နေပြည်တော်၌ ISY အပြည်ပြည်ဆိုင်ရာကျောင်းသစ် ဖွင့်လှစ်တော့မည်

မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးများနှင့် အဖွဲ့အစည်းများ ပြောင်းရွှေ့ဖွင့်လှစ်ရန် စဉ်းစားနေကြသည့် နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း (ISY) ကျောင်းသစ်ကို စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။

ISY နေပြည်တော်အနေဖြင့် ၂၀၁၉-၂၀ စာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၂၄ ဦး ပါဝင်သော ပထမဆုံးတန်းခွဲကို ဖွင့်လှစ်သွားရန် စီစဉ်နေသည်ဟု မတ် ၁၂ ရက်နေ့တွင် ကြေညာသည်။

အဆိုပါကျောင်းသည် ရန်ကုန်တွင်ရှိသည့် သံတမန်အသိုင်းအဝိုင်းနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေကြသော မိသားစုများအတွက် ရည်ရွယ်၍ ၁၉၅၂ ခုနှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး အကျိုးအမြတ်အတွက်မဟုတ်သော အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း ဖြစ်သည်။ ယခုအခါတွင် နိုင်ငံပေါင်း ၄၈ နိုင်ငံမှ နောက်ခံအခြေအနေချင်း ကွဲပြားခြားနားသည့် ကျောင်းသားပေါင်း ၈၀၀ နီးပါး တက်ရောက်နေသည့် မြန်မာနိုင်ငံတွင် အကြီးဆုံး အပြည်ပြည်ဆိုင်ရာကလေးများကျောင်းအဖြစ် ရပ်တည်နေသည်။

“ISY ရဲ့ သမိုင်းကိုကြည့်ရင် ကျွန်တော်တို့ဟာ လူ့အဖွဲ့အစည်းနဲ့ ပိုမိုကျယ်ပြန့်တဲ့ ကမ္ဘာကြီးအတွက် ဝန်ဆောင်မှုတွေကို ပေးနိုင်ခဲ့ပါတယ်။ ISY နေပြည်တော်ဟာ နေပြည်တော်အတွင်းမှာသာမကဘဲ ပိုမိုကျယ်ပြန့်တဲ့ မြန်မာပြည် အထက်ပိုင်းဒေသတွေအထိ ဒေသခံလူ့အဖွဲ့အစည်းနဲ့ နိုင်ငံခြားသားတွေရဲ့ ကလေးငယ်တွေအတွက် နိုင်ငံတကာပညာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ISY ၏ ဒါရိုက်တာ Dr. Gregory A. Hedger က ပြောကြားသည်။

ISY နေပြည်တော်တွင် မူလတန်းကြိုမှစ၍ Grade 8 အထိ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပြီး ISY ရန်ကုန်ကျောင်းတွင် သင်ကြားပေးနေသော အမေရိကန်သင်ရိုးညွှန်းတမ်းနှင့်အညီ သင်ကြားပေးသွားမည် ဖြစ်သည်။ 

“ကျွန်တော်တို့ရဲ့ ISY ရန်ကုန်ကျောင်းမှာဆိုရင် ကျောင်းသားဦးရေ ၈၀၀ နီးပါး ရှိနေပါပြီ။ မြန်မာနိုင်ငံနဲ့ နိုင်ငံအစုံက ကျောင်းသားတွေ ပညာသင်ယူနေကြပါတယ်” ဟု Dr. Hedger က ဆက်လက်ပြောကြားသည်။

နေပြည်တော်သည် လူဦးရေ ၁ သန်းနီးပါးရှိပြီး မြန်မာနိုင်ငံ၏ တတိယမြောက် လူနေအထူထပ်ဆုံးမြို့ ဖြစ်သည်။ ပြည်ထောင်စုအဆင့်လွှတ်တော်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများ ရုံးစိုက်ရာ မြို့တော်လည်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးက “အခုလို  နေပြည်တော်မှာ ကျောင်းခွဲအသစ် လာရောက်ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး နွေးထွေးစွာကြိုဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ လူမှုဘဝ တိုးတက်လာစေမယ့် အနာဂတ်ကိုဖန်တီးဖို့ အကူအညီအထောက်အပံ့ကောင်းတစ်ခု ဖြစ်စေမှာ ဖြစ်ပါတယ်” ဟုပြောကြားသည်။

နေပြည်တော်ရှိ ၅ ဒသမ ၅ ဧက ကျယ်ဝန်းသော Junction Hotel အား ISY အဖြစ် ပြောင်းလဲ ဖွင့်လှစ်ခြင်းဖြစ်သည်။ ကျောင်းပရဝဏ်သည် သံရုံးများတည်ရှိမည့်ဇုန်နှင့် ကပ်ရပ်တွင် တည်ရှိပြီး အစိုးရဝန်ကြီး ဌာနများ၊ ရုံးများနှင့် ၁၀ မိနစ်အကွာတွင် တည်ရှိသည်ဟုဆိုသည်။

နေပြည်တော်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးချုပ်တည်ရှိပြီး ကုလသမဂ္ဂရုံးပေါင်း ၁၇ ရုံးထဲမှ ၁၂ ရုံးလည်း ဖွင့်လှစ်ထားသည်။ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ ပံ့ပိုးရေးနိုင်ငံတကာအဖွဲ့အစည်း (IDEA)၊ Westminster Foundation for Democracy (WFD)၊ သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) နှင့် ကမ္ဘာ့ဘဏ်လည်း  ရုံးစိုက်ပြီး လုပ်ငန်းလည်ပတ်နေကြသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဆက်ဆံရေးရုံးနှင့် ဘင်္ဂလားဒေ့ရှ်သံရုံးတို့လည်း နေပြည်တော်တွင် အခြေစိုက်ထားပြီး အခြားသော နိုင်ငံတကာ သံရုံးများလည်း ပြောင်းရွှေ့လာမည့် အလားအလာရှိနေသည်။

ISY သည် Western Association of Schools and Colleges (WASC) ၏ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိထားသော သင်တန်းကျောင်းဖြစ်ပြီး East Asian Regional Council of Schools (EARCOS) ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ ပထမစာသင်နှစ်ကုန်ဆုံးချိန်၌ ISY နေပြည်တော်သည် WASC ၏ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရရှိလာမည့် သင်တန်းကျောင်းဖြစ်ပြီး EARCOS ၏ အဖွဲ့ဝင်လည်းဖြစ် လာမည် ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.