အေအက်ဖ်ပီ
မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၏ ဝေလံခေါင်သီသည့်ဒေသတွင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြရသည့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် နာမကျန်းသူများအား ရင်ခေါင်းအထိနက်သည် မြစ်ကို ဖြတ်ကျော်ရန် ဆင်ဦးစီးများနှင့် ဆင်များက ကူညီပေးခဲ့ကြသည်။ လူထောင်ပေါင်းများစွာမှာ ထူထပ်သည့် သစ်တောကိုဖြတ်ကာ လမ်းလျောက်ပြီး လုံခြုံရာသို့ မကြာသေးမီက ရောက်ရှိလာကြသည်။
ယခုနှစ်အစောပိုင်းတွင် မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ)တို့အကြား တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် ကချင်ပြည်နယ်၊ အောင်လောဒ်ကျေးရွာတွင် နေထိုင်သူများသည် နေအိမ်များ စွန့်ခွာထွက်ပြေးခဲ့ကြရသည်။
သေနတ်သံများနှင့် တိုက်လေယာဉ်များ၏ အသံများ ပိုမိုနီးကပ်လာသော်အခါ ရွာသူရွာသားများမှာ စပါးခင်းများထဲတွင် သုံးရက်ကြာ ခိုအောင်းနေခဲ့ကြရသည်။
သို့သော် အမြောက်ဆံများက ၎င်းတို့၏ နေအိမ်များအကြား ကျရောက်လာသောကြောင့် ကီလိုမီတာပေါင်းစွာ ကွာဝေးသည့် နေရပ်စွန့်ခွာသူများအတွက် စခန်းများသို့ ထွက်ပြေးကြရန် ကျေးရွာခေါင်းဆောင်များက ၎င်းတို့အား ညွှန်ကြားခဲ့သည်။
အနှေးကွေးဆုံးနှင့် ထိခိုက်လွယ်သူများမှာ သစ်တောများအတွင် တစ်နေ့လျှင် သုံးနာရီမှ လေးနာရီသာ ဖြတ်သန်း ကျော်ဖြတ်နိုင်ခဲ့ကြသည်။
တစ်လခန့် ကြာမြင့်ခဲ့ပြီး စားနပ်ရိက္ခာများလည်း ကုန်သွားချိန် မေ ၂ ရက်နေ့တွင် မြစ်ကမ်းနဖူးတစ်ခုသို့ ၎င်းတို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် ၎င်းတို့အား ကူညီရန် ဒေသခံ ဆင်ပိုင်ရှင်အချို့ ရောက်ရှိလာခဲ့သည်။
တောက်ပသည့် ကချင်ရိုးရာခေါင်းပေါင်းများ ပေါင်းထားကြသည့် ကချင်ရွာသူရွာသားများက မြစ်ကိုဖြတ်ကူးရန်အတွက် ကလေးငယ်များကို ဆင်များပေါ်သို့ တင်ပေးနေကြသည်ကို ဗီဒီယိုများထဲတွင် တွေ့မြင်ရသည်။
“ကျွန်တော်တို့မှာ လူကြီးတွေ၊ နေမကောင်းတဲ့လူတွေနဲ့ မျက်မမြင်တွေ ပါတယ်” ဟု အမည်မဖော်လိုသည့် ရွာသားတစ်ဦးကပြောသည်။ “အဲဒါကြောင့် သူတို့တွေကို ခေါ်သွားပေးဖို့ ဆင်ဦးစီးတွေကို တောင်းဆိုခဲ့တယ်” ဟု ၎င်းကပြောသည်။
ရွာသူရွာသားအများစုမှာ စခန်းသို့ ရောက်ရှိနေကြပြီဖြစ်သော်လည်း ၎င်းတို့ အိမ်ပြန်ခွင့်ရရှိရန် မည်မျှကြာမြင့်ဦးမည်ကို မသိရှိကြပေ။
ကချင်ပြည်နယ်တွင်းနှင့် ပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကြောင့် လူပေါင်းတစ်သိန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။