ပုဂံနှင့် အန်ကောဝပ်တို့အား တစ်ခုတည်းသော ခရီးသွားဒေသအဖြစ် ပူးပေါင်းမြှင့်တင်ရန် ဆွေးနွေးနေ

ရှေးဟောင်းမြို့တော်များဖြစ်သည့် ပုဂံနှင့် အန်ကောဝပ်တို့အား တစ်ခုတည်းသော ခရီးသွားဒေသအဖြစ် ပူးတွဲမြှင့်တင်ရန်အတွက် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က နည်းလမ်းများ ရှာဖွေနေကြသည်ဟု Nikkei Asian Review က ရေးသားထားသည်။

ခရီးသွားဒေသအဖြစ် ပူးတွဲမြှင့်တင်ရေးအတွက် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ပြီးခဲ့သည့်ဇွန်လက ပုဂံတွင် ကျင်းပခဲ့သည်ဟု ရေးသားထားသည်။ အစည်းအဝေးတွင် ဗီဇာကိစ္စနှင့် လေကြောင်းလိုင်းကိစ္စများကိုပါ ဆွေးနွေးခဲ့ကြသည်။

အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအဖွဲ့၏ ဒုတိယအကြိမ်မြောက်အစည်းအဝေးကို ယခုလနှောင်းပိုင်းတွင် ကျင်းပရန်အတွက် စီစဉ်ထားကာ နှစ်ဘက်သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ထားသည်ဟု NAR က သြဂုတ် ၅ ရက်နေ့တွင် ရေးသားထားသည်။

ပုဂ္ဂလိကကဏ္ဍ ခရီးစဉ်များ မြှင့်တင်ရေးအတွက် ဗီဇာလုပ်ငန်းစဉ်များ အဆင်ပြေစေရန် စီစဉ်ပေးခြင်းအားဖြင့် အစိုးရအဖွဲ့အစည်းများက ကူညီပေးမည်ဖြစ်သည်။

ထို့ပြင် ထိုဒေသနှစ်ခုအကြား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရေးအတွက်လည်း ဆွေးနွေးနေကြသည်။

“တိုက်ရိုက်လေကြောင်း ပြေးဆွဲနိုင်ဖို့အတွက် ဆောင်ရွက်စရာတွေ အများကြီးကျန်ရှိနေပါသေးတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဌာန၏ ညွှန်ကြားရေးမှူး ဦးလှမြင့်က NAR ကို ပြောကြားသည်။

ကြားကာလအတွက် နည်းလမ်းတစ်ခုအဖြစ် ဒူဘိုင်းအခြေစိုက် Emirates လေကြောင်းလိုင်းနှင့် လုပ်ငန်းအဖွဲ့က ဆွေးနွေးနေသည်ဟု သတင်းတွင် ရေးသားထားသည်။ ထိုလေကြောင်းလိုင်းက ရန်ကုန်နှင့် ဖနွမ်ပင်အကြား နေ့စဉ် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ပြီးခဲ့သည့်ဇူလိုင်လက စတင်ပျံသန်းနေသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ အနောက်မြောက်ပိုင်းတွင် တည်ရှိသည့် အန်ကောဝပ်သို့ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် သုံးသန်းခန့် လာရောက်နေပြီး ပုဂံသို့မူ သုံးသိန်းခန့် လာရောက်နေသည်ဟု NAR က ဆက်လက်ရေးသားထားသည်။

“ခရီးစဉ်တစ်ခုတည်းအဖြစ် ပေါင်းပြီးရောင်းရင် ပုဂံကို ကမ္ဘာလှည့်ခရီးသည်တွေ ပိုရောက်လာမှာပါ” ဟု အဆိုပါဒေသနှစ်ခုအား ပူးပေါင်းမြှင့်တင်ရန်နှင့် ပတ်သက်ပြီး ဦးလှမြင့်က ပြောကြားသည်။

်မကမ္ဘောဒီးယား၊ မြန်မာနှင့် ဗီယက်နမ်တို့ကဲ့သို့ စီးပွားရေးဖွံ့ဖြိုးစနိုင်ငံများအတွက် ခရီးသွားလုပ်ငန်းက အဓိက ငွေရပေါက်ရလမ်းဖြစ်နေပြီး ထိုင်းနိုင်ငံကဲ့သို့ တည်ရှိပြီးခရီးသွားဒေသများနှင့် ယှဉ်ပြိုင်နေရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ခရီးသွားလုပ်ငန်းက နိုင်ငံဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းအထိ ရှာဖွေပေးနေသည်ဟု NAR က ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.