နိုင်ငံဝန်ထမ်း ပြုပြင်ပြောင်းလဲရေးက အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို အကျိုးပြုနိုင်

မြန်မာနိုင်ငံတွင် နိုင်ငံဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် ကိုယ်ကျင့်တရားဆိုင်ရာများ၊ မတူကွဲပြားမှုများနှင့် အရည်အသွေး ဦးစားပေးရေးဆိုင်ရာ အခြေခံမူဝါဒများကို တိတိကျကျ လိုက်နာကျင့်သုံးကြမှသာ မြန်မာနိုင်ငံ မုချ အောင်မြင်မှုရရှိမည် ဖြစ်သည်။

မြန်မာ့ဝန်ထမ်းလောကကို ကိုယ်ကျင့်တရား စောင့်ထိန်းသော၊ အရည်အသွေးကို အခြေခံသော၊ လူထုအားလုံးကို ဝန်ဆောင်မှုပေးသော အားလုံးပါဝင်သည့် ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းကြီး ဖြစ်လာရေး ရည်မှန်းချက်ဖြင့် အလုံးစုံ ပြုပြင်ပြောင်းလဲရေး စီမံချက်ကြီးကို ဇူလိုင်လ အစောပိုင်းက စတင်ခဲ့သည်။

ဇူလိုင် ၁၀ ရက်နေ့က စီမံကိန်း စတင်သည့် အခမ်းအနားတွင် မြန်မာ့ခေါင်းဆောင်များက အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အဓိက သော့ချက်တစ်ခုဖြစ်သော အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး စိတ်ဓါတ်ကို ဖေါ်ဆောင်နိုင်ပြီး မတူကွဲပြားမှု၊ မျှဝေခံစားနိုင်မှု၊ ကြံ့ခိုင်မှုတို့ကို အင်အားတစ်ရပ်အဖြစ် အသုံးပြုကာ နိုင်ငံ့ဝန်ထမ်းလောကကို အသစ်ဖန်တီးကြမည်ဟု ပြောကြားခဲ့ကြသည်။

၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက နယ်လ်ဆင်မန်ဒဲလား၏ ဦးဆောင်မှုအောက်တွင် နိုင်ငံရေး အပြောင်းအလဲကြီးတစ်ခုကို ကိုယ်တိုင်တွေ့ကြုံ ဖြတ်သန်းခဲ့ရသော တောင်အာဖရိက နိုင်ငံသားတစ်ဦးဖြစ်သည့် ကျွန်တော့အနေဖြင့် အသားရောင် ခွဲခြားသော နိုင်ငံတစ်နိုင်ငံအဖြစ်မှ မတူကွဲပြားသော၊ အားလုံးသာတူညီမျှ ပါဝင်နိုင်သော လူ့အဖွဲ့အစည်းအဖြစ် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွင် လွန်စွာ အရေးပါပုံကို လက်တွေ့ မျက်မြင်ကြုံတွေ့ခဲ့ရသည်။

တောင်အာဖရိကနိုင်ငံသည် ၁၉၉၄ ခုနှစ်မှ စတင်၍ လူမျိုးရေးခွဲခြားဆက်ဆံသော နိုင်ငံအဖြစ်မှ မတူကွဲပြားမှု၊ အားလုံးပါဝင်မှုနှင့် သာတူညီမျှမှုတို့ကို လက်ခံကျင့်သုံးသော နိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။ လွန်ခဲ့သော အနှစ် ၂၀ အတွင်း လူ့အဖွဲ့အစည်းတစ်ခု၏ ပြောင်းလဲမှုကို ကျွန်ုပ်တို့၏ နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် ထင်ဟပ်ပေါ်လွင်ခဲ့သည်။

ဥပမာအားဖြင့် ၁၉၉၁ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်း မန်နေဂျာအဆင့် လူမည်းအရေအတွက်မှာ ၄ ရာခိုင်နှုန်းပင် မပြည့်ခဲ့ရာမှ ၁၉၉၉ ခုနှစ်တွင် ၄၁ ရာခိုင်နှုန်းအထိ လူမည်းများ နေရာရလာသည်။ ၁၉၉၄ ခုနှစ်တွင် အထက်တန်းအဆင့် နိုင်ငံ့ဝန်ထမ်းရာထူးကြီးများတွင် အမျိုးသမီး တစ်ဦးတစ်ယောက်မျှ မရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ် ရောက်သောအခါ ပြည်သူ့ဝန်ထမ်း ဦးဆောင်မှုအပိုင်းတွင် အမျိုးသမီး ၃၈ ရာခိုင်နှုန်းအထိ ပါဝင်လာသည်။ G20 နိုင်ငံအားလုံးအနက် နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် ကျားမ အခွင့်အရေး ညီမျှမှု၌ တောင်အာဖရိကနိုင်ငံက အဆင့် ၃ တွင် ရပ်တည်နေသည်။

နိုင်ငံဝန်ထမ်း ပြုပြင်ပြောင်းလဲရေး ခရီးလမ်းဆုံးသို့ ရောက်ရှိရန် များစွာ လိုသေးသည် မှန်သော်လည်း ယနေ့အချိန်တွင် တောင်အာဖရိက ဝန်ထမ်းလောကသည် ကျားမအရလည်းကောင်း၊ နိုင်ငံ၏ လူမျိုးစုကွဲပြားမှုအရ လည်းကောင်း ယခင်အချိန်ကနှင့်စာလျှင် များစွာတိုးတက်လာခဲ့ပြီ ဖြစ်သည်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ခရီးလမ်းတွင် ဝန်ထမ်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးက မရှိမဖြစ် လိုအပ်သည်ကိုတော့ သံသယ ဖြစ်စရာမလိုအပ်ပေ။

မကြာသေးမီ နှစ်များအတွင်းက မြန်မာ့ဝန်ထမ်းလောကတွင် လူစုံတက်စုံ ကိုယ်စားပြု ပါဝင်လာနိုင်ရေး ကြိုးပမ်းမှုများ ပြုလုပ်လာခဲ့သည်။

ဥပမာအားဖြင့် ၂၀၀၅ ခုနှစ်မှစ၍ အစိုးရဌာနများတွင် အမျိုးသမီးများပါဝင်မှု ဖြေးဖြေးနှင့်မှန်မှန် တိုးတက်လာခဲ့ပြီး အဆင့်မြင့် ဝန်ထမ်းရာထူးနေရာများတွင် အမျိုးသမီးများ ပိုမိုနေရာယူလာကြသည်။ ၂၀၁၄ ခုနှစ်တွင် နောက်ဆုံး ရရှိထားသော စာရင်းအရ အစိုးရဝန်ထမ်းအားလုံး၏ ၅၂ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြသည်။ အစိုးရဌာန အားလုံးတွင် ဒုညွန်မှူးနှင့်အထက်အဆင့်၏ ၃၉ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြသည်။

ဤကိန်းဂဏန်းများသည် လွန်စွာ အပေါင်းလက္ခဏာ ဆောင်သော်လည်း ပြည်ထောင်စု ဝန်ထမ်းရွေးချယ်ရေး ဘုတ်အဖွဲ့၏ လေ့လာသုတေသနပြုချက်အရ ဝန်ထမ်းအလုပ်တွင် အမျိုးသမီးများ အပြည့်အဝ ပါဝင်လာနိုင်ရေးအတွက် ဆောင်ရွက်စရာ များစွာကျန်ရှိနေသေးသည်ဟု ဆိုသည်။

ပြည်ထောင်စု ဝန်ထမ်းရွေးချယ်ရေးဘုတ်အဖွဲ့ (UCSB) က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက လုပ်ဆောင်ခဲ့သော နိုင်ငံ့ဝန်ထမ်း သဘောထားစစ်တမ်းအရ ဝန်ထမ်းရာထူး တိုးမြင့်ရေးတွင် အမျိုးသမီးများမှာ နည်းမျိုးစုံဖြင့် ကန့်သတ်ခံနေရဆဲ ဖြစ်သည်ကို တွေ့ရသည်။ ဤသို့ ဖြစ်ရသည်မှာ သက်ဆိုင်ရာပုဂ္ဂိုလ်နှင့် သိကျွမ်းမှု မရှိသောကြောင့် လည်းကောင်း၊ အမျိုးသမီး ဖြစ်နေသောကြာင့် တမင်တကာ ချန်လှပ်ဘေးဖယ်ထားခဲ့ခြင်းကြောင့် သော်လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

ဝန်ထမ်းလောကတွင် အထူးသဖြင့် အဆင့်မြင့် ရာထူးနေရာများတွင် အမျိုးသမီးဖြစ်သည့်အတွက် ချန်လှပ်ထားမှုများ ရှိနေဆဲပင် ဖြစ်ပုံရသည်။ ယနေ့ အစိုးရအဖွဲ့တွင် အမျိုးသမီး အမြဲတန်းအတွင်းဝန် နှစ်ဦးသာရှိသည်။

ဇွန် ၁၀ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေး စီမံချက် စတင်သည့် အခမ်းအနားသို့ တက်ရောက်လာကြသူအချို့အား တွေ့ရစဉ်။ (Supply)

ဇွန် ၁၀ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေး စီမံချက် စတင်သည့် အခမ်းအနားသို့ တက်ရောက်လာကြသူအချို့အား တွေ့ရစဉ်။ (Supply)

နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်ရာတွင် ဖြစ်စေ၊ ဆုံးဖြတ်ချက် ချမှတ်ရာတွင် ဖြစ်စေ၊ ကျားမ တန်းတူညီမျှမှုကို အထူးအလေးပေး အားအထုတ်ဆုံးဖြစ်သည့် နိုင်ငံများသည် စီးပွားရေး ဖွံ့ဖြိုးမှု၊ လူမှုရေး စုစည်းညီညွတ်မှု၊ ငြိမ်းချမ်းရေးနှင့် လူသားရင်းမြစ် ဖွံ့ဖြိုးမှုတို့တွင် ရှေ့တန်း ထိပ်တန်းနိုင်ငံများ ဖြစ်ကြောင်း တွေ့ရှိကြရသည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ၏ လူသား ဖွံ့ဖြိုးရေးအညွှန်းကိန်း (Human Development Index) အရ ကမ္ဘာ့ထိပ်တန်း ၁၅ နိုင်ငံတွင် နော်ဝေ၊ ဆွီဒင်နှင့် နယူးဇီလန်တို့အပါအဝင် ထိပ်ဆုံးမှ နိုင်ငံအများစုသည် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကမ္ဘာလုံးဆိုင်ရာ ကျားမ ကွာဟမှုအညွန်းကိန်း (Global Gender Gap Index) စာရင်းတွင်လည်း ထိပ်ဆုံးနေရာများတွင် ရှိနေသည်မှာ မတော်တဆ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။ GGGI အညွန်းကိန်းမှာ နိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုနှင့် မသက်ဆိုင်ဘဲ ကျားမ ကွာဟမှုကို ဖယ်ရှားရေးအတွက် မည်မျှ လုပ်ဆောင်နေသည်ဆိုသည့်အချက်ဖြင့် တိုင်းတာထားခြင်း ဖြစ်သည်။

ရဝမ်ဒါ၊ ဖိလစ်ပိုင်နှင့် တောင်အာဖရိကကဲ့သို့နိုင်ငံများသည် ကျားမ ကွာဟမှုလျှော့ချရေးတွင် တကမ္ဘာလုံး၏ ထိပ်ဆုံးနေရာ၌ ရပ်တည်နေကြသည်။ လူသားဖွံ့ဖြိုးမှုအညွန်းကိန်းတွင်မူ ထိုနိုင်ငံများကို ထိပ်ပိုင်းအဆင့်တွင် မတွေ့ရသော်လည်း ကမ္ဘာပေါ်တွင် စီးပွားရေး အလျင်မြန်ဆုံးနှုန်းဖြင့် ဖွံ့ဖြိုးနေသော နိုင်ငံများစာရင်းတွင် ထိုနိုင်ငံများ ပါဝင်နေသည်။

မြန်မာနိုင်ငံ၏ ဝန်ထမ်းလောကတွင် အားလုံး ပါဝင်လာနိုင်ရေးနှင့် ကိုယ်စားပြုနိုင်ရေးတို့က အရေးပါပုံကို ဤကိန်းဂဏန်းများက ထောက်ပြနေသည်။ အလုပ်ခန့်ထားရေးနှင့် ရာထူးတိုးမြှင့်ပေးရေးတို့တွင် အမျိုးသမီးများနှင့် လူမျိုးဘာသာ မခွဲခြားဘဲ တန်းတူရည်တူ သဘောထား ဆောင်ရွက်နိုင်မှသာ ဝန်ထမ်းလောကသည် နိုင်ငံသူ နိုင်ငံသားအားလုံးကို ကိုယ်စားပြုနိုင်ပြီး အရည်အသွေး အထက်မြက်ဆုံး နိုင်ငံသူ နိုင်ငံသားများကို ရရှိနိုင်မည် ဖြစ်သည်။

ကမ္ဘာ့ပေါ်ရှိ အခြားနိုင်ငံများတွင် လုပ်ဆောင်ခဲ့သော နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုမှ ရရှိခဲ့သော သင်ခန်းစာတစ်ခုမှာ မတူကွဲပြားမှု မြင့်တက်လာရေးတွင် အရေအတွက်များ တိုးလာရုံမျှနှင့် မလုံလောက်ပေ။ ပါဝင်လာသည့် အရေအတွက်က ထိရောက်ထက်မြက်မှု ရှိရန်ကသာ ပို၍ အရေးကြီးသည်ဆိုသည့် အချက်ပင် ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများတွင် အမျိုးသမီး အရေအတွက် တိုးလာရုံ၊ တိုင်းရင်းသား လူနည်းစုအရေအတွက် တိုးလာရုံမျှနှင့် ထိုသို့တိုးလာသော မတူကွဲပြားမှုများမှ အကျိုးထူးတစ်စုံတစ်ရာ ရရှိမည်ဟု အာမ မခံနိုင်ပေ။

မတူကွဲပြားမှုများကို အမှန်တကယ် နေရာပေး ထည့်သွင်းလိုသော စိတ်ဆန္ဒကို မြင်တွေ့ကြရမှသာလျှင် မတူကွဲပြားသူများကို ထည့်သွင်းခြင်းဖြင့် အကျိုးကျေးဇူးကောင်းများ ရရှိနိုင်ကြောင်းကို တကမ္ဘာလုံးတွင် ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများက ပြသနေသည်။

ဤသို့သော လုပ်ဆောင်မှုများဖြင့် မြန်မာ့ဝန်ထမ်းလောကတွင် ပါဝင်မှု၊ ကိုယ်စားပြုမှု ပိုမိုရရှိလာမည်ဖြစ်သည်သာမက နိုင်ငံနှင့် လူမျိုးအကျိုးအတွက် မတူကွဲပြားမှုများကိုလည်း တိုးတက်လာစေမည် ဖြစ်သည်။

အဂတိလိုက်စားမှုနှင့် ပြစ်ဒဏ်မှ ကင်းလွတ်နေမှုတို့ကို တိုက်ဖျက်ရာတွင် ခေါင်းဆောင်ပိုင်းအဆင့်တွင် မတူကွဲပြားသူများ ပါဝင်နေမှုနှင့် မတူကွဲပြားမှုကို လေးစားတတ်မှုတို့လည်း လေးနက်သည့် ထိရောက်မှုကို ရရှိစေနိုင်သည်။ UCSB နှင့် UNDP တို့၏ လေ့လာစာရင်းကောက်ယူခဲ့သည့် နိုင်ငံ့ဝန်ထမ်း ၅၆ ရာခိုင်နှုန်း၏ ပြောပြချက်အရ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတစ်ချို့သည် လာဘ်ငွေတောင်းခံလေ့ရှိကြကြောင်း သိရှိခဲ့ရသည်။ အလုပ်ခန့်ထားမှုနှင့် ရာထူးတိုးမြှင့်မှုတို့တွင်လည်း လာဘ်ပေးလာဘ်ယူခြင်း၊ နီးစပ်ရာဆွေမျိုးတို့ကို ခန့်ထားခြင်းများ ရှိသည်ဟု ပြောကြားခဲ့ကြသည်။

အခြားနိုင်ငံများတွင် လုပ်ဆောင်ခဲ့သော သုတေသနများအရ ဝန်ထမ်းများ (နှင့်အတွေးအမြင် အယူအဆ) မတူကွဲပြားမှုကို ပိုမိုလက်ခံခြင်း၊ ရှင်းလင်းပြတ်သားပြီး ခိုင်မာသော ကျင့်ဝတ်သိက္ခာ အဆင့်အတန်း ထားရှိမှုတို့သည် အကျင့်ပျက်ချစားမှုကို လျှော့ချရာတွင် အရေးပါကြောင်း တွေ့ရှိရသည်။ မြင့်မားသော ကျင့်ဝတ်အဆင့်အတန်း သတ်မှတ်ထားရှိခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုဖြင့် အကျင့်ပျက်ချစားမှု အလေ့အထကို ဖယ်ရှားခြင်းသည် ဝန်ထမ်းပြုပြင်ပြောင်းလဲရေး စီမံချက်တွင် အဓိကနေရာမှ ပါဝင်နေသည်။

မြန်မာ့ဝန်ထမ်းလောကအား ပြုပြင်ပြောင်းလဲရေးသည် လွယ်ကူလိမ့်မည်တော့ မဟုတ်ပေ။ လက်တွေ့ဖေါ်ဆောင်ရေး လုပ်ငန်းစီမံချက်သည် ရှည်လျားပြီး ခက်ခဲသော လုပ်ငန်းစဉ်ကြီး၏ ပထမခြေလှမ်းသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ အပြောင်းအလဲ ဖြစ်နိုင်သည် မှန်သော်လည်း အမှန်တကယ် ပြုပြင်ပြောင်းလဲရန်မှာ စိတ်ရှည်သည်းခံမှုနှင့် နိုင်ငံရေး ဆန္ဒ အမှန်တကယ်ရှိပါမှ အောင်မြင်နိုင်ပေမည်။

လုပ်ငန်းဖေါ်ဆောင်ရေး စီမံချက်ကို အချိန်နှင့် ခွန်အားများပေး၍ ရေးဆွဲပြုစုခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများ ကိုယ်တိုင် ၎င်းစီမံချက်တွင် ပါဝင်သော ကိုယ်ကျင့်တရား၊ မတူကွဲပြားမှုနှင့် အရည်အသွေး ဦးစားပေး အခြေခံမူကြီးများကို ဝန်ထမ်းလုပ်ငန်းအသီးသီးတွင် လက်တွေ့ကျင့်သုံးကြလျှင် အောင်မြင်မှုကို မြန်မာတို့ ဧကန်မုချ ရနိုင်ပါသည်။

မြန်မာ့ဝန်ထမ်းလောက ပြုပြင်ပြောင်းလဲရေးနှင့် အသွင်ပြောင်းရေးသည် လက်ရှိမြန်မာတို့ လုပ်ဆောင်နေသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အဓိကနေရာမှ ပါဝင်နေသည်။ မတူကွဲပြားမှု၊ ကိုယ်ကျင့်သိက္ခာနှင့် အားလုံးပါဝင်သော ဝန်ထမ်းလောက ပေါ်ပေါက်လာရေးသည် လက်ရှိမြန်မာတို့ ကြိုးပမ်းနေသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုတို့အတွက် အလွန်ပင် အရေးပါလျှက်ရှိသည်။ ကျွန်တော်တို့အားလုံးက ဝိုင်းဝန်းထောက်ခံထိုက်သော ကြိုးပမ်းမှုလည်း ဖြစ်ပေသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar