နေ့စဉ်ဘဝများကို အသက်သွင်းယူခြင်း

မြန်မာနိုင်ငံအတွက် 3D ပုံနှိပ်နည်းပညာက လက်ရှိအချိန်တွင် စွန့်ဦးတီထွင်သူ အနည်းငယ်အတွက်သာ ဖြစ်နေသေးသော်လည်း အနာဂတ်တွင် လူမှုရေး လုပ်ငန်းများအတွက် အထောက်အကူများစွာ ရရှိနိုင်မည့် အလားအလာ များစွာရှိနေသည်။

SEB HIGGINSON ရေးသားသည်။

ကိုလင်းထင်သည် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ Life and Challenge ကုမ္ပဏီတွင် ပြသထားသော 3D ပုံနှိပ်နည်းပညာဖြင့် ထုတ်လုပ်ထားသည့် ထုတ်ကုန်များကို ဂုဏ်ယူစွာ ကြည့်ရှုနေသည်။ ထိုထုတ်ကုန်များမှာ ရုပ်တုငယ်များ၊ ကစားစရာများနှင့် လက်ဝတ်အဆင်တန်ဆာများ ဖြစ်ကြသည်။ သူ၏ ရှေ့ စားပွဲပေါ်တွင် ချထားသော ထုတ်ကုန် ၁၅ ခုမှာ သူ့ထံတွင်ရှိသော ထုတ်ကုန်များ၏ နမူနာမျှသာ ဖြစ်သည်။ ရုံးအောက်ထပ်တွင် ထုတ်ကုန် ဒါဇင်ပေါင်းများစွာ ရှိနေသေးသည်။

ကိုလင်းထင်သည် Life and Challenge ၏ အထွေထွေမန်နေဂျာ ဖြစ်သည်။ သူ၏ အဆိုအရ အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော 3D printing ကုမ္ပဏီဖြစ်သည်။ မြန်မာနိုင်ငံတွင် 3D Printing လုပ်ကိုင်သည့် အခြားကုမ္ပဏီများ ရှိမရှိ ဆန်းစစ်ရန် ခက်ခဲသော်လည်း မြန်မာနိုင်ငံတွင် 3D printing အသုံးပြုမှုသည် နည်းပါးနေသေးသည်မှာတော့ အမှန်ပင်ဖြစ်သည်။ သို့သော် ကိုလင်းထင်ကဲ့သို့သော လူအနည်းငယ်ကမူ 3D printing နည်းပညာ၏ အလားအလာကို သိရှိပြီး နိုင်ငံ၏ ကြီးမားသော စိန်ခေါ်မှုများကို ၎င်းနည်းပညာဖြင့် ဖြေရှင်းနိုင်ရန် မျှော်လင့်ထားသည်။

3D Printing ဆိုသည်မှာ စာရွက်၊ သတ္တု၊ သစ်စေးနှင့် ပလက်စတစ်တို့ကဲ့သို့ အမျိုးမျိုးသော အရာဝတ္ထုများဖြင့် ထုတ်ကုန်များကို ထုတ်လုပ်သော နည်းပညာ ဖြစ်သည်။ အရိုးရှင်းဆုံးပုံစံဖြင့် ပြုလုပ်သော 3D printing ထုတ်ကုန်ကို ဒစ်ဂျစ်တယ်ဖိုင်တစ်ခုကတစ်ဆင့် ထုတ်လုပ်ခြင်းဖြစ်သည်။ ပါးလွှာသော အလွှာတစ်ခုပြီး တစ်ခုကို အတူတကွ အပူပေးခြင်း သို့မဟုတ် ကော်ဖြင့်ကပ်ခြင်းဖြင့် လိုချင်သော ပုံစံကို ဖန်တီးပြုလုပ်ခြင်း ဖြစ်သည်။

3D printing ကို အများဆုံး အသုံးပြုသော နေရာများမှာ မီးရထားစက်ခေါင်းများ၊ လေယာဉ်နှင့် ပျံသန်းရေး ကဏ္ဍ၊ ဆေးပညာကဏ္ဍ၊ အနုပညာနှင့် ဒီဇိုင်းကဏ္ဍတို့တွင် အသုံးပြုသည့် ပစ္စည်းများ ထုတ်လုပ်ခြင်း ဖြစ်သည်။ ထူးခြားသော အသုံးပြုမှုများတွင် သေနတ်များ ထုတ်လုပ်ခြင်းနှင့် အဝတ်အစားများ ထုတ်လုပ်ခြင်းတို့လည်း ပါဝင်သည်။ မကြာမီကာလများတွင် အစားအစာများနှင့် အခြားသော အရေးပါသည့် ကဏ္ဍများတွင်လည်း 3D printer ကို အသုံးပြု၍ ထုတ်လုပ်လာနိုင်မည်ဖြစ်သည်။

4._scanning.jpg

Life and Challenge မှ ဝန်ထမ်းတစ်ဦးက Artec စကင်နာအသုံးပြုကာ 3D ဖိုင်တစ်ခု ဖန်တီးနေစဉ်။ ဓာတ်ပုံ- SEB HIGGINSON

Life and Challenge သည် ယခင်က သွင်းကုန်၊ ထုတ်ကုန် ကုပ္မဏီတစ်ခု ဖြစ်သည်။ ကိုလင်းထင်သည် ထိုလုပ်ငန်းကတဆင့် 3D printing ကို စတင်သိရှိလာခဲ့ခြင်း ဖြစ်သည်။ သူ၏ ဖောက်သည်တစ်ဦးသည် MCore Technology ၏ ပလက်စတစ် 3D printer တစ်ခုကို တင်သွင်းပေးရန် တောင်းဆိုခဲ့သည်။ ထို့နောက် ကိုလင်းထင်သည် 3D printing နည်းပညာက ပေးစွမ်းနိုင်မည့် ဖြစ်နိုင်ခြေများကို စိတ်ဝင်စားသွားခဲ့သည်။

လအနည်းငယ်ကြာပြီးနောက်တွင် Life and Challenge မှ ဝန်ထမ်းနှစ်ဦးသည် MCore အခြေစိုက်သည့် အိုင်ယာလန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော 3D printer များထဲမှ တစ်ခုဖြစ်လာမည့် Printer အား ကိုင်တွယ်နည်းသင်တန်းကို တက်ရောက်ခဲ့သည်။ သူတို့သည် ထိုအချိန်ကစတင်ပြီး scan လုပ်ခြင်း၊ print လုပ်ခြင်းများဖြင့် ထုတ်ကုန်များကို ဖောက်သည်အနည်းငယ်အတွက် ပြုလုပ်ပေးခဲ့သည်။ အများစုသော ဖောက်သည်များမှာ အစိုးရ သုတေသန အဖွဲ့အစည်းများဖြစ်ပြီး လက်ဝတ်အဆင်တန်ဆာများ ထုတ်လုပ်ရောင်းချသူ တစ်ချို့ကလည်း ၎င်းတို့၏ ဖောက်သည်များအတွက် နောက်ဆုံးပေါ်လက်ရာများကို ဖန်တီးပေးနိုင်ရန် ထုတ်လုပ်ကြသည်။

လူအများက စိတ်ဝင်စားသော်လည်း 3D printing နည်းပညာကို မြန်မာနိုင်ငံတွင် မိတ်ဆက်ပေးခြင်းသည် စိန်ခေါ်မှုများ ရှိနေသည်။ Life and Challenge ကုမ္ပဏီက ရင်ဆိုင်နေရသော စိန်ခေါ်မှုတစ်ခုမှာ အမေရိကန် ပြည်ထောင်စု၏ အရေးယူ ပိတ်ဆို့မှုများ ဖြစ်သည်။ ထိုအရေးယူ ပိတ်ဆို့မှုများကြောင့် အမေရိကန်နိုင်ငံတွင် ထုတ်လုပ်သော ကုန်ကြမ်းများကို တင်သွင်းနိုင်ခြင်း မရှိပေ။ ထိုကြောင့် လုပ်ငန်း လည်ပတ်မှု စတင်ရန် အခက်အခဲ ရှိနေသည်။ သို့သော် ကံကောင်းသည်မှာ ၂၀၁၂ ခုနှစ် အကုန်တွင် ထိုအရေးယူ ပိတ်ဆို့မှုများကို ပယ်ဖျက်ပေးခဲ့သည်။

ထိုအခက်အခဲတစ်ရပ်ကို ဖယ်ရှားနိုင်ပြီ ဖြစ်သော်လည်း 3D printing နည်းပညာသစ်ကို မြန်မာနိုင်ငံတွင် အသုံးပြုမှုသည် နှေးကွေးလျှက်ပင် ရှိနေသေးသည်။

5._face.jpg

လူမျက်နှာပုံတူတစ်ခုကို Life and Challenge က စက္ကူအသုံးပြု ပုံနှိပ်ထုတ်လုပ်ထားပုံ။ ဓာတ်ပုံ- Seb Higginson

မြန်မာနိုင်ငံတွင် နည်းပညာ ဗဟုသုတက နည်းပါးလျှက် ရှိပါသေးပြီး ရန်ကုန် နည်းပညာ တက္ကသိုလ်တွင်ပင် 3D printer တစ်လုံးမှ မရှိသေးပေ။ မြန်မာနိုင်ငံသည် စက်မှုဖွံ့ဖြိုးသော နိုင်ငံတစ်ခု မဟုတ်ပေ။ ထုတ်လုပ်ရေး နည်းပညာများကို ဖွံ့ဖြိုးစေရန် အခြေခံ အဆောက်အအုံများလည်း မရှိသေးကြောင်း ကိုလင်းထင်က Frontier ကို ပြောသည်။ ထို့အပြင် အခြေခံကျသော ပြဿနာများလည်းဖြစ်သည့် ပုံမှန် မီးပျက်လေ့ရှိခြင်းနှင့် 3D printer များသည် အပူဒဏ်ကို မခံနိုင်ခြင်းတို့လည်း ရှိနေသေးသည်။

ရန်ကုန်မြို့မှ နည်းပညာဗဟိုတစ်ခုဖြစ်သော ဖန်တီးရာ (Phandeeyar) မှ Operation Assistant ဖြစ်သူ ကိုမြတ်ချမ်းသည်လည်း ထိုပြသနာများကို ရင်ဆိုင်နေရသည်။ သူတို့၏ Maker Space တွင် ထားရှိသော 3D printer များကို ကိုမြတ်ချမ်းက တာဝန်ယူရသည်။ Maker Space သည် ပြင်ပမှ စိတ်ဝင်စားသူများကို ၎င်းတို့၏ 3D printer များ အသုံးပြုခွင့် ပေးထားသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် 3D printer အနည်းငယ်သာ ရှိသောကြောင့် ဖြစ်သည်။ လာရောက် အသုံးပြုသူများကို သူက လုပ်ငန်းလုပ်ဆောင်ပုံများကို ရှင်းလင်းပြသပေးရသည်။

ကိုမြတ်ချမ်းသည် 3D printing ကို ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် အမေရိကန်နိုင်ငံအစိုးရ၏ အထောက်အပံ့ပေးရေး အဖွဲ့အစည်းဖြစ်သော USAID က စပွန်ဆာပြုလုပ်သည့် Hardware Hack ဟု ခေါ်ဆိုသည့် ဖန်တီးရာ၏ ပွဲတစ်ခုတွင် သိရှိခဲ့ခြင်းဖြစ်သည်။ USAID က လော့အိန်ဂျလိစ်မြို့ အခြေစိုက် စက်မှုဒီဇိုင်နာတစ်ဦးဖြစ်သော ကိုထွန်းမင်းစိုးကို မြန်မာနိုင်ငံသို့ ပြန်လာစေပြီး Maker Space မှ ဝန်ထမ်းများကို 3D printer နှစ်လုံးဖြင့် အသုံးပြုနည်း သင်ကြားစေခဲ့သည်။

“ကျွန်တော်က 3D printing အကြောင်း ကြားဖူးပါတယ်။ ဒါပေမယ့် အပြင်မှာ မမြင်ဖူးဘူး။ အပြင်မှာ လုပ်ပုံကိုင်ပုံတွေကို မမြင်ဖူးပဲ 3D printing ကို နားလည်ဖို့ ခဲယဉ်းပါတယ်” ဟု ကိုမြတ်ချမ်းက ပြောသည်။

သို့သော် ကိုမြတ်ချမ်းသည် 3D printing ကို စမြင်ပြီးကတည်းက စိတ်ဝင်စားသွားခြင်း ဖြစ်သည်။

“3D printing က အလားအလာကောင်းတဲ့ နည်းပညာတစ်ခုဖြစ်တယ်။ ကွန်ကရစ် အဆောက်အဦးတွေကို 3D printing နဲ့ ပုံသွင်းလို့ရတယ်ဆိုတာ မကြာသေးမီက ကျွန်တော် သိရှိခဲ့ရတယ်” ဟု ၎င်းက ပြောကြားသည်။

Hardware Hack ပွဲ နောက်တစ်ခုကို ယခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်။ ဖန်တီးရာကွန်ယက်တွင် 3D printing နှင့် ပတ်သက်ပြီး အခြေခံဗဟုသုတများ ရရှိပြီး ဖြစ်သောကြောင့် ပိုမိုအဆင့်မြင့်သော အယူအဆများနှင့် နည်းပညာများကို မိတ်ဆက်နိုင်ရန် ကို မြတ်ချမ်းက မျှော်လင့်လျှက် ရှိသည်။ လက်ရှိအချိန်တွင် ဖန်တီးရာမှ 3D printer များကို အသုံးပြုနေသူများမှာ ကျောင်းသားများအများစုဖြစ်ပြီး ထိုကျောင်းသားများအနေဖြင့် မြန်မာနိုင်ငံတွင် 3D printing နည်းပညာ အသုံးပြုမှုကျယ်ပြန့်လာစေရေးအတွက် အကူအညီပေးနိုင်လိမ့်မည်ဟု ကိုမြတ်ချမ်းက ယုံကြည်လျှက်ရှိသည်။

မြန်မာနိုင်ငံတွင် 3D printing ၏ အနာဂတ် အလားအလာ မည်သို့ရှိလာနိုင်နည်း။

ယခုလက်ရှိတွင် နိုင်ငံအတွင်းရှိ 3D printing များသည် သုတေသနများနှင့် အသေးစား စီးပွားဖြစ် ထုတ်ကုန်များအတွက်သာ ဖြစ်သည်။ သို့သော် ပြည်တွင်းစစ်များ ဖြစ်ပွားနေသော နိုင်ငံများအတွက် အသုံးချသည့် အရာများလည်း ရှိနေသည်။ ၎င်းမှာ 3D printing ဖြင့် လုပ်ဆောင်ထားသော အစားထိုး ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ ဖြစ်သည်။

1._hand_1.jpg

ဖန်တီးရာတွင် ကျင်းပသည့် Hardware Hack ပွဲအတွက် ကိုထွန်းမင်းစိုး အမေရိကန်မှ ယူဆောင်လာသော သတ္တုဖြင့် ပုံနှိပ်ထားသည့် လက်တစ်ခု။ သတ္တုအသုံးပြု ပုံနှိပ်ထုတ်လုပ်ခြင်းသည် ပလတ်စတစ်အသုံးပြုခြင်းထက် ပိုမိုခက်ခဲသည်။ ဓာတ်ပုံ- Seb Higginson

ထိုအချက်က လူသားတို့၏ ဘဝများကို ပြောင်းလဲသွားစေနိုင်မည့် အလားအလာများ ရှိနေသည်။ Landmine and Cluster Munition Monitor အဖွဲ့အစည်း၏ စာရင်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြုပ်မိုင်း အန္တရာယ်အများဆုံး သုံးနိုင်ငံထဲတွင် ပါဝင်နေသည်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၃,၇၄၅ ဦး ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် ထိုစာရင်းသည် အမှန်တကယ် သေဆုံးခဲ့သော အရေအတွက်၏ အစိတ်အပိုင်းအနည်းငယ်မျှသာ ဖြစ်သည်ဟု ယူဆထားကြသည်။

ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း မိုင်းရှင်းလင်းရေး သဘောတူညီချက်တစ်ခုမျှ မရှိသေးပေ။ ရန်ကုန်မြို့တွင် တည်ထောင်ခဲ့သော မိုင်းရှင်းလင်းရေးအဖွဲ့အစည်းများကလည်း မိုင်းတစ်ခုမျှ ရှင်းလင်းနိုင်ခြင်း မရှိသေးပေ။ သို့သော် တပ်မတော်နှင့် လက်နက်ကိုင် အုပ်စုများသည် မြေမြှုပ်မိုင်းများ ထပ်မံထောင်လျှက်ရှိကြသည်။

မြန်မာနိုင်ငံတွင် ကိုယ်လက်အင်္ဂါအတုများကို အစားထိုးပေးသော အဖွဲ့အစည်းတစ်ချို့၏ အဆိုအရ ကိုယ်လက်အင်္ဂါ အတုများကို အစားထိုးရန် လိုအပ်သူများတွင် မြေမြုပ်မိုင်းထိခဲ့သော လူများက ထက်ဝက်နီးပါးရှိသည်ဟု ဆိုသည်။ ကျန်သောလူများကမူ မတော်တဆဖြစ်မှုများနှင့် ရောဂါဘယများကြောင့် ကိုယ်လက် အင်္ဂါ ချို့ယွင်းသွားခဲ့ကြခြင်းဖြစ်သည်။ Frontier က မကြာသေးမီက ရေးသားခဲ့သလိုပင် ကိုယ်လက်အင်္ဂါ အတုများကို လိုအပ်နေသူများအတွက် ကိုယ်လက်အင်္ဂါအတုများ ထောက်ပံ့ပေးခြင်းနှင့် နောက်ဆက်တွဲ ကူညီမှုများကို လုပ်ဆောင်ပေးနိုင်သောပမာဏသည် လိုအပ်နေသူများ အားလုံး၏ ၁၀ ရာခိုင်နှုန်းအတွက်သာ ဖြည့်ဆည်းပေးနိုင်သေးသည်။

ထိုဆုံးရှုံးသွားသော ကိုယ်လက်အင်္ဂါများကို ပေါ့ပါးပြီး သီးခြားကိုက်ညီသော ကိုယ်လက်အင်္ဂါအတုများနှင့် အစားထိုးပြီး ထိုလိုအပ်ချက် ကွာဟမှုကို ကျဉ်းမြောင်းသွားအောင် 3D printing ဖြင့် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

3D printing ဖြင့် ထုတ်လုပ်ထားသော ကိုယ်လက်အင်္ဂါအတုများကို ကမ္ဘာတစ်ဝန်းတွင် ကျယ်ပြန့်စွာ စမ်းသပ် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ မြေမြုပ်မိုင်း မတော်တဆမှုမှ ပြန်လည် ရှင်သန်လာသူများ တခြားအကြောင်းချက်များကြောင့် ကိုယ်လက်အင်္ဂါအတု လိုအပ်နေသူများကို 3D printing က ပိုမိုကောင်းမွန်သော ရွေးချယ်မှုများ ပေးစွမ်းနိုင်မည် ဖြစ်သည်။ 3D printing ဖြင့် ထုတ်လုပ်ထားသော ကိုယ်လက်အင်္ဂါ အတုများသည် လက်ရှိဈေးကွက်ထဲတွင် ရရှိနိုင်သော ပလက်စတစ်နှင့် သစ်သားတို့နှင့် ထုတ်လုပ်ထားသော လေးလံပြီး တပ်ဆင်ရခက်ခဲသည့် ကိုယ်လက်အင်္ဂါ အတုများထက် ပိုမိုကောင်းမွန်စွာ ရွေ့လျားနိုင်ကာ ပိုမို တပ်ဆင်ရလွယ်ကူနိုင်မည် ဖြစ်သည်။

6._statue_printing.jpg

Life and Challenge မှ ပလတ်စတစ် 3D ပရင်တာတစ်လုံး အလုပ်လုပ်နေစဉ်။ ဓာတ်ပုံ- Seb Higginson

ကိုမြတ်ချမ်းက 3D printing ကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုမည့် နည်းလမ်းကိုလည်း စိတ်ဝင်စားလျှက် ရှိသည်။ ၎င်းမှာ 3D printing ဖြင့် ဆောက်လုပ်ထားသော ကွန်ကရစ် အဆောက်အဦးများ ဖြစ်သည်။ ထိုအဆောက်အဦးများ ဆောက်လုပ်ရန် လွယ်ကူပြီး ခိုင်ခံသည့်အပြင် အကုန်အကျလည်း သက်သာသည်။ သဘာဝကပ်ဘေးများနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရာပြောင်းရွှေ့ရသူများအတွက် ယာယီစခန်းများကို ဆောက်လုပ်ပေးနိုင်မည့်အပြင် ရန်ကုန်မြို့တွင် အိမ်ယာရှားပါးမှုကိုလည်း ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်လျှက်ရှိသည်။

သို့သော် ပထမဆုံးအနေဖြင့် 3D printing အသုံးပြုမှု ကျယ်ပြန့်လာစေရန် တစ်ချို့သော ကိစ္စများကို ဦးစွာ ဖြေရှင်းရဦးမည်ဖြစ်သည်။ ၎င်းမှာ အားထားရလောက်သော အခြေခံအဆောက်အအုံများ ဖြစ်သည်။ 3D printing က ပေးစွမ်းနိုင်မည့် အခွင့်အရေးများအကြောင်းကို သိရှိနိုင်ရန် အသိပညာများ လိုအပ်နေသည့်အပြင် 3D printing အသုံးပြုမှု ကျယ်ပြန့်လာစေရန် နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်သူများနှင့် ဆက်ဆံမှုရရှိရန်လည်း လိုအပ်လျှက်ရှိသည်။

သို့သော် 3D printing က ပေးစွမ်းမည့် အခွင့်အလမ်းများနှင့် ကောင်းကျိုးများ အားလုံးကို မြန်မာနိုင်ငံက ရယူနိုင်မည်လားဆိုသည်မှာမူ စောင့်ကြည့်ရဦးမည့် အချက်ဖြစ်သည်။

ဤဆောင်းပါးသည် Frontier Myamar ၏ Digital Myanmar အထူးထုတ်တွင် ပါဝင်ခဲ့သော ဆောင်းပါးဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ-  scan ဖတ်ထားသော 3D file တစ်ခုမှ ပုံစံထုတ်ရန် ပြင်ဆင်နေပုံ။ ဓာတ်ပုံ- Seb Higginson

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.