အာဏာပိုင်များနှင့် ပတ်ဂျာဆန်အဖွဲ့တို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် သဘောတူညီချက် ရရှိခဲ့သည့်အတွက် ဘိန်းခင်းများ ဖျက်ဆီးရန် သွားရောက်ကြတော့မည် ဖြစ်သည်
နေပြည်တော်
ကချင်ပြည်နယ်တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဘိန်းစိုက်ခင်းများ သွားရောက်ဖျက်ဆီးရန် ဆောင်ရွက်နေသူများအား ကူညီရန် တိုက်တွန်းသည့် အရေးကြီးအဆိုကို လက်ခံဆွေးနွေးသွားရန် ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီ ၂၄ ရက်နေ့က သဘောတူညီခဲ့သည်။
ယခုရက်ပိုင်းအတွင်း ဖေ့စ်ဘုတ် လူမှုကွန်ယက် စာမျက်နှာ၌ နာမည်ကျော်နေသည့် ဘိန်းစိုက်ခင်းဖျက်အဖွဲ့ ပက်ဂျာဆန်၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရတို့က ကူညီ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ကချင်ပြည်နယ်၊ ဝိုင်းမော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးလဂန်ဇယ်ဂျုန်းက တင်သွင်းခဲ့သည်။ အဆိုပါ အဆိုကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အများစုက ထောက်ခံသဖြင့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။
ကချင်ပြည်နယ်အခြေစိုက် လူမှုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တစ်ခုဖြစ်သည့် ပက်ဂျာဆန်အဖွဲ့က ပြည်နယ်တွင်းရှီ ဘိန်းစိုက်ခင်းများကို ဖျက်ဆီးရန် သွားရောက်စဉ် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က ပြီးခဲ့သည့် ရက်သတ္တပတ်က စတင်ကာ ဝိုင်းမော်မြို့အနီးတွင် တားမြစ်ထားသဖြင့် ပက်ဂျာဆန်အဖွဲ့ဝင်များမှာ ဝိုင်းမော်မြို့အပြင်ဘက်တွင် စခန်းချစောင့်ဆိုင်းနေခဲ့ကြရသည်။ ဘိန်းစိုက်တောင်သူများနှင့် ပဋိပက္ခဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ထိုသို့ တားမြစ်ခြင်း ဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့ကြသည်။
“လုံခြုံရေးအခြေအနေအရ သွားရောက်ခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံစစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကျွန်တော်တို့ကို ပြောပါတယ်။ သွားရောက်ခွင့်ရဖို့ ပြည်နယ်အစိုးရထံကို တောင်းဆိုထားပါတယ်” ဟု ဝိုင်းမော်မြို့ရှိ ပတ်ဂျာဆန်အဖွဲ့၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ Hpala Lum Hkawng က အေအက်ဖ်ပီကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြောကြားခဲ့သည်။
သို့သော် အာဏာပိုင်များနှင့် ပတ်ဂျာဆန်အဖွဲ့တို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် သဘောတူညီချက်ရရှိခဲ့သည့်အတွက် ဘိန်းခင်းများ ဖျက်ဆီးရန် သွားရောက်ကြတော့မည်ဖြစ်သည်။ ၎င်းတို့အား တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက လုံခြုံရေး လိုက်ပါစောင့်ကြပ်ပေးမည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အာဖကန်နစ္စတန်ပြီးလျှင် ဒုတိယမြောက် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။
၂၀၁၁ ခုနှစ်က တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် ဆင်းရဲပြီး တောင်ကုန်းတောင်တန်း ထူထပ်သော ကချင်ပြည်နယ်တွင် ဘိန်းနှင့် စိတ်ကြွဆေးများ အများအပြား ထွက်ရှိနေသည်။ ထို့ကြောင့် ဒေသတွင်းတွင် မူးယစ်ဆေးစွဲသည့် ပြဿ နာမှာလည်း ကြီးထွားနေသည်။ Kachin Baptic Church က ဖွဲ့စည်းထားသည့် ပတ်ဂျာဆန်အဖွဲ့က အဆိုပါ မူးယစ်ဆေးပြဿ နာကို ချုပ်ငြိမ်းသွားအောင် လုပ်ဆောင်ရန် ဆုံးဖြတ်ထားပြီး လိုအပ်လျှင် အင်အားသုံး ဆောင်ရွက်မည်ဟု ကြေညာထားသည်။
၎င်းတို့၏ တင်းတင်းမာမာ ဆောင်ရွက်မှုများသည် ထောက်ခံမှုများ ရရှိနေသော်လည်း လူမျိုးရေး ပြဿ နာများရှိနေသည့် ဒေသတွင်း ၎င်းတို့ လုပ်ရပ်များကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။
ဒေသတွင်းရှိ ဆင်းရဲသည့် ဘိန်းစိုက် တောင်သူများမှာလည်း ဘိန်းမှလွဲပြီး အခြားသီးနှံများ အစားထိုး စိုက်ပျိုးရန် ရွေးချယ်စရာ မရှိကြပေ။
သတင်း- စိုးသန်းလင်း