နေပြည်တော်၊ အောက်တိုဘာ ၁၆
နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သေနတ်များ တွေ့ရှိမှု နှင့် ဆက်စပ်ကာ နေပြည်တော်ရှိ Hotel ACE ကို ဆက်လက်ရှာဖွေခဲ့ရာ သေနတ်များ ထပ်မံတွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။
“ဆက်ရှာနေတယ်။ ACE ဟိုတယ်က သူနေတဲ့အိမ်လို့ ပြောရမှာပေါ့။ အဲဒီနေရာမှာ ထပ်တွေ့တယ်။ အရေအတွက်နဲ့ အသေးစိတ်ကတော့ ညနေမှ ” ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ပြောကြားသည်။
ပြီးခဲ့သော အစိုးရလက်ထက်က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနတို့တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး Hotel ACE အပါအဝင်လုပ်ငန်းအများအပြား ပိုင်ဆိုင်သည့် ဦးတင့်ဆန်း၏ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းနှင့် နှစ်ဦးအား သေနတ်နှစ်လက်နှင့်အတူ နေပြည်တော်လေဆိပ်တွင် အောက်တိုဘာ ၁၅ ရက်နေ့ညက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖမ်းဆီးရမိပြီးနောက် ရဲတပ်ဖွဲ့က ရှာဖွေမှုများ ဆက်လက် ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။
ထိုသို့ရှာဖွေရာတွင် ဟိုတယ်မှ သေနတ်ငါးလက်ထပ်မံ တွေ့ရှိသည်ဟုဆိုသော်လည်း ရဲမှူးကြီးဇော်ခင်အောင်က အတည်ပြုခြင်းမရှိပေ။
“အခုသတင်းတွေ ထွက်နေတဲ့ အရေအတွက်ကတော့ မဟုတ်ပါဘူး” ရဲမှူးကြီးဇော်ခင်အောင်က ပြောကြားသည်။
သေနတ်များ ဖမ်းမိသည့်ကိစ္စနှင့် ပတ်သက်သည့် လူသုံးဦးကို ဖမ်းဆီးထားပြီး ကနဦး စစ်ဆေးချက်များအရ အကြမ်းဖက်အဖွဲ့အစည်းနှင့် အခြားသော မည်သည့်အဖွဲ့အစည်းမျိုးနှင့်မျှ မပတ်သက်ဟု ရဲတပ်ဖွဲ့က ပြောကြားထားသည်။
ဦးဖြိုးကိုကိုတင့်ဆန်းမှာ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမန်းဂျော်နီ (ယခုဧရာဝတီတိုင်း ဝန်ကြီးချုပ်)ကို မဲထက်ဝက်ခန့်အကွာဖြင့် ရှုံးနိမ့်ခဲ့ဘူးသည်။
သတင်း-ဉာဏ်လှိုင်လင်း