ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို မေ ျှာ်လင့်ထားတဲ့ ဟိန္ဒူဘာသာဝင်တွေ

အရောင်အသွေးစုံလင်တဲ့ ယဉ်ကျေးမှုကို ပိုင်ဆိုင်ထားပြီး သက်ဝင်လှုပ်ရှားနေတဲ့ ဟိန္ဒူဘာသာဝင် အသိုက်အဝန်းဟာ အစိုးရသစ်လက်ထက်မှာ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ ပိုမိုရရှိလာမယ်လို့ မေ ျှာ်လင့်ထားကြပါတယ်။

သီရီဟန် ရေးသားသည်။

ဓာတ်ပုံများ- အန်းဝမ်

သက်ဝင်လှုပ်ရှားနေတဲ့ ဟိန္ဒူဘာသာဝင် အသိုက်အဝန်းကို ရန်ကုန်တစ်မြို့လုံးမှာ ထင်ထင်ရှားရှား ခံစားမြင်တွေ့ နိုင်ပါတယ်။ ဟိန္ဒူဘုရားရှိခိုးကျောင်းတွေကို ရန်ကုန်မြို့အနှံ့မှာ တွေ့နိုင်သလို ပွဲတော်တွေဟာလည်း ရန်ကုန်လူထုနဲ့ မစိမ်းလှပါဘူး။ ဗြိတိသ ျှအင်္ဂတွေ မြန်မာနိုင်ငံကို အုပ်စိုးစဉ်အချိန်က အိန္ဒိယကနေ ပြောင်းရွှေ့အခြေချ နေထိုင်လာကြတဲ့သူတို့ဟာ အခုတော့ မြန်မာနိုင်ငံရဲ့  တစိတ်တစ်ပိုင်း ဖြစ်လို့နေပါပြီ။

ကမ္ဘာပေါ်မှာ ဟိန္ဒူဘာသာဝင်တွေ အများဆုံးနေထိုင်ရာ နိုင်ငံတွေကို The Green Cross Foundation က ပြုစုထားတဲ့ စာရင်းအရဆိုရင် ထိပ်ဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ ဒီစာရင်းအရ မြန်မာနိုင်ငံမှာ ဟိန္ဒူဘာသာဝင် ၈၁၈,၁၇၇ ယောက်ရှိတယ်လို့ ဆိုပါတယ်။ 

typeof=

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၄ နှစ်၊ ဗြိတိသျှတို့ မြန်မာနိုင်ငံကို အုပ်ချုပ်စဉ်ကာလ ၁၈၉၂ ခုနှစ်မှာ အိန္ဒိယနွယ်ဖွား တောင်သူ လယ်သမား ခြောက်သောင်းခန့်ကို ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းသို့ အိန္ဒိယ၊ ဘီဟာပြည်နယ် အာဂရာခရိုင် ဒူမရောင်စော်ဘွားကြီးရဲ့ အတွင်းရေးမှုးက ခေါ်လာခဲ့တယ်လို့ “ဇေယျဝတီဂရန့်နှင့် ဇေယျဝတီအထက်တန်းကျောင်း” ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ ထိုအချိန်က မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်ခဲ့ပြီး ဘင်္ဂလားပြည်နယ် ဘုရင်ခံချုပ်က အုပ်ချုပ်ခဲ့တာပါ။

“အဖိုးအဖွားတွေက ၁၈၉၄ မှာ ကြံစိုက်ဖို့ မြန်မာပြည်ကို ရောက်လာကြတယ်” လို့ မြန်မာ-ဟိန္ဒူစာပေအသင်း ဥက္ကဋ္ဌ ဖြစ်သူ Brajesh Verma  ကပြောပါတယ်။ သူ့ရဲ့ ဇာတိက ဖြူးမြို့နယ်ဖြစ်ပြီး မိဘတွေကလည်း မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ပေမယ့် အဖိုးအဖွားတွေကတော့ အိန္ဒိယနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံကို ရောက်လာကြတဲ့ အိန္ဒိယလူမျိုးတွေ သုံးမျိုး သုံးစားရှိတယ်လို့ သူကပြောပါတယ်။

“အင်္ဂလိပ်အစိုးရရဲ့ ဝန်ထမ်းအဖြစ် အိန္ဒိယကနေ ရောက်လာတယ်။ ဒုတိယက လယ်သမားတွေ ကြံစိုက်ဖို့၊ စပါးစိုက်ဖို့နဲ့  ပဲစိုက်ဖို့၊ တတိယတစ်မျိုးက ကုန်သည်တွေနဲ့ စီးပွားရေးသမားတွေ” လို့ သူက ပြောပါတယ်။

typeof=

မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ဟိန္ဒူတွေ အများစုက ပရဆေး လုပ်ငန်းလုပ်ကိုင်ပြီး စက်မှုလုပ်ငန်းပစ္စည်းတွေ၊ အင်ဂျင် စတာတွေလည်း ရောင်းချကြပါတယ်။ “ကျန်တာကတော့ အလုပ်မျိုးစုံ လုပ်ကိုင်ကြတယ်” လို့ ဟိန္ဒူပရောဟိတ်ဆရာ ဦးထွန်းထွန်းက ဆိုပါတယ်။

သူတို့ဟာ ဂေါတမမြတ်စွာဘုရားကို ကိုးကွယ်ကြသလို ဟိန္ဒူဘာသာကိုလည်း ကိုးကွယ်ကြပါတယ်။ မယ်တော် ကိုးကွယ်တဲ့သူတွေရှိခိုးတဲ့ ဘုရားကျောင်းလည်းရှိပြီး ဗိဿနိုးဘုရားကျောင်းကိုလည်း ပူဇော်သူများရှိပါတယ်။

ဘုရားကျောင်းတွေဟာ ဘုရားရှိခိုးဝတ်ပြုတဲ့နေရာတွေအဖြစ်နဲ့သာမကပဲ မင်္ဂလာပွဲတွေကိုပါ ကျင်းပလေ့ရှိကြပါတယ်။

ရန်ကုန်မြို့မှာ နေထိုင်သူတွေအတွက် ဟိန္ဒူဘုရားပွဲတွေဟာ ထူးခြားတဲ့အရာတွေ မဟုတ်တော့ပဲ အကျွမ်းတဝင်ရှိလှပါတယ်။

ဟိန္ဒူပြက္ခဒိန်ထဲမှာ အဓိကပြုလုပ်တဲ့ ရိုးရာ ပွဲတော်ပေါင်း ၂၅ မျိုးနီးပါးရှိပြီး ပွဲတော်တစ်ခုလုပ်ရင် ၁၀ ရက်လောက် ကျင်းပလေ့ရှိပါတယ်။  မြန်မာနိုင်ငံမှာ အကြီးကျယ်ဆုံး ကျင်းပတဲ့ပွဲကတော့ ဒေပါဝလီပွဲတော်ဖြစ်ပြီး နံနက်ကနေ ညအထိ တနေကုန်ကျင်းပလေ့ရှိတယ်တယ်လို့ဦးထွန်းထွန်းကပြောပါတယ်။  

typeof=

မြန်မာနိုင်ငံ အနှံအပြားမှာ ဟိန္ဒူ တောင်ပိုင်းက တမီလ်လူမျိုးတွေ  အများဆုံးနေထိုင်ကြပေမယ့် ရန်ကုန်မှာတော့  တမီလ်လူမျိုးတွေ ပိုများတယ်လို့ သူကပြောပါတယ်။

ဟိန္ဒူတွေဟာ နိုင်ငံရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာမျိုးမရှိဘဲ အေးအေးဆေးဆေးနေကြတဲ့အတွက် အစိုးရပိုင်းက ဘာသာရေးကိစ္စတွေမှာ တားဆီးပိတ်ပင်တာမျိုးမရှိပဲ ခွင့်ပြုပေးတာများပါတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

“မြန်မာနိုင်ငံဟာ ဟိန္ဒူဘာသာအတွက် ဘာသာရေးလွတ်လပ်ခွင့် အများဆုံးပေးထားတယ်” လို့ Brajesh Verma  ကပြောပါတယ်။

ဟိန္ဒူတို့ရဲ့စကားသံတွေကို ကိုယ်စားပြု ထုတ်ဖော်ပေးနိုင်မယ့်သူမျိုး ရှိသလား ဆိုတဲ့မေးခွန်းကိုတော့ “အရင်တုန်းက ကိုယ်စားလှယ်တွေ ရှိဖူးတယ်။ လွတ်လပ်ရေးအတွက် ကြိုးပမ်းတဲ့ကာလတုန်းက ဟိန္ဒူနဲ့မြန်မာနိုင်ငံ ပူးပေါင်းလှုပ်ရှားကြတယ်လေ။ အဲ့တော့ အများကြီးရှိကြတယ်” လို့ Brajesh Verma ကဆိုပါတယ်။

“ဟိန္ဒူတွေရဲ့ လိုအပ်ချက်နဲ့ ဆန္ဒတွေကို ကိုယ်စားပြုပြောဆိုပေးမယ့် ခေါင်းဆောင်တစ်ယောက်လောက်တော့ လွှတ်တော်ထဲမှာ ရှိသင့်ပါတယ်။ ဒါပေမယ့်လည်း သိပ်စိတ်မဝင်စားကြဘူး။ ဘုရားကျောင်းနဲ့ပတ်သက်တဲ့ အဖွဲ့ အစည်းတွေကတော့ ပြောဆိုကြတာမျိုးရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

typeof=

ဘာသာရေးနဲ့ ပတ်သက်လို့ လွတ်လပ်မှုတွေရှိတယ်ဆိုပေမယ့် ၁၉၆၂ ခုနှစ်၊ ဦးနေဝင်း အိမ်စောင့် အစိုးရ လက်ထက်မှာ စီးပွားရေးအရ ကန့်သတ်ချုပ်ချယ်မှုတွေရှိလာတော့ ဟိန္ဒူဘာသာဝင်တွေ အများအပြား အိန္ဒိယကို ပြန်သွားခဲ့ကြပါတယ်။  

“ဘဝအနေအထား ကျပ်ကျပ်တည်းတည်းမှာ မရှင်သန်ချင်တော့တာကြောင့် အိန္ဒိယနိုင်ငံကို ပြန်သွားတဲ့သူတွေ သိန်းနဲ့ချီ ရှိတယ်” လို့သူက ဆက်ပြောပါတယ်။ သူရဲ့ ဆွေမျိုးတွေဟာလည်း ပြန်သွားတဲ့အထဲပါသွားကြပေမယ့် သူကတော့ ဖြစ်ချင်တာဖြစ် ရင်ဆိုင်မယ်၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ နေရစ်ခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။

typeof=

လက်ရှိအချိန်မှာ သူတို့အတွက် အခက်ခဲဆုံးက နိုင်ငံသား စိစစ်ရေးကတ်ရရှိရေးနဲ့ ဟိန္ဒူဘာသာဝင် အစိုးရဝန်ထမ်းတွေ ရာထူးတိုးဖို့ အခက်အခဲရှိနေခြင်းပဲ ဖြစ်ပါတယ်။

“ဟိန္ဒူလူမျိုးတွေဟာ အခြေခံအကျဆုံးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တယ်။ မြူနီစပယ်လုပ်ငန်းတွေ  ဆေးရုံမှာ သူများ မကိုင်ချင်တဲ့ dead body တွေ ကိုင်တဲ့ လုပ်ငန်းတွေကိုလုပ်ခဲ့တယ်။ တပ်မတော်မှာဆိုရင်လည်း ဂေါ်ရဂါးစစ်တပ်ဆိုတာ အောင်မြင်တဲ့စစ်တပ်၊ နာမည်ကြီးခဲ့တဲ့ စစ်တပ်ဖြစ်တယ်။ နိုင်ငံတော်ကလည်း ဟိန္ဒူလူမျိုးတွေအပေါ် ဖိနှိပ်ချုပ်ချယ်တာ မရှိခဲ့ဘူး။ ဒါပေမဲ့ မှတ်ပုံတင်ကိစ္စကတော့ အခုထိ အခက်အခဲတစ်ခုဖြစ်နေသေးတယ်” လို့ ဟိန္ဒူဘာသာဝင် ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးဆန်းမင်းနိုင်ကပြောပါတယ်။

typeof=

အစိုးရပိုင်းက ဟိန္ဒူဘာသာဝင် အစိုးရဝန်ထမ်းတွေကို အမြင့်ဆုံးရာထူးအဖြစ် ညွှန်ကြားရေးမှူးချုပ် အဆင့်အထိပဲပေးလေ့ရှိသည်ဟု ဆိုသည်။ “အချို့ဆို ရာထူးဆက် မတက်တော့လို့နိုင်ငံခြား ထွက်သွားတာတွေ၊ ပြန်သွားတာတွေ အများကြီးပဲရှိခဲ့တယ်” လို့ Brajesh Verma ကဆိုပါတယ်။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီအစိုးရသစ်လက်ထက်မှာတော့ ဒီလိုအဖြစ်မျိုးတွေ မရှိတော့ပဲ နိုင်ငံသားအားလုံး တန်းတူအခွင့်အရေး ရလာလိမ့်မယ်လို့ သူကမေ ျှာ်လင့်ထားပါတယ်။

typeof=

“ဟိန္ဒူဘာသာနဲ့ ဗုဒ္ဓဘာသာဆိုတာ ခေါင်းနဲ့ပန်းပါ။ ဟိန္ဒူဘာသာရော၊ ဗုဒ္ဓဘာသာဟာ ဗြဟ္မစိုရ်တရားကို အခြေခံ ထားပါတယ်” လို့ ဦးဆန်းမင်းနိုင်ကပြောပါတယ်။ 

“ဘာသာတရားတစ်ခုနဲ့ တစ်ခုအချင်းချင်း သစ္စာရှိမယ်၊ မေတ္တာရှိမယ်ဆိုရင် အကုန်အဆင်ပြေပါတယ်။ သူ့စည်း ကိုယ်စည်းထားပြီးတော့ တူတာတွေ တွဲလုပ်မယ်။ မတူတာတွေကို ခွဲလုပ်ကြမယ်ဆိုရင် အရမ်းအေးချမ်းသွားမှာပါ”လို့လည်း သူကပြောပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.