် ဟု ဇူလိုင်လ ၂၀ ရက်တွင် ကြေညာခဲ့သည်။ ထို ရဲဝန်ထမ်းများသည် လက်နက် ကိုင်ဆောင်ထားမည် မဟုတ် ဘဲ အထူးအခွင့်အာဏာလည်း ရှိမည်မဟုတ်ပေ။

အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ဖြစ်သော Carter Center က ရွေးကောက်ပွဲ လုံခြုံရေးရဲများကို ဤမျှအများအပြား ချထားခြင်းကို စိုးရိမ်မိကြောင်း ပြောကြားသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားရာတွင် ထိုသို့လုပ်ဆောင်ချက်သည် ရည်ရွယ် ကြံစည်ခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုသို့ ရဲအကူတပ်ဖွဲ့များ ချထားခြင်းအတွက် အစိုးရက မည်သို့ အကြောင်းပြစေကာမူ ထိုသို့ လုပ် ဆောင်ခြင်းသည် အာဏာရ ပြည်ခိုင်ဖြိုး ပါတီကိုသာ အသာစီးရစေနိုင်မည် ဖြစ်သည်။ မြို့ပြနေ လူများမှာ ကျေးလက်ဒေသမှ လူများထက် ပိုမိုအသိပညာ ကြွယ်ဝသဖြင့် ၎င်းတို့၏ မဲပေးပုံကို ပြောင်းလဲမည် မဟုတ် သော်လည်း ကျေးလက်မှ လူများမှာမူ အာဏာပိုင်များကို ကြောက်ရွံ့တတ်သော အလေ့အထမှာ မပျောက် ကွယ်သေးသဖြင့် မဲရုံတွင် ရဲများ ရှိနေပါက ၎င်းတို့အတွက် ပိုမို ဘေးကင်းသော ရွေးချယ်မှုကို ပြုကာ ပြည်ခိုင်ဖြိုးကို မဲထည့်နိုင်မည်။ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူ အများအပြားသည် လွယ်ကူစွာ ရောက်ရှိနိုင်သော မြို့ပြဒေသတွင်သာ စောင့်ကြည့်မည်ဖြစ်ရာ ဝေးလံ ခေါင်သီသော မျိုးနွယ်စုများ နေထိုင်ရာ တွင် မည်သို့ဖြစ်မည်ကို မပြောနိုင်ပေ။

အခြား ခြိမ်းခြောက်မှုတစ်ခုမှာ မဲပေးခွင့်လက်မှတ်များ ထုတ်ပေးခြင်း ဖြစ်သည်။ ယင်းလက်မှတ်များကို ကနဦးတွင် UEC က ရေဘေးတွင် မှတ်ပုံတင်များ ပျောက်ဆုံးသွားသော လူများအတွက် အသုံးဝင်သည်ဟု ဆိုသည်။ ရွေးကောက်ပွဲနေ့မတိုင်မီ တစ်ပတ်အလိုတွင် ထုတ်ပေးမည့် ကတ်များဖြစ်သည်။
မဲပေးခွင့်ကတ်များကို ရေဘေးသင့်ပြည်သူများအတွက် မှတ်ပုံတင် ပျောက်ဆုံးပါက အစားထိုး အသုံးပြု ရန် ထုတ်ပေးသည်ဟူသော ပြောကြားချက်သည် အခွင့်အရေးကို မျှော်ကိုးသော အဖြူရောင်မုသားတစ်ခု ဖြစ် လာခဲ့သည်။ မဲပေးခွင့်ကတ်များသည် ဓာတ်ပုံမပါရှိသော စာရွက်တို တစ်ခုမျှသာ ဖြစ်သည်။ ရွေးကောက်ပွဲ တာဝန်ခံများသည် မှတ်ပုံတင် မပါဘဲ မဲပေးခွင့်ကတ်ဖြင့် မဲပေးသူသည် ဆန့်ကျင်မဲပေးသူမှန်း သိနိုင်ရန် နည်းလမ်းမရှိပေ။

(၄) တိုင်းရင်းသား မျိုးနွယ်စုအချို့ကို မဲစာရင်းမှ ဖယ်ရှားထား

ပြည်နယ်များတွင် တိုင်းရင်းသားပါတီများသည် အင်အားကောင်းသည်။ အဘယ့်ကြောင့်ဆိုသော် လူဦးရေ၏ ရာခိုင်နှုန်း အများအပြားသည် တိုင်းရင်းသားများ ဖြစ်သောကြောင့် ဖြစ်သည်။ တိုင်းရင်းသားများ နေထိုင်သော ရွာတစ်ရွာလုံးကို မဲစာရင်းတွင် ဖယ်ရှားခြင်းသည် ဗမာကြီးစိုးသော ပြည်ခိုင်ဖြိုးပါတီအတွက် အခွင့်အလမ်းများ ပိုမိုကောင်းမွန်စေသည်။

ထိုသို့သော အဖြစ်အပျက်နှစ်ခုကို သတိရမိပါသည်။ ကရင် ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူပေါင်း ၂၀,၀၀၀ ကျော်သည် မဲစာရင်းတွင် မပါဝင်ခဲ့ပေ။ အများစုမှာ တိုင်းရင်းသားလူမျိုးများ ဖြစ်ကြသည်။ ထိုသို့ဖြင့် ၎င်းတို့၏ မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ရသည်။ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ခွဲ၏ ဥက္ကဋ္ဌ က ဆိုရာတွင် ထိုမြို့နယ်မှ ရွာ ၃၃ ရွာ တွင် လုံခြုံရေးမှာ စိတ်မချရသောကြောင့်ဟု ဆိုသည်။ ၎င်းက မွန်ပြည်သစ် ပါတီ New Mon State Party ကို လက်ညှိုးထိုး ပြောကြားခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသော လက်နက်ကိုင် တိုင်းရင်းသားများဖြစ်သည်။ သို့သော် မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူ နိုင်ခင်အေးက မြန်မာ တိုင်းမ်ကို ပြောကြားရာတွင် ၎င်း၏အဖွဲ့အစည်းသည် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် လုံခြုံရေးကို အာမခံထားပြီးဖြစ်ကြောင်း ဆိုသည်။

ထို့နောက်တွင် ကရင်ပြည်နယ်အတွင်းတွင် လူပေါင်း ၈၀,၀၀၀ ခန့် မဲစာရင်းမှ ဖယ်ရှားခံရသည်။ ၎င်းတို့မှာ ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင်ကြီး ၊ ကော့ကရိတ်၊ မြဝတီနှင့် ဖာပွန်မြို့နယ်တို့တွင် ဖြစ်သည်။ ထိုအခါတွင်လည်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်သည် လုံခြုံရေးအခြေအနေကြောင့် တိုင်းရင်းသား မဲဆန္ဒရှင်များကို ဖယ်ရှားရသည်ဟု ဆိုသည်။ ဒေသတွင်းမှ ပါတီများကမူ ယင်းအချက်ကို ငြင်းဆိုထားသည်။ ၎င်းတို့က ပြောရာတွင် ထိုဒေသများတွင် အပစ်အခတ် ရပ်စဲရေးသည် အသားကျနေပြီဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် တိုင်းရင်းသား မဲဆန္ဒရှင်များကို ဖယ်ရှားခြင်းဖြစ်သည်ဟု ဆိုသည်။

(၅) အမတ်လောင်းဖြစ်ခွင့် ပိတ်ပင်ခြင်းဖြင့် ကစားကွက်ရွှေ့ခြင်း

အမတ်လောင်း ၁၂၄ ဦးကို အရည်အသွေး မပြည့်မီဟုဆိုပြီး အမတ်လောင်းဖြစ်ခွင့် ပိတ်ပင်အပြီးတွင် ရွေးကောက်ပွဲကော်မရှင်သည် မွတ်စလင်အမတ်လောင်း ၁၁ ဦး ကို စက်တင်ဘာလ ၂၁ ရက်တွင် ၎င်းတို့၏ အယူခံဝင်မှု အောင်မြင်ကြောင်း အကြောင်းကြားပြီး ရွေးကောက်ပွဲဝင်ခွင့် ပေးခဲ့သည်။ ပိတ်ပင်ခံရသော အမတ် လောင်း အများစုသည် မွတ်စလင်များ ဖြစ်ကြသည်။

ယင်းဆုံးဖြတ်ချက်သည် ရွေးကောက်ပွဲကော်မရှင်ထံတွင် ဖိအားများ များပြားနေပြီးနောက်တွင် ဖြစ်ပေါ် လာခြင်း ဖြစ်သည်။ စက်တင်ဘာလ အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စု အပါအဝင် သံရုံး ၉ ခုက ထုတ်ပြန်သော စာတမ်းတွင် မဲဆွယ်စည်းရုံးရေးကာလတွင် ခွဲခြားမှုများ၊ ပဋိပက္ခများ ဖြစ်ပေါ်လာစေရန်  ဘာသာရေးကို လက်နက်သဖွယ် အသုံးပြုနိုင်မည့် အလားအလာကို စိုးရိမ်မိကြောင်း ဖေါ်ပြထားသည်။ ထို ဖော်ပြချက်သည် အစိုးရတစ်ဖွဲ့လုံးကြား များစွာ ဂယက်ရိုက်ခတ်ခဲ့ပုံ ရသည်။

မွတ်စလင်အမတ်လောင်း ၁၁ ဦးကို ရွေးကောက်ပွဲဝင်ခွင့် ပေးလိုက်ခြင်းသည် အပေါင်းလက္ခဏာ ဆောင်သည်ဟု ထင်မြင်ရသည်။ သို့သော် ဘူးသီးတောင်မြို့နယ်မှ တစ်သီးပုဂ္ဂလ မွတ်စလင်အမတ်လောင်း အဘူတာဟာ Abu Taher က ပြောကြားရာတွင် ယခုရွေးကောက်ပွဲ ဝင်ခွင့်ပြုလိုက်သော မွတ်စလင် အမတ် လောင်း အများစုသည် ရန်ကုန်တိုင်း ဒေသကြီးတွင် ဝင်ရွေးရမည်ဖြစ်ပြီး သူတို့သည် NLD အမတ်လောင်းများ နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ NLD ကို ရှုံးနိမ့်စေရန် ရည်ရွယ်ခြင်းမှာ သူတို့၏ ဗျူဟာဖြစ်သည်။ သူက ပြောကြားရာတွင် ရွေးကောက်ပွဲ ကော်မရှင်ကို သူ မယုံကြည်ကြောင်း၊ UEC သည် တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိကြောင်း ဆိုသည်။

(၆) မဲဆန္ဒရှင် တစ်သန်းခန့်ကို မဲပေးခွင့် ဆုံးရှုံးစေခြင်း

၂၀၁၀ ရွေးကောက်ပွဲတွင် ဝှိုက်ကတ် white cards ကိုင်ဆောင်ထားသော ဘင်္ဂါလီ တစ်သန်းကျော်ကို မဲပေးခွင့်ပြုခဲ့သည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီသည် ၎င်းတို့ထံမှ ပြန်လည်မဲရရန် မျှော်လင့်ခဲ့သည်။ ငါး နှစ် ကြာပြီးနောက်တွင် မြန်မာနိုင်ငံသည် လက်ယာဆန်သော ဘုန်းတော်ကြီးများနှင့် ရခိုင်ပြည်နယ်မှ လူမျိုးကြီးဝါဒ လက်ကိုင်ထားသော ဘုန်းတော်ကြီးများ၏ မွှေနှောက်မှုကြောင့် မွတ်စလင်ဆန့်ကျင်ရေး လှိုင်း ဂယက်များ ထန်လာခဲ့သည်။ နိုင်ငံရေးအရ ဟောပြောမှုများတွင် ပြင်းထန်သော မွတ်စလင်ဆန့်ကျင်ရေးဝါဒများ လွှမ်းမိုးလာ ပြီး အစိုးရသည်လည်း လေသံပြောင်းလာခဲ့သည်။
 
ဖေဖော်ဝါရီလတွင် အစိုးရသည် ဝှိုက်ကတ်များ အားလုံးကို ပြန်လည် ရုပ်သိမ်းမည်ဟု ကြေညာလိုက် သဖြင့် လူပေါင်း ၁ ဒသမ ၅ သန်းခန့် မဲပေးခွင့် ဆုံးရှုံးသွားခဲ့ရသည်။ ၎င်းတို့အားလုံးသည် ယခင်က မဲပေးခွင့် ရှိခဲ့သူများ ဖြစ်ပြီး တစ်သန်းကျော်မှာ ဘင်္ဂါလီများ ဖြစ်သည်။

မွတ်စလင်များကို နောက်တစ်ကြိမ် ထိုးနှက်လိုက်ခြင်းသည် လက်ရှိ နိုင်ငံရေးရာသီဥတုတွင် အစိုးရကို ချီးမွမ်းထောပနာပြု ခံရစေသည်။ ပြည်ခိုင်ဖြိုးပါတီမှ အရာရှိများသည် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ထက် မွတ်စလင်များနှင့်ပတ်သက်ပြီး ပိုမိုလေသံကျယ်ကျယ် ဟစ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည် သည် သူ့ကို ဆယ်စုနှစ် ၂ ခုကြာအောင် ထောက်ခံလာခဲ့သော နိုင်ငံတကာ လူ့အဖွဲ့အစည်းများကို ကျေနပ် အောင် လုပ်ဆောင်ပေးရန်လည်း ရှိသည့်အပြင် သူ၏ လူ့အခွင့်အရေး ပုံရိပ်ကိုလည်း ကာကွယ်စောင့်ရှောက် ရန် ရှိနေသည်။

ဘင်္ဂါလီများကို ၎င်းတို့၏ မဲပေးခွင့် ဆုံးရှုံးစေခြင်းသည် လူကြိုက်များသော လှုပ်ရှားမှုတစ်ရပ် ဖြစ်သည့် အပြင် နည်းပါးလှသော မွတ်စလင် အမတ်လောင်းများကို မဲပေးမည့် မဲဆန္ဒရှင် တစ်သန်းခန့်ကိုလည်း ဖယ် ထုတ်ပြီးသား ဖြစ်သွားစေသည်။ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်ပြည်နယ်တွင် မနှစ်သက်ကြပေ။ ထို့ကြောင့် ပြည်ခိုင်ဖြိုးပါတီသည် ပဋိပက္ခများ ဖြစ်ပွားနေသော နေရာများတွင် အမတ်နေရာ အများအပြားရ နိုင်ရန် မျှော်လင့်ထားသည်။

(၇) ဘုန်းတော်ကြီးများ၏ အရှိန်အဝါကို ရယူခြင်း

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး ကော်မတီဟု ခေါ်ဆိုသော မဘသ အဖွဲ့၏ သြဇာသည် တိုးပွားလာခဲ့သည်။ ထို မျိုးချစ် စိတ်ဓာတ်ပြင်းထန်သော အဖွဲ့အစည်းသည် ယင်း၏ တက်ကြွလှုပ်ရှားမှုများကို တိုးမြင့်လုပ်ဆောင်ခဲ့ပြီး ဘာသာရေးနှင့် လူမျိုးရေးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်သည့် အငြင်းပွားဖွယ် ဥပဒေ ၄ ခုကိုလည်း ပြဋ္ဌာန်းစေခဲ့သည်။

သတင်းဌာန အတော်များများက စွပ်စွဲထားသည်မှာ မဘသသည် ပြည်ခိုင်ဖြိုးပါတီနှင့် ဆက်နွယ်နေ ကြောင်း ဆိုသည်။ မကြာသေးမီက ကွယ်လွန်သွားခဲ့သော ပြည်ခိုင်ဖြိုးပါတီ၏ အမာခံတစ်ဦးဖြစ်သည့် ဦးအောင်သောင်းသည် ထိုကြိုးပမ်းချက်များကို ဦးဆောင်လုပ်ကိုင်ခဲ့သူ ဖြစ်သည်ဟု ဆိုထားသည်။ သို့သော် ထိုစွပ်စွဲချက်များအတွက် တိကျ ခိုင်လုံသော သက်သေအထောက်အထား မရှိသေးပေ။

သို့သော် မဘသ အဖွဲ့အစည်းကို ထောက်ခံမှုများ မြင့်မားလာခြင်းနှင့် မျိုးချစ်စိတ် ပြင်းထန်မှုများ တိုးပွား လာခြင်းကြောင်း နိုင်ငံရေးသမား အချို့သည် ထိုဘုန်းတော်ကြီး လှုပ်ရှားမှုများနှင့် ဆက်နွယ်နိုင်ရန် ကြိုးပမ်း လာကြသည်။ သြဂုတ်လ ၃၁ ရက်တွင် USDP ပါတီမှ ရှမ်းပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဗိုလ်မှူးကြီး ဟောင်း ဦးလင်းဇော်ထွန်းသည် မဘသအဖွဲ့သို့ ငွေကျပ် သိန်း ၄၀၀ လှူဒါန်းခဲ့ကြောင်း ကြေညာခဲ့သည်။ အငြင်းပွားဖွယ်ရာ ဘုန်းတော်ကြီးဖြစ်သော ဦးဝီရသူသည် ထိုအဖွဲ့အစည်းကိုယ်စား အလှူငွေကို လက်ခံခဲ့ သည်။

(၈) ငွေကြေးများကို အလွန်အကျွံ သုံးခြင်းဖြင့် မဲဆွယ်ခြင်း လွယ်ကူစေ

၂၀၁၅ ရွေးကောက်ပွဲတွင် အမတ်လောင်းများသည် ၎င်းတို့၏ မဲဆွယ်မှုအတွက် ငွေကျပ် သိန်း ၁၀၀ အထိသာ သုံးစွဲခွင့်ရှိသည်ဟု UEC က ကြေညာထားသည်။ သို့သော် စက်တင်ဘာလ ၈ ရက်မှ စတင်ကာ မဲဆွယ်ရန် သတ်မှတ်ထားသော်လည်း ပြည်ခိုင်ဖြိုးပါတီဝင်များသည် ယင်းရက်မတိုင်မီကတည်းက သူတို့၏ အိတ်ကပ်ထဲမှ ငွေများဖြင့် စိတ်ကြိုက်သုံးစွဲကာ မဲဆွယ်လျက်ရှိကြသည်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းသည် စက်တင်ဘာလ ၈ ရက်မတိုင်မီကပင် ငွေများကို အလွန်အကျွံ သုံးစွဲကာ သူ၏ မဲဆန္ဒနယ်ဖြစ်သော ကယားပြည်နယ်၊ ဘော်လခဲမြို့နယ်တွင် မဲဆွယ်စည်းရုံးခဲ့သည်။ ရွာသား များ၏ အဆိုအရ ဦးစိုးသိမ်းသည် ၎င်းတို့အား ရေရရှိအောင် လုပ်ဆောင်ပေးခြင်း၊ ရွာများတွင် ဘောလုံးပွဲများ ကြည့်ရှုနိုင်ရန် တစ်နှစ်စာ စာရင်းပေးသွင်းထားသော ဂြိုဟ်တုစလောင်းများ ဖြန့်ဝေပေးခြင်းတို့ကို လုပ်ဆောင် ခဲ့သည်ဟု ဆိုသည်။ ရွေးကောက်ပွဲကော်မရှင်က ပြောကြားရာတွင် တစ်သီးပုဂ္ဂလ အမတ်လောင်းဖြစ်သော ဦးစိုးသိမ်းသည် ရွေးကောက်ပွဲ ဥပဒေများကို ချိုးဖောက်ခြင်းမရှိဟု ဆိုသည်။ ဝန်ကြီး၏ရုံးမှ တာဝန်ရှိသူ တစ်ဦး က ဆိုရာတွင် ထိုငွေများကို ကုမ္ပဏီများနှင့် သီးခြားပုဂ္ဂိုလ်များက လှူဒါန်းခြင်းသာဖြစ်ပြီး ရွေးကောက်ပွဲနှင့် သက်ဆိုင်မှုမရှိဟု ဆိုသည်။

ဦးစိုးသိမ်းသည် ရွေးကောက်ခံရရန် အလားအလာကောင်းများ ရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ မဲဆန္ဒနယ်သည် သေးငယ်ပြီး ထိုမြို့နယ်တွင် စစ်သား အမြောက်အမြား စခန်းချ နေထိုင်သောကြောင့် ဖြစ်သည်။ ကယားပြည်နယ်သည် ပြည်ခိုင်ဖြိုးပါတီအတွက် အလားအလာကောင်းသော တစ်ခုတည်းသော ပြည်နယ်လည်း ဖြစ်သည်။

နိုင်ငံရေးတွင် ငွေကြေးသည် အရေးပါသလော။ အရေးပါနိုင်သည်။ ပြီးခဲ့သော ဆယ်စုနှစ် နှစ်ခုခန့်တွင် အာဏာရပါတီမှ လူ့မလိုင်များသည် ငွေရရှိရန် အခွင့်အလမ်းများစွာ ရရှိထားပြီး ဖြစ်သည်။ အတိုက်အခံပါတီ ဘက်မှ အကျဉ်းချခံ ပုဂ္ဂိုလ်များအတွက်မူ ထိုသို့မဟုတ်ခဲ့ပေ။

(၉) ပြည်သူကို စိတ်ရှုပ်ထွေးအောင် လုပ်ဆောင်ခြင်း

          ၂၀၁၀ ပြည့်နှစ်က ရွေးကောက်ပွဲကို နိုင်ငံတကာ လေ့လာသူများက လိမ်လည်မှုများ ရှိခဲ့သည်ဟု ယူဆ ခဲ့ကြသည်။ ANFREL သည် အစိုးရက ရွေးကောက်ပွဲရလဒ်ကို ကြိုးကိုင်ချယ်လှယ်ရန် လုပ်ဆောင်ခဲ့သော လှည့်ဖျားမှုများကို စာရင်းပြုစုကာ အစီရင်ခံခဲ့သည်။ ကြိုတင်မဲများ၊ ညတွင်းချင်း ရွေးကောက်ပွဲရလဒ် ပြောင်းပြန်ဖြစ်အောင် လုပ်ဆောင်မှုများ စသည်တို့ ဖြစ်သည်။

ယခုအကြိမ် ရွေးကောက်ပွဲတွင်မူ မိုဘိုင်းဖုန်းများမှ စောင့်ကြည့်လေ့လာမှုများလည်း ရှိလာနိုင်သည်။ ယခုအခါတွင် မိုဘိုင်းအော်ပရေတာ ၃ ခု ရှိနေပြီ ဖြစ်သည်။ မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုနှုန်းနှင့် အင်တာနက် ရရှိနိုင်မှု သည် တဟုန်ထိုး မြင့်တက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ကို လူကြိုက်များလျက်ရှိသည်။ ဒစ်ဂျစ်တယ် နည်းပညာဖြင့် စောင့်ကြည့်နေမည့် သက်သေများလည်း တိုးပွားလာမည်။ သို့သော် ရွေးကောက်ပွဲအတွက် သီးသန့်ခန့်ထားသော အကူရဲတပ်ဖွဲ့ ၄၀,၀၀၀ ခန့်သည် မဲရုံများတွင် မိုဘိုင်းဖုန်း အသုံးပြုမှုကို ကန့်သတ် ကောင်း ကန့်သတ်နိုင်သည်။

ရွေးကောက်ပွဲနေ့တွင် ကျေးလက်ဒေသ၌ မိုဘိုင်းနက်ဝပ်များ ပြတ်တောက်မည်ဆိုလျှင် မည်သို့နည်း။ လေ့လာသူအချို့က ဆိုရာတွင် ရွေးကောက်ပွဲနေ့၌ မိုဘိုင်းဆက်သွယ်ရေးများ ရုတ်တရက် ပြတ်တောက်သွား နိုင်သည့် ကိစ္စရပ်ကိုလည်း နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများအပြင် လူတိုင်း ကြိုတင်ပြင်ဆင်ထားသင့် သည်ဟု ဆိုသည်။ အဘယ့်ကြောင့်ဆိုသော် အစိုးရထံတွင် ၎င်းတို့အလိုရှိပါက မိုဘိုင်းဖုန်းနှင့် အင်တာနက် အဆက်အသွယ်များကို ချက်ချင်းဖြတ်တောက်နိုင်သည့် ခလုတ်များ ရှိသောကြောင့် ဖြစ်သည်။

ပြည်သူများနှင့် စောင့်ကြည့်လေ့လာသူများကို စိတ်ရှုပ်ထွေးစေမည့် နောက်ထပ်နည်းလမ်းတစ်ခုမှာ မဲစာရင်းများကို မှားယွင်းအောင် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ထိုသို့ဖြင့် မည်သူမျှ မသိလိုက်ဘဲ ရွေးကောက်ပွဲရလဒ်ကို လိုသလို ပြောင်းလဲနိုင်မည် ဖြစ်သည်။ UEC ဥက္ကဋ္ဌ ဦးတင်အေးက မဲစာရင်းများသည် လွန်ကျူးစွာ မှားယွင်းနေသည်ဟု ဝန်ခံထားသည်။ သို့သော် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ YCDC ရွေးကောက်ပွဲနှင့် မကြာသေးမီက ပြုလုပ်ထားသော သန်းခေါင်စာရင်း ရှိပါလျက်နှင့် မဲစာရင်းများ ဘာကြောင့် ထိုမျှမှားယွင်းနေရသနည်း။

သတင်းအချက်အလက် ခေတ်ကြီးတွင် ရှုပ်ထွေးမှုများသည် လိမ်လည်မှုကို လုပ်ဆောင်နိုင်စေရန် လိုအပ်သော အခြေအနေတစ်ခုလော။ ရှင်းလင်းစွာ လုပ်ဆောင်ပါက လူကြိုက်နည်းသည့် ပြည်ခိုင်ဖြိုး ပါတီမှ ယခင်စစ်တပ်အရာရှိများအဖို့ အခွင့်သာနိုင်မည် မဟုတ်ပေ။

(၁၀) ရွေးကောက်ပွဲကော်မရှင်ကို မည်သူ ထိန်းချုပ်မှာလဲ

UEC ၏ ဥက္ကဋ္ဌ ဦးတင်အေးသည် စစ်တပ် အရာရှိဟောင်းဖြစ်ပြီး ယခင် ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ ရင်းနှီးသော မဟာမိတ်ဖြစ်သည်။ ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ခွဲများ၏ တာဝန်ရှိအကြီးအကဲများသည်လည်း ယခင်စစ်တပ်တွင် လုပ်ဆောင်ခဲ့သူများ၊ သို့မဟုတ် ယခုလက်ရှိ လုပ်ဆောင်နေသူများသာ ဖြစ်ကြသည်။ ရွေးကောက်ပွဲကော်မရှင်သည် မဲစာရင်းများကို ထိန်းချုပ်သည်။ အမတ် လောင်းများကို လက်ခံသည်၊ ပယ်ချသည်။ တိုင်တန်းမှုများကို ကိုင်တွယ် ဖြေရှင်းသည်။ UEC ကို လွတ်လပ် သော အဖွဲ့အစည်းတစ်ခု မဟုတ်ဟု သံသယများစွာ ရှိနေသည်။ ထိုသံသယများ မှန်ကန်ပါက ဒီမိုကရက်တစ် အတိုက်အခံများနှင့် တိုင်းရင်းသားပါတီများသည် လွတ်လပ်မျှတသော ရလဒ်ကို မမျှော်လင့်နိုင်ချေ။
 
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar