ပခုက္ကူဒေသမှ လယ်ယာလုပ်ကိုင်သော အမျိုးသမီးများ ကမ္ဘောဇဘဏ်မှ ချေးငွေ ရယူနိုင်မည်

ကမ္ဘောဇဘဏ်နှင့် ActionAid တို့၏ ပူးပေါင်း ဆောင်ရွက်မှုအရ မကွေးတိုင်း၊ ပခုက္ကူဒေသမှ လယ်ယာလုပ်ငန်းနှင့် ကုန်သွယ်လုပ်ငန်းလုပ်ကိုင်ကြသူ အမျိုးသမီးများသည် ကမ္ဘောဇဘဏ်မှ ချေးငွေစနစ်ကို စတင် ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။

ချေးငွေအာမခံအတွက် ActionAid က ကူညီပေးသည့် ၎င်းအစီအစဉ်အား ၁၂ လကြာ ရှေ့ပြေးဆောင်ရွက် သွားမည်ဖြစ်ပြီး အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ မိသားစုများကို ပိုမိုထောက်ပံ့ပေးနိုင်ကာ စွန့်ဦးလုပ်ငန်းရှင်များ ဖြစ်လာနိုင်မည့် အခွင့်အရေးများကို လမ်းဖွင့်ပေးနိုင်ရန် ရည်ရွယ်ထားသည်ဟု ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်နန်းလိုင်းခမ်း “ဝင်ငွေနည်းပါးတဲ့ လယ်ယာလုပ်ကိုင်သူ အမျိုးသမီးတွေကို မြေပိုင်ဆိုင်မှုပြရုံနဲ့ ချေးငွေပေးဖို့ ရှေ့ပြေးအစီအစဉ်ဟာ အရင်က သူတို့ လက်လှမ်းမမီခဲ့တဲ့ ငွေကြေးကို လက်လှမ်းမီလာစေဖို့ ရည်ရွယ်ပါတယ်” ဟု ပြောကြားသည်။

“ကမ္ဘောဇဘဏ်ဟာ လူမှုပတ်ဝန်းကျင်အတွက် အကျိုးသက်ရောက်မှုရှိတဲ့ လုပ်ငန်းများအတွက် ရည်ရွယ်ချက်နဲ့အတူ စတင် ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ခဲ့ပါတယ်။ အစိုးရနဲ့ရော အခြားသော NGO တွေနဲ့ရော ပူးပေါင်းပြီး ဝင်ငွေနည်းပါးသူတွေရဲ့ လူနေမှုအဆင့်ကို မြှင့်တင်ပေးရင်း နိုင်ငံ တိုးတက်အောင်လည်း တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်အောင် ကြိုးစားနေပါတယ်” ဟု ၎င်းက သတင်းထုတ်ပြန်ချက်ထဲတွင် ဆက်လက် ပြောကြားထားသည်။  

တစ်နှစ်တာကြာမြင့်မည့် ရှေ့ပြေးအစီအစဉ်ကာလအတွင်း အမျိုးသမီး ၁၂၀ ခန့် ချေးငွေရရှိမည်ဖြစ်ပြီး ခန့်မှန်းခြေ မိသားစုနှင့် လူမှုအဖွဲ့ဝင် ၅၀၀ ခန့် အကျိုးသက်ရောက်မှုကောင်းများ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယခုအစီအစဉ်သည် ကမ္ဘောဇဘဏ်၏ Corporate Share Value တစ်ခုဖြစ်သည့် လူမှုဝန်းကျင်အား သက်ရောက်မှုရှိသော ရင်းနှီးမြှုပ်နှံမှု (Impact Investment) အစီအစဉ်၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ကာ ချေးငွေမှ ရရှိသည့် အမြတ်ငွေအချို့ကို လယ်ယာလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးများ ကွန်ယက်သို့ ကမ္ဘောဇဘဏ်က ပြန်လည်ရင်းနှီးမြှုပ်နှံသွားမည်ဟု ဆိုသည်။

“သင့်တင့်တဲ့ ငွေကြေးစနစ်တစ်ခုကို စတင်အသုံးပြုခွင့်ရတာဟာ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ နယ်ပယ်မှာ ဆင်းရဲမှုလျှော့ချဖို့အတွက် အဓိကကျတဲ့နေရာက ပါဝင်နေပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ခံယူချက်က ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ အမျိုးသမီးတွေရဲ့ စွမ်းရည်မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ ဒီရှေ့ပြေး လုပ်ဆောင်ချက်ဟာ အမျိုးသမီး လယ်ယာလုပ်ငန်းရှင်တွေအတွက် သူတို့အရင်က မရခဲ့တဲ့ အခွင့်အရေးတွေ ရရှိလာစေဖို့ လမ်းဖွင့်ပေးပါလိမ့်မယ်” ဟု ActionAid ၏ Country Director ဖြစ်သူ Mr. Shihab Uddin Ahamad က ပြောကြားသည်။

ယခုကဲ့သို့ အစီအစဉ်ကို နိုင်ငံတွင်းရှိ အခြားသော ဒေသများတွင် ဆက်လက်လုပ်ဆောင်သွားရန်အတွက် ထိရောက်မှုနှင့် အောင်မြင်မှု အတိုင်းအတာကို စောင့်ကြည့်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.