နေပြည်တော်၊ ဇန်နဝါရီ ၉
မြန်မာနှင့် အိန္ဒိယနယ်စပ်၌ နယ်စပ်ခြံစည်းရိုးကာရံရာတွင် နယ်စပ်ဒေသနေ ပြည်သူများအား ကန့်သတ်မှု မဖြစ်ပေါ်စေရန် ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနှင့် အိန္ဒိယနယ်နိမိတ် မှတ်တိုင် ဘီပီ-၁၄၅ နှင့် ဘီပီ-၁၄၆ အကြားတွင် မြန်မာဘက်မှ ခြံစည်းရိုးကာရန် စီစဉ်ထားမှုနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှ နာဂအဖွဲ့အစည်းများက ကန့်ကွက်မှုများရှိနေသည်။ ခြံစည်းရိုးကြောင့် အဆိုပါဒေသတွင်နေထိုင်ကြသည့် နာဂတိုင်းရင်းသားများအကြား တစ်စုတစ်ဝေးတည်းရှိစေသည့် ခံစားချက်ကို ပျောက်ကွက်သွားစေနိုင်သည်ဟု ၎င်းတို့က ပြောကြားနေကြသည်။
“မြန်မာနဲ့ အိန္ဒိယကြားက စိတ်ကူးယဉ် နယ်စပ်ခြံစည်းရိုးကို နာဂတွေက လက်မခံနိုင်ပါဘူး” ဟု နာဂလန်းဒေသရှိ လူမျိုးစုအဖွဲ့အစည်းများ၏ ဦးဆောင်အဖွဲ့ဖြစ်သည့် Naga Hoho က ပြောကြားကြောင်း The Asian Age ဝက်ဘ်ဆိုက်သတင်းတွင် ရေးသားထားသည်။
“၁၉၅၃ ခုနှစ်မှာ လေကြောင်းကနေ တိုင်းတာပြီး ဦးနုနဲ့နေရူးတို့အကြား နှစ်ဖက်သဘောတူညီမှုနဲ့ နာဂဒေသ စိတ်ပိုင်းခံခဲ့ရတယ်ဆိုတဲ့အချက်က ငြင်းပယ်လို့မရပါဘူး။ ဒီသဘောတူညီချက်ကို နာဂတွေက ဘယ်တုန်းကမှ လက်မခံခဲ့ပါဘူး” ဟု ၎င်းတို့က ပြောကြားသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ နယ်နိမိတ်မျဉ်းအနီး နေထိုင်သည့် နှစ်ဖက်ဒေသနေ ပြည်သူများ၏ ထုံးထမ်းစဉ်လာနှင့်အညီ တရားဝင်နည်းလမ်းဖြင့် နယ်နိမိတ်အား ပုံမှန် ဝင်/ထွက်သွားလာမှုကို ကန့်သတ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း မဟုတ်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံဘက်မှ ဒေသအာဏာပိုင်များအနေဖြင့် နယ်စပ်စီမံခန့်ခွဲမှုကို ဆောင်ရွက်ရာတွင် ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်သာ ဖြစ်သည်ဟုဆိုသည်။
မြန်မာဘက်အနေဖြင့် ခြံစည်းရိုးကို နယ်နိမိတ်မျဉ်းမှ ၁၀ မီတာအကွာ အဆောက်အအုံများ မဆောက်လုပ်ရန် တားမြစ်ထားသည့် ၁၀ မီတာပြင်ပ မြန်မာပိုင်နယ်မြေအတွင်း ဆောင်ရွက်မည်ဖြစ်ကာ နယ်စပ်နေပြည်သူများ အဆင်ပြေစေရန် လိုအပ်သည့်နေရာများတွင် ဝင်/ထွက်သည့် အပေါက်များ၊ တံခါးများ စီစဉ်ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။