အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယခုလအတွင်း အမေရိကန်ဒေါ်လာ ငါးသန်းကျော် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့သည့် ပြီးခဲ့သည့်နှစ်လအတွင်း ရိုဟင်ဂျာမူဆလင်ငါးသိန်းခန့် အိမ်နီးချင်းဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည့် မောင်တောခရိုင်တွင် စိတ်ကြွဆေးပြား သန်းနှင့်ချီကာ ကြားဖြတ် တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဒေသတွင် ဒုက္ခသည်ပြဿနာနှင့် ကြုံတွေ့နေရသော်လည်း ဝင်ငွေကောင်းသည့် မူးယစ်ဆေးဝါး ကုန်သွယ်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ထိုင်းဘာသာစကားဖြင့် “ယာဘ”ဟုခေါ်သည့် စိတ်ကြွဆေးပြားများအတွက် ဈေးကွက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။
“ဒီလအစောပိုင်းက စတင်ပြီး မောင်တောမှာ မူးယစ်မှောင်ခိုမှု ငါးမှုကနေ စိတ်ကြွဆေးပြား ၃,၅၆၃,၃၅၅ ပြား ဖမ်းမိခဲ့ပါတယ်” ဟု အဆိုပါဒေသမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအရာရှိ ဦးမောင်မောင်ရင်က အေအက်ဖ်ပီကို ပြောကြားသည်။
ပြည်နယ်အနှံ့တွင် မူးယစ်ဆေးတိုက်ဖျက်ရေးစီမံချက် စတင်ခဲ့သည့် ဖေဖော်ဝါရီလက စတင်ကာ အများဆုံးဖမ်းမိသည့် လလည်းဖြစ်သည်ဟု ၎င်းကပြောသည်။
“နယ်မြေတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ကျွန်တော်တို့ လုံခြုံရေးတင်းတင်းကြပ်ကြပ် ဆောင်ရွက်နေစဉ်မှာပဲ ဒီမူးယစ်ဆေးတွေကို ဖမ်းမိခဲ့တာဖြစ်ပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
မူးယစ်ဆေးမှောင်ခိုမှုများနှင့် ဆက်စပ်ပြီး ရခိုင်အမျိုးသားခုနစ်ဦးကို ဖမ်းဆီးထားသည်ဟုလည်း ၎င်းကဆိုသည်။
တစ်ပြားလျှင် ရောင်းဈေး အမေရိကန်ဒေါ်လာ တစ်ဒေါ်လာမှ နှစ်ဒေါ်လာအထိရှိသည့် အဆိုပါဆေးပြားများတွင် WY အမှတ်တံဆိပ်ကို ရိုက်နှိပ်ထားသည်ဟု အစိုးရသတင်းဌာနများတွင် ရေးသားထားသည်။ အဆိုပါအမှတ်တံဆိပ်မှာ ဝ မူးယစ်ဘုရင်များ အသုံးပြုသည့် အမှတ်တံဆိပ်ဖြစ်သည်။
ရွှေတြိဂံဒေသမှ မူးယစ်ဆေးဝါးအများအပြားအား ဘန်ကောက်ကို ဖြတ်ကျော်ကာ မှောင်ခိုတင်ပို့လေ့ရှိကြသလို တောင်အာရှဈေးကွက်၏ တံခါးပေါက်ဖြစ်သော မြန်မာနိုင်ငံ အနောက်ဘက်ရှိ ဘင်္ဂလားဒေရှ့်မှတစ်ဆင့်လည်း တင်ပို့လေ့ရှိကြသည်။
ပြီးခဲ့သည့်နှစ်များအတွင်း ဘင်္ဂလားဒေရှ့်၏ နယ်စပ်ခရိုင်ဖြစ်သည့် ကော့ဘဇာဒေသသို့ ရေကြောင်းနှင့် ကုန်းကြောင်းတို့မှတစ်ဆင့် မှောင်ခိုတင်သွင်းရန် ကြိုးစားခဲ့ကြသည့် စိတ်ကြွဆေးပြား သန်းပေါင်းများစွာကို ဘင်္ဂလားဒေရှ့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။
ယခုလအစောပိုင်းကလည်း စိတ်ကြွဆေးပြား နှစ်သန်းနှင့်အတူ မြန်မာစစ်သားနှစ်ဦးကို မောင်တောတွင် ဖမ်းဆီးရမိခဲ့သည်။
သတင်း-အေအက်ဖ်ပီ