နိုင်ငံခြားဖြစ်အရက် တင်သွင်းခွင့် ရာစုနှစ်ဝက်ကျော် ပိတ်ထားဆဲတိုင်းပြည်

နှစ်ပေါင်း ၅၀ ကျော် အစိုးရအဆက်ဆက်က နိုင်ငံခြားဖြစ်အရက် တင်သွင်းခွင့်ပိတ်ပင်လာခဲ့တာဟာ မှောင်ခိုဈေးကွက်ကိုသာ အကျိုးဖြစ်ထွန်းစေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ရန်ကုန်မြို့ မြေနီကုန်း ဒဂုံစင်တာရှေ့နားမှာ Khin Aye လို့နာမည်ပေးထားတဲ့ မခင်အေးကုန်စုံဆိုင်ရှိပါတယ်။ အဲဒီဆိုင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်း၊ နိုင်ငံခြားဖြစ် အစားအသောက်၊ အလှကုန်၊ လူသုံးကုန်နဲ့ နိုင်ငံခြားဖြစ် အဖျော်ယမကာတွေကို ရောင်းချခဲ့တဲ့ဆိုင် ဖြစ်ပါတယ်။

ကုန်ပစ္စည်းတွေ အစစ်အမှန်ဖြစ်တာ၊ ဈေးနှုန်းမှန်ကန်တာကြောင့် ဖောက်သည်တွေကြားမှာ နာမည်ကောင်းရတဲ့ဆိုင်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံခြားဖြစ်အရက် ရောင်းချရာမှာပါ။ ဒါပေမဲ့ ထူးခြားတယ်လို့ပဲ ပြောရမလား၊ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကတော့ နိုင်ငံခြားဖြစ် အရက်ပုလင်းအားလုံးကို သူ့ဆိုင်က ကောင်တာတွေမှာ စီစီရီရီ ပြသခင်းကျင်းထားတာကနေ ချ၊ စက္ကူဘူးတွေထဲ ထည့်သိမ်းပြီး ဆိုင်ကနေဖယ်ရှားဖို့ လုပ်နေတာတွေ့ကြရပါတယ်။

ဒါနဲ့ ဆိုင်တာဝန်ရှိသူတွေကို မေးမြန်းကြည့်တော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉- ၃၀ ရက်များက အာဏာပိုင်တွေဟာ သူတို့လို အစိုးရဆီကနေ တရားဝင်လိုင်စင်ရယူပြီး နိုင်ငံခြားဖြစ်အရက် ရောင်းချတဲ့ဆိုင် Liquer House တွေနဲ့ စတိုးဆိုင်တွေကို ဆင့်ခေါ်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံခြားအရက်တွေကို တရားဝင် တင်သွင်းခွင့် ပြုမထားတဲ့အကြောင်း၊ ဒါကြောင့် ဘယ်ဆိုင်တွေမှာမဆို ရောင်းချတဲ့ နိုင်ငံခြားဖြစ် အရက်အားလုံးဟာ တရားဝင်တင်သွင်းထားတဲ့ အရက်ပုလင်းတွေ မဟုတ်တဲ့အကြောင်း၊ ဒါကြောင့် တရားမဝင် တင်သွင်းတဲ့အရက်တွေကို ရောင်းချခြင်း မပြုလုပ်ကြဖို့၊ ရောင်းချတာတွေ့ရှိရင် အရေးကြီးကုန်စည် အက်ဥပဒေနဲ့ အရေးယူခံရမှာဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြောဆိုတဲ့အကြောင်း၊ ဒါကြောင့် နိုင်ငံခြားအရက်တွေကို နှစ်ပေါင်းများစွာ ရောင်းချလာရာကနေ အခု အားလုံးဖယ်ရှားပြီး ရောင်းချခြင်းပြုတော့မှာ မဟုတ်ကြောင်း ရှင်းပြပါတယ်။

တကယ်တော့ ရန်ကုန်မြို့က တရားဝင်လိုင်စင်ရယူပြီး နိုင်ငံခြားဖြစ်အရက် ရောင်းတဲ့ဆိုင်တွေနဲ့ စတိုးဆိုင်ငယ်လေးတွေ ခုလိုသတိပေးခံရ၊ ဆိုင်ပေါ်ကနေ နိုင်ငံခြားဖြစ်အရက်တွေ ဖယ်ရှားကြတာမျိုးဟာ အခု ပထမအကြိမ် မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၄ နှစ်ဝန်းကျင်လောက်တုန်းကလည်း ရန်ကုန်မြို့က နာမည်ကြီး စီးတီးမတ်ကုမ္ပဏီဟာ သူ့ကုမ္ပဏီခွဲ တစ်ခုက တင်သွင်းသိုလှောင်ထားတဲ့ သောင်းနဲ့ချီရှိတဲ့ အရက်နဲ့ ဝိုင်ပုလင်းတွေ ဖမ်းဆီးသိမ်းဆည်းခံရ၊ ကုမ္ပဏီတာဝန်ရှိသူလည်း ဖမ်းဆီးခံရဆိုတဲ့ ပြဿနာ တစ်ခု ပေါ်ပေါက်ခဲ့ပါသေးတယ်။

အဲဒီအခြေအနေ မတိုင်ခင်တုန်းကတော့ ရန်ကုန်ကစီးတီးမတ်ဆိုင်တွေ၊ အိုးရှင်းကုန်တိုက်တွေ၊ ကက်ပီတယ်နဲ့ တခြားကုန်တိုက် အတော်များများမှာ နိုင်ငံခြားဖြစ်အရက်တွေ တင်ပြီးရောင်းချခဲ့ပါသေးတယ်။ ဒါကြောင့် ၂၀၁၄ မတိုင်ခင် အချိန်တုန်းကအထိ လူတွေဟာ ဂျော်နီဝေါ့ကာ Johnnie Walker အုပ်စုဝင်အရက်တွေ၊ ဂျက်ဒင်နီယယ် Jack Daniel’s အုပ်စုဝင် အရက်တွေ၊ ချီဗတ်စ် Chivas Regal, ဂျင်ဘင်း Jim beam, ဝိုင်းတာ့ဂီ Wild Turkey, ဂလင်န်ဖစ်ဒစ်ရှ် Glenfiddich, မိတ်ကာစ် မတ်ခ် Maker’s Mark, ဒင်ပယ် Dimple, ဗော့ကာ Vodka နဲ့ အရက်မျိုးစုံကို အဲဒီကုန်တိုက်တွေမှာ ဝယ်ယူနိုင်ခဲ့ပါတယ်။

စီးတီးမတ်ကုမ္ပဏီရဲ့ အဲလိုအရက်နဲ့ ဝိုင်ပုလင်း မြောက်မြားစွာ ဖမ်းဆီးခံရပြီးနောက်ပိုင်း၊ တရားဝင် ရောင်းချခွင့်မရှိတဲ့ နိုင်ငံခြားဖြစ်အရက်အားလုံး ကုန်တိုက်အားလုံးလိုလိုလောက်ကနေ ဖယ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားဖြစ်အရက်ဆိုင်တွေနဲ့ စတိုးဆိုင်လေးတွေမှာ ဆက်ရောင်းချနေကြသေးတာမို့ နိုင်ငံခြားဖြစ်အရက် ပြတ်လတ်တာမျိုးတော့ မဖြစ်ခဲ့ပါဘူး။

တကယ့်ဇာတ်လမ်းအစစ်က ဒီလိုပါ။ ၁၉၆၂ မှာ စစ်အာဏာသိမ်းပြီးတက်လာတဲ့ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရဟာ သူ့လက်ထက်မှာ ဆိုရှယ်လစ်စီးပွားရေးစနစ် ကျင့်သုံးပါတယ်။ သွင်းကုန်မှန်သမျှ ပိတ်ပင်ထားလို့ ပြည်တွင်းကို အားလုံးမှောင်ခိုတင်သွင်း သုံးစွဲခဲ့ရပြီး အရက်၊ ဘီယာနဲ့ ဝိုင်တွေဟာ အဲဒီစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကာလ စက်တင်ဘာ ၁၈ မှာ အာဏာသိမ်းတက်လာတဲ့ စစ်အစိုးရဟာ နောက်ပိုင်းမှာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးပါတယ်။ အဲဒီမှာ အမျိုးအမည် ၁၁ အုပ်စုကလွဲပြီး ကျန်တာတွေကို သွင်းကုန်အနေနဲ့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ကန့်သတ်ထားဆဲ ကုန်စည်အုပ်စု ၁၁ ခုမှာ အရက်၊ ဘီယာ၊ ဝိုင် ပါနေဆဲပါ။ နောက်ပိုင်း စစ်အစိုးရကရော ၂၀၁၁ မှာ တက်လာတဲ့ ဦးသိန်းစိန်အစိုးရကပါ ဖြေလျှော့ပေးလိုက်တော့ သွင်းကုန်ကန့်သတ်မှုမှာ အုပ်စု နှစ်ခုလောက်ပဲ ကျန်ရစ်ပါတယ်။

အဲဒါတွေကတော့ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေနဲ့ အရက်၊ ဘီယာ၊ ဝိုင်တွေပဲ ဖြစ်ပါတယ်။ ဒါလည်း နောက်ဆုံး နိုင်ငံခြားကုမ္ပဏီတွေကို ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံပြီး ဘီယာထုတ်လုပ်ခွင့် ပြုလိုက်တာ၊ ဝိုင်ကို တင်သွင်းခွင့်ပေးလိုက်တာ စသဖြင့် ဖြေလျှော့ပေးလိုက်တော့ ပြည်တွင်းကို တင်သွင်းခွင့်မပေးတာဆိုလို့ နိုင်ငံခြားဖြစ်အရက်တွေသာ ကျန်ပါတော့တယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားအရက် တင်သွင်းခွင့်ကို လုံဝဝပိတ်ပင်ထားသလားဆိုတော့ အဲဒါလည်း မဟုတ်သေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။ အစိုးရဟာ လေဆိပ်တွေမှာဖွင့်ထားတဲ့ အခွန်ကင်းလွတ်ခွင့်ရ Duty Free ဆိုင်တွေနဲ့ နိုင်ငံခြားသားတွေ တည်းခိုခွင့်ရှိတဲ့ ဟိုတယ်တွေရဲ့ တစ်မိုးအောက်ထဲမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေအတွက်တော့ နိုင်ငံခြားအရက် တင်သွင်းခွင့် ပြုထားပါတယ်။ အဲဒီဆိုင်ပိုင်ရှင်တွေဟာ သူတို့အသုံးပြုမယ့် နိုင်ငံခြားအရက်အမျိုးအစားနဲ့ အရေအတွက်ကို စီးပွားကူးသန်းဝန်ကြီးဌာနဆီမှာ သွင်းကုန်လျှောက်ထားပြီး တင်သွင်းခွင့် ရနေကြပါတယ်။ ဒါတွေဟာ သူတို့ဆိုင်တွေမှာ ရောင်းချဖို့အတွက် သက်သက်ပဲဖြစ်ပြီး ထပ်ဆင့်ပြန်ရောင်းချခွင့် ပေးမထားပါဘူး။

ဒါပေမဲ့ ပြဿနာက ပြည်ထဲရေးဝန်ကြီးဌာနဟာ နိုင်ငံအနှံ့က စားသောက်ဆိုင်တွေနဲ့ လစ်ကာဆိုင်တွေ၊ စတိုးဆိုင်တွေကို  လိုင်စင်ကြေး ကျပ် ၁၅ သိန်းပေးရတဲ့ FL 12  နဲ့ ကျပ် ၂၄ သိန်းပေးဆောင်ရတဲ့ FL 17 လိုင်စင်တွေ ချထားပေးခြင်းပါပဲ။ အဲဒီအထဲက လစ်ကာဆိုင်ဖွင့်လို့ရတဲ့ FL 12 လိုင်စင်ပေးထားသူဟာ ရန်ကုန်တိုင်းအတွင်းထဲမှာပဲ ၂,၀၀၀ ကျော်၊ တနိုင်ငံလုံးဆိုရင် ၄၀,၀၀၀ ကျော် ရှိနေတာပါ။

ကျန် FL 17 ဆိုတာကတော့ စားသောက်ဆိုင်တွေကိုပေးတဲ့ လိုင်စင်ဖြစ်ပြီး ဒီထက်အရေအတွက် ပိုများပါတယ်။ ခက်တာက ဥပဒေအရ အဲဒီဆိုင်ပေါင်းမြောက်မြားစွာကို နိုင်ငံခြားအရက် ရောင်းချခွင့်လိုင်စင် ချထားပေးပေမဲ့ နိုင်ငံခြားအရက်ကို တရားဝင်တင်သွင်းခွင့် ပေးမထားလေတော့ တရားဝင်သာဆိုရင် ရောင်းစရာမရှိ၊ အဓိပ္ပာယ်မဲ့နေတဲ့အနေအထား ရောက်နေတာ တွေ့နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခုဆိုရင် အာဏာပိုင်တွေဟာ အကြောင်းပြချက် တစ်မျိုးမကပြောပြီး နိုင်ငံခြားဖြစ်အရက် ရောင်းချနေတာကို ပိတ်ပင်ဖို့ လုပ်လာနေပါတယ်။ အောက်တိုဘာ ၃ ရက်အထိ စုံစမ်းလို့ရသမျှ Liquer House အများစုဟာ သူတို့ဆိုင်မှာ ခင်းကျင်းထားတဲ့ နိုင်ငံခြားဖြစ် အရက်ပုလင်းတွေကို ဖယ်ရှားရှင်းလင်းထားပြီး ဖြစ်ပေမဲ့ ဝယ်သူဖောက်သည်တွေလာရင် တနေရာရာကနေယူပြီး ရောင်းပေးတာ၊ ကြိုတင်မှာထားရင် ရောင်းပေးတာစသဖြင့် တရားမဝင် မှောင်ခိုရောင်းဝယ်ရေးပုံသဏ္ဍာန် ခိုးကြောင်ခိုးဝှက် လုပ်နေကြရတာကို တွေ့ရပါတယ်။

ဒီအတွက် မြန်မာနိုင်ငံထဲက နိုင်ငံခြားအရက် ရောင်းချတဲ့ဆိုင်တွေကရော ဝယ်ယူသောက်သုံးသူတွေကပါ ဥပဒေချိုးဖောက်သလို ဖြစ်နေပါတယ်။ အဲဒီအထဲမှာ ဝန်ကြီးတွေ၊ တပ်မတော် အရာရှိကြီးတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေ ပေါ်လစီချမှတ်တဲ့ နိုင်ငံရေးသမားတွေ အားလုံးလိုလိုလောက် ပါဝင်နေတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

မြန်မာနိုင်ငံဟာ အစ္စလာမ်နိုင်ငံ မဟုတ်ပါဘဲ ဘာကြောင့် နိုင်ငံခြားဖြစ်အရက် တင်သွင်းခွင့်ကို ရာစုနှစ် တစ်ဝကျာ်ထိ ပိတ်ပင်ထားရသလဲ မြန်မာနိုင်ငံသားတွေကိုယ်တိုင် နားမလည်နိုင်ကြပါဘူး။ ဘာသာရေးကြောင့်ဆိုရင်တော့ ပြည်တွင်းမှာ ဖောဖောသီသီထုတ်နေတဲ့ ပြည်တွင်းဖြစ်အရက်တွေကိုပါ ကန့်သတ်သင့်တာ မဟုတ်ပါလား။

ဘယ်လိုပဲဖြစ်ဖြစ် တတိုင်းပြည်လုံးကလူတွေကို ဥပဒေအပြင်ဘက်၊ မှောင်ခိုရောင်းဝယ်၊ စားသုံးသူတွေ ဘဝရောက်အောင် တွန်းပို့သလိုဖြစ်နေတဲ့ နိုင်ငံခြားဖြစ်အရက် တင်သွင်းခွင့် ပိတ်ပင်ထားတာကို ဥပဒေနဲ့အညီ တင်သွင်းခွင့်ပြုသင့်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.