နှစ်လယ်ကျောက်မျက်ပြပွဲစတင်၊ အချောထည် အရေအတွက် တိုးတက်မှုမရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၄

နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အရိုင်းတုံးအရေအတွက်ကို ထိန်းချုပ်ထားပြီး အချောထည်ကိုမူ အရေအတွက် အကန့်အသတ်မရှိ ခွင့်ပြုပေးထားသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသူက Frontier ကိုပြောသည်။

“ဒါပေမဲ့ ပြီးခဲ့တဲ့ပြပွဲကထက် အချောထည်ပြသမှု အရေအတွက်ကတော့ တက်မလာသေးဘူး” ဟု ၎င်းက ဆိုသည်။

နေပြည်တော်ရှိ မဏိရတနာခန်းမဝင်းအတွင်း ဒီဇင်ဘာ ၁၂ မှ ၂၁ ရက်အထိ ကျင်းပနေသည့် ၂၀၁၇ ခုနှစ်လယ်၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲအတွင်း ကျောက်မျက်၊ ကျောက်စိမ်းအတွဲများ ရောင်းချမည့် အခြေအနေကို ၎င်းက ရှင်းပြခြင်းဖြစ်သည်။

“အချောထည်လုပ်ငန်း ချက်ချင်းကြီး တိုးတက်လာဖို့ကတော့ မဖြစ်နိုင်သေးဘူးလေ။ ပြည်တွင်းမှာ အချောထည်သင်တန်းတွေတော့ ဖွင့်နေပါပြီ။ ရွှေလီမှာလည်း သင်တန်းသွားတက်နေတာတွေရှိတယ်” ဟု မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ (၄) ဦးမြင့်ဟန်က Frontier ကိုပြောသည်။

ကြမ်းခင်းဈေး ယူရို 5,800,000 (ကျပ်သိန်းတစ်သောင်းဝန်းကျင်)ရှိ ဈေးအမြင့်ဆုံး ကျောက်စိမ်းအရိုင်းတုံး။ ဓာတ်ပုံ - ဉာဏ်လှိုင်လင်း

ကြမ်းခင်းဈေး ယူရို 5,800,000 (ကျပ်သိန်းတစ်သောင်းဝန်းကျင်)ရှိ ဈေးအမြင့်ဆုံး ကျောက်စိမ်းအရိုင်းတုံး။ ဓာတ်ပုံ – ဉာဏ်လှိုင်လင်း

လက်ရှိပြပွဲတွင် ကျောက်မျက် ၁၉၀ တွဲ၊ ကျောက်စိမ်း ၆,၆၈၅ တွဲ ပြသထားပြီး ယင်းတို့အနက် အချောထည်ပါဝင်မှုမှာ ၈၅ တွဲသာ ရှိခြင်းဖြစ်သည်။ ဈေးကွက်အနေအထားအရ အရိုင်းတုံးအတိုင်း ရောင်းချမှုထက် အချောထည် ပြုလုပ်ရောင်းချနိုင်မှုမှာ ဈေးနှုန်းမြှင့်တင်နိုင်ခြေ အဆပေါင်းများစွာ ကွာခြားသော်လည်း အတတ်ပညာ၊ နည်းပညာတို့၌ လိုအပ်ချက်များစွာ ရှိနေသေးသည်ဟု အထက်ပါတာဝန်ရှိသူနှစ်ဦးက ဆိုသည်။

ယခုပြပွဲတွင် ကြမ်းခင်းဈေး ယူရို ၅,၈၀၀,၀၀၀ (ကျပ်သိန်းတစ်သောင်းဝန်းကျင်)ရှိ ကျောက်စိမ်းအရိုင်းတုံးမှာ ဈေးအမြင့်ဆုံး ဖြစ်ပြီး ပြသထားသည့် ပစ္စည်းများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန် စီစဉ်ထားသည်။

ပြပွဲသို့လာရောက်မှုမှာ တရုတ်နိုင်ငံသား အများဆုံးဖြစ်ပြီး စုစုပေါင်း ၈၁၈ ဦးအထိရှိကာ ထိုင်း ၁၉ ဦး၊ မကာအို ၃ ဦး၊ ကနေဒါ ၁ ဦးနှင့် ပြည်တွင်းလုပ်ငန်းရှင် ၄၉၈ ဦးရှိသည်။

သတင်း – ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.